ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

“၀ိသာခါကျောင်းအမ(၅)”

“၀ိသာခါကျောင်းအမ(၅)”

 

“ကဿပဘုရားရှင် လက်ထက်တော်အခါတုန်းက နှစ်နှစ်သောင်းတိုင်း အပျိုစင်အဖြစ်နဲ့ကောမာရိက ဗြဟ္မစရိယ အကျင့်မြတ်ကို ကျင့်ခဲ့တဲ့ ဝိသာခါကျောင်းအမဟာ ဂေါတမဘုရားရှင်လက်ထက်ကျတော့ (၁၆)နှစ် သမီးမှာ အိမ်ထောင် ကျပြီး မွေးလိုက်တဲ့ကလေး (၂၀)တောင်ရှိတယ်၊ ဘုရားနှစ်ဆူဟာ ကပ်လျှက်ရှေးဆင့် နောက်ဆင့် ပွင့်တာနော်” လို့ ပြောတော့---

 

       “အရှင်ဘုရား၊ အတိုးချပြီး ယူတာနေမှာပေါ့ဘုရား” တဲ့-ဗိုလ်မှုးတင့်နိုင်(ငြိမ်း)က ရယ်စရာ မှတ်ချက်ပေး သည်။


   “အင်း အဲလို ဆိုရမလို ဖြစ်နေတာပေါ့၊ဒါပေမယ့် ပုထုဇဉ်ရဲ့စိတ်ခံစားချက်က တသမတ်ထဲ မရှိတတ်တဲ့ သဘာဝမို့ လို့ပါ” ဟု ပြန်ပြောရသည်။
တချို့စိတ်ခံစားချက်တွေက အတော်နားလည်းရခက်၏။အင်္ဂုလိမာလ ဒီဘဝမှာ ရဟန္တာဖြစ်မည်သူ၊ ဒါပေမယ့် အမေရင်းကိုဓားဖြင့် လိုက်သတ်သည်။

   ပဋာစာရီလည်း အလားတူ ရဟန္တာမကြီး ဖြစ်တော့မှာ၊ သူမကလည်း အိမ်မှာခိုင်းစေထား သူနှင့် လိုက်ပြေး၏။ ရောက်လိုက်ရသည့် ဒုက္ခတွေ၊အရှုးမကြီးကို ဖြစ်လို့။ ရဟန္တာဖြစ်ကြမည့် နောက်ဆုံးဘဝဖြစ်သူတွေ။ ဒါကြောင့် စိတ်ဆိုတာ နားလည်းရ ခက်တယ်လို့ ပြောရတာ။


   “အရှင်ဘုရား၊ တပည့်တော်မဖြင့် နှစ်ယောက်တောင် မနဲမွေးယူရတယ်၊မသက်သာဘူးလို့”ဟု ဒကာမကြီး ဒေါ်ထွေးရီ၏သမီးချွေးမ ဖြူဖြူသိန်းက လျှောက်လို့”နင်မသက်သာတာ၊ ကလေးမွေးရတာ ပိုက်ဆံကုန်လို့မို့လား” ဟု မေးတော့-ရယ်နေသည်။


   အမျိုးသမီးများသည် (၁) သားသမီးမွေးဖွားခြင်း၊ (၂) လက်ဝတ်တန်ဆာဆင်ယင်ခြင်း၊ (၃) ခင်ပွန်းနှင့် အတူနေခြင်း၊ ဤသုံးမျိုး၌ တင်တိမ် ရောင်ရဲခြင်းမရှိကြောင်းကို ပိဋကတ်တော်မှာ ဗုဒ္ဓမိန့်တော်မူကြောင်းကို ပြောပြရ၏။


   “ဝိသာခါကျောင်းအမ” အကြောင်းရေးနေခိုက် ကျောင်းရောက်လာသူများနှင့် စပ်မိစပ်ရာ ပြောဖြစ်ခြင်း ဖြစ်၏။


   သဲသဲမဲမဲ ရွာနေသော မိုးရေမိုးပေါက်တွေအောက်မှာ အခြားအဖေါ်အမျိုးသမီးများက အမိုးအကာ အောက်ရောက်ဖို့ပြေးပြေးလွှားလွှား ဖြစ်နေသည်ကိုလည်းကောင်း၊ ကျောင်းအမလောင်းလျာကတော့ မိုးရွာထဲ မှာဘဲ ဣနြေ္ဒရရ အေးဆေး တည်ငြိမ်စွာဖြင့် လျှောက်လာနေ သည်ကိုလည်းကောင်း ပုဏ္ဏားများ မြင်ကြသည်။


   ပြေးလာသောအမျိုးသမီး ငါးရာတို့သည် မိန်းမလှတို့၏ ကောင်းခြင်းငါးဖြာနှင့်မပြည့်စုံကြပေမယ့် မိုးရေမိုးပေါက်တွေ အောက်မှာ လျှောက်လှမ်း လာသူ အမျိုးသမီးမှာ ဆံပင် အသား အရေ အရွယ်ဆိုသော ကောင်းခြင်းလေးမျိုးက ထင်ထင် ရှားရှားပေါ်လွင်နေတာကို သတိပြုမိကြ၏။

   သွား၏ကောင်းခြင်းကို မြင်နိုင်ဖို့ရန် အချင်းချင်းဤသို့ စောင်းချိတ်လျှက် “ငါတို့ သမီးကတော့ အပျင်းမလေး ထင်ရဲ့၊ သူ့ယောကျာ်းထံက တစ်ပြားတစ်ချပ်မျှ ရခဲ့ဟန်မတူ” ပြောဆိုကြကုန်၏။


    ကျောင်းအမလောင်းက “ဘဘတို့က ဘယ်သူ့ကို ပြောကြတာလဲ” ၊သမီးကို ပြောကြတာလား? ဆိုတော့- “ဟုတ်တယ် သမီး” တဲ့။
ဘာလို့ အဲလို ပြောကြရတာလဲ?


    “သမီးရဲ့ အခြွေအရန်တွေက အဝတ်အစားတွေ မိုးမစိုအောင် ပြေးကြပေမယ့် သမီးက အဖွားအိုးလေး ကျနေတာဘဲဘာလို့ မပြေးရတာလဲ” ?၊ ဘာလို့ အဝတ်အစားတွေကို ရေစိုခံရတာလဲ? သမီးက ပြေးနိုင်တဲ့ ခွန်အားမရှိလို့လား” ?


   “ ဘဘတို့ အဲလို မပြောကြပါနဲ့၊ သူတို့ထက်တောင် သမီးက ပြေးနိုင်တဲ့ခွန်အားကြီးမား ပါသေးတယ်၊ သမီးမှာ အဝတ်တွေမှ တစ်ပုံကြီးရှိတယ်”
“ဒါဆို သမီးက ဘာလို့ မပြေးရတာလဲ” ?


“ သမီးမှာ ခိုင်လုံတဲ့အကြောင်းရှိလို့ မပြေးတာပေါ့ ဘဘတို့ရဲ့”


“ကဲ ဘဘတို့ကို ပြောပြပါဦး၊ မပြေးရခြင်း အကြောင်းကို”


“ လေးယောက်သောပုဂ္ဂိုလ်တွေဟာ ပြေးရင် မတင့်တယ်ဘူး ဘဘတို့ရဲ့”


“ သမီးက အဆန်းပါလား၊ ကဲပြောပါဦး အဲဒီလေးယောက်က ဘယ်သူတွေလဲ?


“ဘိသိက်ခံ ရှင်ဘုရင်ဆိုပါတော့ မင်းမြောက်တန်ဆာငါးပါးဆင်ထားရင် ပြေးပြေးလွှာလွှားဆို ဘယ်တင့်တယ် မှာလဲ၊ လူတွေကလည်း ရင်ဘုရင်ကလဲကွာ ငါ့တို့လို ပြေးတာဘဲဆိုပြီး ကဲ့ရဲ့ကြမှာ၊ ဒါကြောင့် ရှင်ဘုရင်ဆိုတာ မင်းဣနြေ္ဒနဲ့ဖြေး ဖြေးလေးလေးကြွပါမှ တင့်တယ်တယ်။


  ကကြိုးတန်ဆာ ဆင်ထားတဲ့ မင်းရဲ့မင်္ဂလာဆင်တော်လည်း ဖြေးဖြေးညှင်းညှင်း သွားမှ ကြည့်ကောင်း တာ၊ မုန်ယစ် ဆင်လို ပြေးလွှားနေရင် ဘယ်လိုလုပ် တင့်တယ်မှာလဲ?


   ရဟန်းဆိုတာလည်း လူသာမန်တွေလို ပြေးရင် “ဘုန်းကြီးဖြစ်နေပြီ လူတွေလို ပြေးရတယ်လို့၊ ဣနြေ္ဂမရလိုက်တာကွာလို့”  ကဲ့ရဲ့မယ်၊ ဒါကြောင့် ရဟန်းဆိုတာ ငြိမ်သက်တည်ငြိမ်အေးဆေးစွာနဲ့ကြွမှ ကြည်ညိုဖွယ်ဆောင်တယ်။


   သတိုးသမီးများလဲ အဲလိုဘဲပေါ့ ပြေးပြေးလွှားလအားဆိုရင် “ယောကျာ်းကြီး ကျနေတာဘဲလို့၊ ကဲ့ရဲကြမှာပေါ့၊ဘဘတို့ရဲ့” ဟု ပြောပြသည်။


   “ဒါတင်ဘဲလား သမီးဆိုတော့”  “ဒါတွင် ဘယ်ကမလဲ ဘဘတို့ရဲ့၊အပျိုအရွယ် မိန်းကလေးဆိုတာ ရောင်းကုန်လိုဘဲ၊ လင်ယောကျာ်းအိမ် လိုက်ကြရမှာ၊ မိဘက အင်္ဂါခြေလက် ပြည်ပြည့်စုံစုံ မွေးပေးလိုက်ရက်နဲ့၊ ပြေးလို့လုံချည်အနား နင်းမိပြီး လဲကျသွား၍ မတော်တဆ လက်ခြေကျိုးပဲ့ သွားရင် မိဘတို့တာဝန်ဘဲ ဖြစ်မှာ၊ အင်္ဂါခြေလက်ချို့တဲ့သည့်အမျိုးသမီးသည် မည်သို့ပင်လှပနေစေဦး ယောကျာ်းတကာတို့ မနှစ်မျို့ကြပါ၊ အဝတ် ရေစိုတာ နေလှမ်းလိုက်ရင် ချောက်ပါတယ်၊ ဒါကြောင့်သမီးက သူတို့လို မပြေးတာလို့” ကျောင်းအမ လောင်းလျာက ရှင်းပြ၏။


   အဲလို ခြေခြေငံငံရှင်းပြသည့် စကားနှင့်အသံဟာ စွဲဆောင်မှုရှိရုံမျှမက ဆွဲလဲသံလို သာယာပြီး အတော်နားဝင်ချိုလှ၍ ကျောင်းအမသည် အသံလည်းသာ၊ မနောလည်းဖြူ၊ ဥစ္စာလည်းပေါ၊ ရုပ်လည်းချော ဖြစ်၍ အဆင်း ရောအချင်းပါ ပြည့်စုံဖြစ် သူဖြစ်ကြောင်းကို သိရ၏။ လောကတွင် အဆင်းရောအချင်းပါ ပြည့်စုံသူ အတော်ရှားပါသည်။


   ပုဏ္ဏားများစိတ်ထဲမှာလည်း“ဤဇမ္ဗုဒိပ်တစ်ကျွန်းလုံးမှာ ဤသတိုးသမီးနှင့်တူသော အမျိုးကောင်း သမီးဆိုတာ မရှိနိုင်၊ ရုပ်ရည်အဆင်း တင့်တယ်ခြင်း၊ အကြောင်းအကျိုးကို ခွဲခြားဝေဘန်၍ နားဝင်ချိုအောင် ပြောဆိုတတ်ခြင်း၊ အရည်အချင်း၊ အဆင်းအသံ နှစ်တန်ပြည့်စုံသူ ဖြစ်တာဘဲဆိုတာကို” တွေးမိကြသည်။


   ဝိသာခါကျောင်းအမ၏ မိမိကိုယ်ကို အလှမပျက်အောင် အလေးထားထိမ်းသိမ်းခြင်းကို ခေတ်သစ် သမီးပျိုတို့ မှတ်သားသင့်၏။ ကျောင်းအမက အမျိုးသမီးဆိုတာ ရောက်ကုန်နှင့်တူသတဲ့။ ဗုဒ္ဓကတော့ “ဣတ္ထိရူပံ ဓနံ-အမျိုးသမီးများ ရုပ်ရေအဆင်း လှပခြင်းဟာ သူမရဲ့တန်ဖိုး” တဲ့။


   ဤသို့ အပြန်အလှန် စကားပြောရင်းဖြင့် ကျောင်းအမ၏ လှပညီညာသော သွားအလှကို မြင်တွေ့ကြပြီး “ဒီလောက်လှတဲ့သွား တစ်ခါမှမတွေ့ဘူးလို့” အချင်းချင်း ပြောဆိုကြပြီး “သမီးရှင်းပြတာ အလွန်ကောင်း လှပါတယ်၊ ဒီတစ်သိန်းတန်တဲ့ရွှေပန်းကုံးကို တန်ဆာဆင်ရန် လက်ဆောင်အဖြစ်ပေးခဲ့ပါရစေ” ဟု ပြောကာ ပေးကြသည်။


   ရွှေပန်းကုံးပေးခြင်းသည် ယနေ့ခေတ်ကဲ့သို ကြောင်းလှမ်းအောင်ဆိုခြင်း၊ စေ့စပ်လက်စွပ်လဲ လှယ်ခြင်းတို့နှင့် အလားတူဖြစ်ပုံရသည်။ ထို့ကြောင့် ဝိသာခါကျောင်းအမက-“ဘယ်မြို့က လာကြတာလဲ?၊ ဘယ်သူရဲ့ သားလဲ?၊သူဋ္ဌေးရဲ့အမည် ဘယ်လိုခေါ်ပါလဲ?လို့ ကျောင်းအမလောင်းလျာက မေးရာ-


   “သာဝတ္ထိမြို့မှလာပါတယ်သမီး၊ မိဂါရသူဋ္ဌေးလို့ခေါ်ပါတယ်၊ သားအမည်ကတော့ ပုဏ္ဏဝဍ္ဎုန သတိုးသားပါလို့” ပုဏ္ဏားများက ဖြေဆိုကြသည်။


  “သမီးတို့နဲ့ မျိုးနွယ်တူဘဲ” ဆိုကာ တစ်သိန်းတန်တဲ့ရွှေပန်းကုံးကို လက်ခံပြီး၊ အဖေဖြစ်သူ ဓနဉ္ဇယ သူဋ္ဌေးထံ ရထား လွတ်ပေးဖို့ မှာလိုက်ပါတော့သည်။


   “ကျောင်းအမကလဲ နဲနဲပါးပါးတောင် ဟန်လုပ်ပြီးမမူဘူး၊ တန်ပြီးလက်ခံလိုက်တာဘဲ” ဟု မစီမဆိုင် တွေးဖြစ်သေး၏။


   ထိုခေတ် မိန်းမလိုချင်သူ ကာလသားများသည် အောင်းသွယ်ဖြင့် ကြောင်းလှမ်းခြင်း၊ ပန်းကုံးစွပ်ခံခြင်း၊ အဖိုတန်လက်ဝက်ရတနာ လက်ဆောင်ပေးခြင်း၊ ပဋာစာရီလို အထုတ်ကလေးပိုက်လို့ ခိုးပြေးခြင်းတို့ ဖြစ်ဟန် တူသည်။ လျှောက်ပြန်သံပေး ခြေအေးဝမ်းယောင်တွေ ရှိဟန်မတူ။


    အလာတုန်းက ခြေလျှင်အဖေါ်များနှင့်အတူ လာခဲ့သော ကျောင်းအမသည် အပြန်တွင် ရထားဖြင့် နေအိမ်သို့ ပုဏ္ဏားကိုခေါ်ကာ ပြန်ခဲ့ရသည်။


    ထိုခေတ်ဓလေ့အရ ပန်းကုံးစွပ်ခံ၍ ပိုင်ရှင်သတ်မှတ်ခံရပြီးသော အမျိုးသမီးများသည် လွတ်လပ်သူများ မဟုတ်ကြတော့သဖြင့် လွတ်လွတ်လပ်လပ် သွားလာခွင့်မရကြတော့ကုန်၊ တတ်နိုင်သူများက ရထားဖြင့် လည်းကောင်း၊ သာမန်အမျိုး သမီးများက အခြားစီးစရာ ယာဉ်တစ်မျိုးမျိုးဖြင့်လည်းကောင်း သွးလာကြရ တော့၏။ ယာဉ်မတပ်နိုင်သူများက ထီးတို့၊ ထန်းရွက်တို့ကို ဆောင်း၍လည်းကောင်း၊ သို့မဟုတ်ပါက အဝတ်စကို ခေါင်းပေါ်တွင်တင်၍ ပုခုံးပေါ်အမြိတ်ချလျှက် သွားရကြပါသည်။ ထို့ကြောင့် ကျောင်းအမ လောင်းလျာသည် ရထားဖြင့် ပြန်ခဲ့ရခြင်း ဖြစ်၏။


    အင်္ဂုတ္တိုရ်အဋ္ဌကထာမှာတော့“ ငါဟာ ယခု လွတ်လပ်သူ မဟုတ်တော့၊ပိုင်ရှင်ရှိသူ ဖြစ်သွားပြီ” ဟု တွေးကာ ကျောင်းအမလောင်းလျာသည် မြေကြီးပေါ်၌ ထိုင်ချလိုက်၏။ အခြံအရံများက ကာလန့်ကာဖြင့် ဖုံးလွှမ်း ပေးကြ၏။ နေအိမ်သို့ ကန့် လန့်ကာ ခြုံလျှက် အြွေခအရံများနှင့်အတူ ခြေလျှင် ပြန်ခဲ့သည်ကို ပြဆိုသည်။


 နေအိမ်သို့ သမီးနှင့်အတူရောက်လာကြသော ပုဏ္ဏားများကို ဓနဉ္စယသူဋ္ဌေးက“ ဘယ်ဒေသမှ လာခဲ့ကြပါလဲ?ဟု မေးရာ-“သာဝတ္ထိမြို့မှ လာခဲ့ကြောင်း”


“သူဋ္ဌေးရဲ့အမည်ကရော”
“မိဂါရသူဋ္ဌေးပါ”
“သူဋ္ဌေးသား အမည်ကရော”
“ပုဏ္ဏဝဍ္ဎုနပါ”
“ဘယ်လောက် ကြွယ်ဝချမ်းသာပါတုန်း”
“ကုဋေလေးဆယ် ချမ်းသာပါတယ်လို့” ဟု ဖြေကြသည်။


“အင်း ငါတို့ ချမ်းသာတာနဲ့ နှိုင်းယှဉ်ရင်တော့ အသေအမွှား မပြောပလောက်ပါဘူး၊ ဒါပေမယ့် အမျိုးဇာတ်တူတယ်၊ အားလုံးပြည့်စုံဖို့ဆိုတာကတော့ လောကမှာရခဲနိုင်၏”ဟု တွေးကာ ဓနဉ္စယ သူဋ္ဌေးကြီးက “သမီးအတွက် စောင့်ရှောက်မယ့်ယောကျာ်းရပြီးဘဲ အခြားဘာမှမလိုပါဘူး၊ ပုဏ္ဏားတော်ကြီးများရဲ့ သူဋ္ဌေးကို ပြောလိုက်ပါ လက်ခံပါတယ်လို့”ဆိုကာ ပုဏ္ဏားများကို နှစ်ရက်သုံးရက် နေအိမ်မှာ အနားယူစေပြီးမှ ပြန်လွှတ်လိုက်၏။


   “ရွှေ ရွှေချင်းထပ်၊ ဂုဏ် ဂုဏ်ချင်းထပ် မြတ်ဆိုပေမယ့်” စည်းစိမ်နှင့်ဂုဏ်ထက် မျိုးနွယ်တူသူကို အလေး ထားပြီး သမီးအတွက် ဓနဉ္စယသူဋ္ဌေး စဉ်းစားပေးခြင်းကလည်း မှတ်သားဖွယ်ရာ။


   ပိုက်ဆံရှိပြီးရော၊ ရာထူးရှိပြီးတာဘဲဆိုကာ လက်ဆက်ပေးပြီး နောင်တွင် စိတ်ချမ်းမြေ့ဖွယ် မကောင်းသည့်အိမ်ထောင်ရေးတွေ၊ သမီးမျက်ရည်နှင့် ဒူးသုပ်နေရသည့်အိမ် ထောင်ရေးတွေ၊ တည်ပြီးပြိမို့ လင်းတ နားတာကို မသက်မသာကြည့်နေရသော မိဘမောင်ဘွားတွေအဖို့ ဆေးမင်ရည် စုတ်မထိုးခင် စဉ်းစားသင့်၏။


   ပုဏ္ဏားတို့သည် သာဝတ္ထိမြို့သို့ ရောက်လျှင်ရောက်ခြင်း မိဂါရသူဋ္ဌေးကို သတိုးသမီးရခဲ့ကြောင့်၊ ဆွေကြီးမျိုးကြီး ဓနဉ္စယသူဋ္ဌေးကြီး၏ သမီးဖြစ်ကြောင်းကို ပြောဆိုကြကုန်၏။


   မိဂါရသူဋ္ဌေးကလည်း “ဟာ တကယ့်ဆွေကြီးမျိုးကြီးဘဲ အမြန်ဆောင်ယူမှ သင့်တော်မယ်” ဟု ကြံပြီး သတိုးသမီးကို ဆောင်ယူမည်ဖြစ်ကြောင်း သတင်းစကားကို ဓနဉ္စယသူဋ္ဌေးကြီးထံ ပါးလိုက်တော့သည်။


  မိမိတို့ဘက်က မည်သည့်ပြဿနာမှ မရှိကြောင့် အဲဒီက ဆောင်ရွက်ဖွယ်ကိစ္စများ အသင့်ဖြစ်ပါက လာရောက်ဆောင် ယူနိုင်ပါကြောင်းကို မိဂါရသူဋ္ဌေးထံ အကြောင်းပြန်လိုက်၏။


   မိဂါရသူဋ္ဌေးသည် ကောသလမင်းကြီးထံ သွား၍ “မင်းတရား၊ မင်းတရား၏ကျွန် ပုဏ္ဏဝဍ္ဎုနကို ဓနဉ္စယ သူဋ္ဌေးကြီး၏ သမီးဝိသာခါနဲ့ မင်္ဂလာ ဆောင်ပါမည်၊ သာကေတမြို့သို့ သွားခွင့်ပြုရန် သံတော်ဦး တင်ပါသည်ဘုရား”ဟု ခွင့်တောင်းရာ-


   ကောသလမင်းကြီးက“အဲဒီ ဆွေကြီးမျိုးကြီး သူဋ္ဌေးကြီးကို ငါကိုယ်တော်မြတ်ကိုယ်တိုင် ဗိမ္ဗိသာရ မင်းကြီးထံက တောင်းလာခဲ့ပြီး သာကေတမြို့ကို ပိုင်စားပေးနေထိုင်စေခဲ့တာ၊ သူဋ္ဌေးကြီးကျေနပ်စေရန် ကိုယ်တော်မြတ် လည်း လိုက်တော်မူမယ်လို့” မိန့်တော်မူသည်။


   “ကောင်းလှပါပြီး မင်းတရား” ဟု သံတော်ဦးတင်ကာ ဓနဉ္စယသူဋ္ဌေးကြီးထံသို့ ကောသလမင်းကြီးပါ လိုက်ပါမည် ဖြစ်ကြောင်း၊ စစ်သည်ဗိုလ်ပါ မြောက်များစွာ ပါရှိနိုင်ကြောင်း၊ ဧည့်ခံကျွေးမွေးရန် တတ်နိုင် မတတ်နိုင် အကြောင်းကြားရာဓနဉ္စယသူဋ္ဌေးကြီးက ရှင်ဘုရင်တစ်ပါးမက ဆယ်ပါးကြွ ချီလာလည်း ပြဿနာ မရှိကြောင်း သတင်းပြန်ကြားလိုက်၏။


   ဓနဉ္စယသူဋ္ဌေးကြီးက သာကေတတစ်မြို့လုံး အိမ်စောင့်ရန် တစ်ယောက်သာချန်တားခဲ့ကြ၊ အားလုံးလာရန် ဆင့်ခေါ်လိုက်၏၊ စတုရန်မိုင် (၆)မိုင်လောက် ကျယ်ဝန်းသောနေရာတွင် စုဝေးစေလျှက် လုံလောက်သောငွေကို ပေး၍ “ချစ်သမီးရဲ့ယောက္ခမများက ကောသလမင်းနဲ့အတူ လာကြလိမ့်မယ်၊ ရှင်ဘုရင် နေစရာအိမ်တော်၊ အိမ်ရှေ့မင်း၊ ယောက္ခမ၊ ဆွေမျိုး၊နောက်လိုက် နောက်ပါ အခြံအရံ၊စစ်တပ်စတာအတွက် အိပ်ဆောင် နားနေဆောင် စားဖိုဆောင် ဘယ်လိုစီမံမှာလဲ၊ဒါအပြင် ဆင်မြင်းတွေအတွက် ခြံတွေကိုရော ဘယ်လို စီမံမှာလဲ” ဟု သတိုးသမီးလောင်း ဝိသာခါကို မေးရာ-


    ကမ္ဘာတစ်သိန်း ပါရမီဖြည့်လာခဲ့သူပီပီ မိုးကြိုးလက်နက် ဝရဇိန်စက်ကဲ့သို့ အလွန်ထက်မြက် လျင်မြန်သောဉာဏ်အမျှော်အမြင်ဖြင့် စုဝေးထားသည့် လူအပေါင်းကို“ ဒီအိမ်ကို မင်းတရားအတွက် စံအိမ်တော် အဖြစ် ပြုပြင်၊ ဒီအိမ်ကိုတော့ ယောက္ခများနေရန် စီမံ၊ ဒီအိမ်ကိုတော့ အိမ်ရှေ့မင်း စံအိမ်တော် အဖြစ်ဆောင်ရွက်၊ ဘယ်သူတွေက ရှင်ဘုရင်ရဲ့ဝေယျာဝစ္စ၊ ဘယ်သူက အိမ်ရှေ့မင်းရဲ့ဝေယျာဝစ္စ၊ ဘယ်သူတွေက ယောက္ခမများရဲ့ဝေယျာဝစ္စ၊ ဆင်မြင်းတွေရဲ့ ကိစ္စကိုတော့ ဘယ်သူတွေကဆောင်ရွက်ကြ၊ ငါ့ရဲ့ မင်္ဂလာဆောင်မှာ ဧည်သည့်များနဲ့ ပါလာသူတွေက “ဝိသာခါရဲ့မင်္ဂလာဆောင် ဆင်တွေ၊ မြင်းတွေ စောင့်ရှောက်နေရတာနဲ့ ဘာမှကို မပျော်လိုက်ရ၊ မရလိုက်ပါဘူးဆိုတာမဖြစ်ကြစေနဲ့” ဆိုကာ သွက်သွက် လက်လက် ထက်ထက် မြက်မြက် ဆောက်ရွက်တော့သည်။


   ကောသလမင်းကြီးနှင့်အတူသတိုးသာမိသားစု နောက်လိုက်နောက်ပါများစွာဖြင့် ကြွချီတော်မူ လာကြောင်းကို ကြားသိရ၍ ဓနဉ္စယသူဋ္ဌေးကြီး ကိုယ်တိုင် ကြိုဆိုနေရာချထားပေးပြီး အစေအပါးတို့ကိုလည်း ဘာဆိုဘာမှ လစ်ဟာမှုမရှိအောင် ဆောင်ရွက်ကြရန်နှင့်“သူကို ဒီလိုဆောင်ရွက် ပေးသင့်တယ်၊သူကိုတော့ ဒီလို ပြုစုရမယ်ဆိုတာ ဖာသာဆုံဖြတ်ပြီး” စိတ် ကြိုက်ဆောင်ရွက်စေသည်။


   ထိုနေ့မှာပင် ဖခင်သူဋ္ဌေးကြီးကလည်း ရွှေပန်တိမ်သယ် ငါးရာကို ခေါ်ခိုင်းပြီး မင်္ဂလာဆောင်မည့် သမီးဖြစ်သူဝတ်ဆင်ရန်အတွက် မဟလတာတန်ဆာကို လုပ်ခိုင်း၏။


   မဟလတာတန်ဆာကို ရွှေသား နိက္ခတ်တစ်တောင်၊ စိန် လေးပြည်၊ ပုလဲ တစ်ဆဲ့တစ်ပြည်၊ သန္တာ နှစ်ဆဲ့နှစ်ပြည်၊ ပတ္တမြား သုံးဆဲ့သုံးပြည်အပြင် အခြားသောရတနာများစွာ တို့ဖြင့်လည်းကောင်း၊ တန်ဆာ တစ်ထည်လုံး အဝတ်ချည်မျှင်ကို မသုံးဘဲငွေချည်မျှင်တို့ကိုလည်းကောင်း၊ ဦခေါင်းကနေ စွပ်လိုက်က ချေဖမိုးတိုင် ရောက်၏။


    ဦခေါင်းထိပ်တွင် ကြယ်သီးတစ်လုံး၊ လည်မျှို၌ ကြယ်သီးတစ်လုံး၊ ခါး၏တစ်ဖက်တစ်ချက်၊ နွားရွက် နှစ်ဖက်နောက်၊ တစ်ထောင်နှစ်ဖက်နှင့် ဒူးခေါင်းနှစ်ဖက်တို့၌လည်းကောင်း ကြယ်သီးနှစ်လုံးစီ ပေါင်းကြယ်သီး ဆယ်လုံး တပ်ဆင်ထားပြီး ယင်းကြယ်သီးများကို ရွှေဖြင့်လည်းကောင်း၊ ကွင်းများကို ငွေဖြင့် လည်းကောင်း အသုံးပြုထား၏။


   တန်ဆာ၏ထိပ်၌ ဒေါင်းရုပ်ပြုလုပ်ထား၏။တောင်ပံနှစ်ဖက်၌ အရွက်ငါးရာစီကို နီသောရွှေဖြင့်လည်းကောင်း၊ နှုတ်သီးကို သန္တာဖြင့်လည်းကောင်း၊ မျက်လုံးများနှင့်အမြီးတို့ကို ပတ္တမြားဖြင့် လည်းကောင်း၊ အတောင်၊ အရိုး၊ ခြေထောက်တို့ကို ငွေဖြင့်လည်းကောင်း ပြုလုပ်ထား၏။


   ထိုတန်ဆာကို ဝတ်ဆင်သော ဝိသာခါကျောင်းအမ၏ ဦခေါင်းအထက်တွင် ယင်းဒေါင်းရုပ်သည် ကနေသကဲ့သို့ ထင်ရ၏။ တောင်ပံရိုး တစ်ထောင်တို့၏အသံသည် နတ်တို့၏ ဂီတသံမျိုး၊ အင်္ဂါငါးပါးနှင့်ပြည့် စုံသောတူရိယာသံမျိုးလို မြည်တီးနေကြသည်။ အနားရောက်လာသူတို့သာ ဒေါင်းအစစ် မဟုတ်တာကို သိကြရသတဲ့။ အလွန်လက်ရာမြောက်ဟန်တူ၏။


  မဟလတာတန်ဆာကို ကာလအားဖြင့်လေးလ ကြာအောင်ပြုလုပ်ကြရ၏။ လက်ခ တစ်သိန်းပေးရ၏။ တန်ဖိုးအားဖြင့် ကိုးကုဋေ တန်သည်ဟုဆို၏။


    ကိုးကုဋေထိုက်တန်သော မဟလတာတန်ဆာကို ဝတ်ဆင်ခွင့်ရခြင်းသည် ကဿပဘုရားရှင် လက်ထက်တော်က ရဟန်းတော် နှစ်သောင်းတို့အား သင်္ကန်းအစုံနှစ်သောင်းကို ကိုယ်ပိုင်ချည်၊ ကိုယ်ပိုင်အပ်၊ ကိုယ်ပိုင်ဆိုးရည်တို့ဖြင့် ချုပ်ဆိုးလှူဒါန်းခဲ့ဖူးသော ကုသိုလ်ကြောင့် ဖြစ်၏။ အမျိုးသမီးများသည် သင်္ကန်း လှူဒါန်းခဲ့ဖူးက ရုပ်ရေအဆင်းချောမော လှပခြင်း၊


   ထိုကဲ့သို့ အဖိုးတန်အဝတ်တန်ဆာများကို ပိုင်ဆိုင်ရရှိနိုင်ခြင်း။ အမျိုးသားများသည် တရားထူးရပါက ပရိက္ခရာရှာ စရာမလိုဘဲ တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းပြည့်စုံခြင်း အကျိုးကို ရနိုင်သည်။


   ဤကဲ့သို့ အဖိုးကိုကုဋေတန်သော မဟလတာတန်ဆာကို အမျိုးသမီးတိုင်း မဝတ်ဆင်နိုင်ပါ။ ဤကမ္ဘာမြေပြင်၌ ဝိသာခါကျောင်းအမ၊ ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာနှင့်ဗာရာဏသီသူဋ္ဌေးသမီး သုံးဦးတို့သာ ဝတ်ဆင်ခွင့်ရကြပါသည်။


   တချို့အရပ်ဒေသတွင် သားရှင်ပြု၊ သမီးနားသ ကုသိုလ်ပွဲတို့၌ နားသမည့်သမီးငယ်တို့သည် ရွှေချည်ထိုး အဝတ်တန်ဆာကို ဝတ်ဆင်၍ မောင်ရှင်လောင်းများနှင့်အတူ လိုက်ပါ၍ လှည့်ကြ၏။ ယင်းအဝတ်ကို မလ္လိကာတန်ဆာ-ဟု ဆိုသည်။


   ထိုမဟလတာတန်ဆာကို လေးလတိုင် ဆောင်ရွက်နေဆဲကာလ၌ ကောသလမင်းကြီးက“သူဋ္ဌေး၊ငါတို့ ပရိသတ်ကအလွန်များတယ်၊ အကြာကြီး တာဝန်ယူကျွေးမွေးဧည့်ခံဖို့ ခက်ခဲမယ်၊ သတိုးသမီးကို ဆောင်ယူ သွားချိန်တန်ပါပြီး”ဟု ဓနဉ္စ ယသူဋ္ဌေးကို အကြောင်းကြားခိုင်းရာ-


   “မင်းတရား၊ ယခု မိုးတွင်းကာလ ဖြစ်ပါတယ်၊မိုးတွင်းကြီး သွားလာလို့ မကောင်းပါ၊ မင်းတရားရဲ့ စစ်တပ်ကြီးနဲ့တကွ ပရိသတ်အားလုံးကို လုံးဝတာဝန်ယူပါတယ်၊ လိုအပ်တာမှန်သမျှ အားမနာပါနဲ့ ကျွန်တော်မျိုး တာဝန်ထားပါ၊သွားချိန် တန်ပါက မင်းတရားကို သံတော်ဦးတင်ပါမယ်”ဟု ပြန်ကြားလိုက်၏။ ထိုလေးလလုံးလုံး သာကေတမြို့မှာ ပွဲသဘင်ကြီး ကျင်းနေသကဲ့သို့ ဖြစ်နေသည်။ နေစဉ် စားသောက်ဖွယ်ရာ၊ ပန်းနံ့သာ အဝတ်တန်ဆာစတာတွေကို ဘာဆိုဘာမှ မလိုရလေအောင် စနစ်တကျ စံမံဆောင်ရွက်ပေးထား၏။


   ပြဿနာဆိုလို့ ထင်းများ ပြတ်လပ်သွားသဖြင့် ဟောင်းအိုနေသော ဆင်းတင်းကုတ်၊ အိမ်အိုများကို ဖျက်၍လည်းကောင်း၊ တစ်ဖန်လိုအပ်လာပြန်သဖြင့် မိုးတွင်းကြီး လုံးဝထင်းမရနိုင်တဲ့အတွက် အဝတ် ဂိုထောင်တွေရှိ ထူပိန်းသောအဝတ် များကို  မီးစာလို လုပ်ကာ ဆီစိမ်လျှက် ချက်ပြုတ်ကြရသည်။ ဤနည်းဖြင့် မိုးလေးလ လွန်မြောက်ခဲ့၏။ သမီးအတွက် မဟလတာတန်ဆာလည်း အပြီးသတ်ခဲ့တော့၏။


  လက်ဖွဲ့အနေဖြင့် ငွေအပြည့်တင်ထားသော လှည်းအစီးငါးရာ၊ အလားတူ ရွှေခွက်ရာ၊ ငွေခွက်၊ကြေးခွက်၊ အဖိုးတန်အဝတ်၊ ထောပတ်အိုး၊ ဆီအိုး၊သလေးဆန်၊လယ်ယာလုပ်ငန်သုံး ထွန်ထယ်စသည့် အပြည့်တင်ထားသော လှည်းအစီးငါးရာစီကို လက်ဖွဲ့လိုက်၏။ “ငါ့သမီးလေး ရောက်တဲ့အရပ်မှာ ဘာဆိုဘာမှ လိုအပ်တာမရှိရလေအောင်၊ သူများအိမ်တံခါးရှေ့သွားရပ်ပြီး မချေးမငှါး ရလေအောင် ဆိုတဲ့အကြံနဲ့” ပေးလိုက်ခြင်း ဖြစ်ပါသတဲ့။ ဖခင်မေတ္တာပါ။


   သည့်အပြင်ရထားငါးရားနှင့် ချောမောလှပသည့် အစေအပါး တစ်စီးလျှင် သုံးယောက်နှုံးဖြင့် တန်ဆာဆင်ထားပြီး အမျိုးသမီး တစ်ထောင့်ငါးရာကို ရေချိုးပေးရန်၊ တန်ဆာဆင်ပေးရန်၊ ကျွေးမွေးရန်အတွက် ထည့်ပေး၏။


   “သမီးကို နွားတွေလည်း ပေးလိုက်ဦးမှ”ဟု ကြံကာ ယောကျာ်းတစ်ယောက်ကို နွားခြံတို့ကို သုံးမိုင်ခြားစီ စည်များကိုထားရှိစေလျှက် စည်တီး၍ နွားခြံမှနွားများကို မောင်းထုတ်စေ၏။ နွားများသည် စည်သံဖြင့် အရှည်ကိုးမိုင်၊ အကျယ်လေးမိုင် အပြည့် တစ်ကောင်းနှင့်တစ်ကောင် ထိစပ်လျှက် ထွက်လာကြကုန်၏။

   “ဒီလောက်ဆို ငါသမီးအတွက် တော်ရောပေါ့ကွာ၊ နွားခြံ တံခါးတွေပိတ်လိုက်တော့” ဟု ဆိုကာ နွားခြံကို ပိတ်လိုက်ပေမယ့် ကျောင်းအမ၏ဘုန်းကံကြောင့် နွားများ ခြံအပြင် ခုန်ထွက်လာကြလို့ ဘယ်သိုမှ ဟန့်တားလို့ မရကြဘူး။ ဟန့်တားနေသည့်ကြးက သန်မာသောနွားထီးများ၊ နိုးစားနွားမများ၊ နွားပေါက်ကလေးများ ခုန်ထွက်လာတာ အကောင်ပေါင်း ခြောက်သောင်းစီဖြင့် တစ်သိန်းရှစ်သောင်းပင် ရှိသတဲ့။


   ကဿပဘုရားရှင်လက်တော်က ကိကိမင်းကြီးသမီးတော်(၇)ဦးတွင် အငယ်ဆုံး သမီးတော်ဖြစ်ခဲ့၏။ သံဃဒါသီအမည်ရှိ၏။ သံဃာတော် အပါးနှစ်သောင်းတို့ကို နွားမှဖြစ်သောအရသာငါးမျိုးကို ပေးလှူရာတွင် မထေရ်များရော၊ကိုရင်ငယ်များကပါ သပိတ်ကို ပိတ်ပြီး “တော်ပါပြီ၊ ပြည့်စုံပါပြီ” ဟု တားနေသည့်ကြားကပင်  “ချိုပါတယ်ဘုရာ့၊ ကောင်းပါတယ်ဘုရာ့” ဆိုကာ ပေးလှူခဲ့ဖူးသော ကုသိုလ်ကြောင့် နွားများသည် တားနေ သည့်ကြားကပင် ယခုလို ခုန်ထွက်ကြခြင်း ဖြစ်၏။ ဒါနကုသိုလ်၏စွမ်အားပင် ဖြစ်ပါသည်။


   လင်္ကာ- “ဒါနစွမ်းအင်၊ ကျိုးကုန်စင်အောင်၊ ရှင်ပင်မြတ်စွာ၊ သိပုံသာလျှင်၊ သွယ်သွယ်လူနတ်၊ သိကုန်လတ်မူ၊ မည်သူကမျှ၊ မပေးလှူဘဲ၊ စားရဲကြမှာ မဟုတ်ပါဘူး၊ ကုသိုလ်ဆို့ပိတ်၊ မစ္ဆေစိတ်လည်း၊ ဆိုပိတ်ဖို့ရာ မစွမ်းသာ တည်း”။


ဒါန၏စွမ်းအင်ကို ဘုရားရှင်သိသကဲ့သို့ လူတွေရောနတ်တွေပါ ပြည့်ပြည့်စုံစုံ သိကြမယ်ဆိုရင် မလှူမတန်းဘဲ ဘယ်သူမှ စားရဲကြမှာ မဟုတ်ကြသည့်ပြင်၊ ကုသိုလ်ကို ပိတ်ဆို့တတ်သော နှမျှောစေနဲခြင်း မစ္ဆရိယ စိတ်လည်း ဖြစ်ကြတော့ မှာမဟုတ်၊ လှူလို့ချည်းနေကြမှာကို ဆိုလိုရင်း ဖြစ်သည်။


    ဝိသာခါကျောင်းအမသည် ဘဝတိုင်းမှာ စည်းစိမ်ကလည်းရှိ၊ ဒါန၏ကောင်းကျိုးကိုလည်း ပြည်ပြည်ဝ၀ သိထားလေတော့ လှူဒါန်းနေရခြင်းကို တင်းတိမ်ရောင်ရဲဟန်မတူ။ အားကြအတုယူဖွယ်ရာပါ။


  ဪ ဒါနဆိုတာ “ရှိလည်းရှိပြီး၊ သိလည်းသိကာ လှူတတ်ရမည်” ဟူ၍သာ-

 

ဆက်လက်ဖေါ်ပြပေးပါမည်။

 

အရှင်ပညာသိဟာဘိဝံသ(ပဉ္စနိကာယ်)

Views: 291

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service