ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

“အနှိုင်းမဲ့ ရနံ့”

“အနှိုင်းမဲ့ ရနံ့”

လောကမှာ ရှိရှိသမျှ ရနံ့အားလုံးထဲမှာ ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ကျင့်သီလရနံ့ထက် ပိုပြီး မွှေးပျံ့ကြိုင်သင်းပါတယ်၊ ပျံ့နှံ့အားကောင်းပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တခြားရနံ့ မရှိတော့လို့ပါပဲ။
ကိုယ်ကျင့်သီလ ရနံ့နဲ့ လဲလှယ်သင့်လဲလှယ်ထိုက်တဲ့ တခြားရနံ့ လောကမှာ မရှိတော့တဲ့အတွက် ကိုယ့်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ ဖြစ်ရပါတယ်။

ရနံ့ဆိုတာ မွှေးပျံ့သင်းကြိုင်တဲ့အနံ့၊ ကောင်းမွန်တဲ့အနံ့ကို ပြောတာပါ။ ပုပ်အက်နံစော်တဲ့အနံ့၊ ဆိုးဝါးတဲ့ အနံ့ကို ရနံ့လို့ ဘယ်သူမှ မပြောပါဘူး။ နမ်းရှူရသူကို စိတ်ဆင်းရဲစေတဲ့ အနံ့၊ ဆိုးကျိုးဖြစ်စေတဲ့ အနံ့ဟာ အနံ့ဆိုတဲ့ နာမည်ပဲရပြီး ရနံ့ဆိုတဲ့ နာမည်ကို မရပါဘူး။ နမ်းရှူရသူကို စိတ်ချမ်းသာစေတဲ့အနံ့၊ ကောင်းကျိုးဖြစ်စေတဲ့ အနံ့ကတော့ အနံ့လို့တောင် သိပ်အခေါ်မခံရဘဲ ရနံ့လို့ပဲ မြတ်နိုးနှစ်သက်စွာ အခေါ် ခံရပါတယ်။

ရနံ့တိုင်းမှာ သူ့ပင်ကိုသဘာဝနဲ့သူ မွှေးပျံ့သင်းကြိုင်တဲ့ဓာတ် ရှိပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို သူ့ရဲ့ အမွှေးဓာတ် ပျံ့နှံ့အောင် ဖြန့်တတ်တဲ့သတ္တိရှိပါတယ်။ ဒါပေမယ့် ဘယ်ရနံ့ ဘယ်လောက်ပဲ မွှေးမွှေး လေအောက်ကိုပဲ သက်ရိုးရှိပါတယ်။ လေညာကို တက်ရိုးမရှိပါဘူး။ လေစုန်ကိုပဲ ဆင်းရိုးရှိပါတယ်။ လေဆန်ကို ခွင်းရိုးမရှိပါဘူး။ လေသင့်ရာပဲ မွှေးရိုးရှိပါတယ်။ လေမသင့်ရာကို မွှေးရိုး မရှိပါဘူး။

ကိုယ်ကျင့်သီလဆိုတဲ့ မွှေးရနံ့ကတော့ လေအောက်ကိုလည်း သက်သလို… လေညာကိုလည်း တက်ပါတယ်။ လေစုန်ကိုလည်း ဆင်းသလို… လေဆန်ကိုလည်း ခွင်းပါတယ်။ လေသင့်ရာလည်း မွှေးသလို လေမသင့်ရာလည်း မွှေးပါတယ်။ လေအောက်လေညာ၊ လေစုန်လေဆန်၊ ရှေ့နောက်ဝဲယာ၊ ထက်အောက်ဝန်းကျင်၊ အဆီးအတားမရှိ၊ အကန့်အသတ်မရှိ၊ မွှေးချင်တိုင်းမွှေး၊ ပျံ့နှံ့ချင်တိုင်း ပျံ့နှံ့နိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အတွက် ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ ဖြစ်ပါတယ်။

လောကမှာ မွှေးရနံ့ထွက်တဲ့ အရာဝတ္ထု အမျိုးအစားပေါ်မူတည်ပြီး အမြစ်ရနံ့၊ အနှစ်ရနံ့၊ အပွင့်ရနံ့လို့ ရနံ့ သုံးမျိုးရှိပါတယ်။ အမြစ်ရနံ့အားလုံးထဲမှာ အကျော်မြစ်ရဲ့ ရနံ့ဟာ အမွှေးဆုံး၊ အနှစ်ရနံ့ အားလုံးထဲမှာ စန္ဒကူးနှစ်ရဲ့ ရနံ့ဟာ အမွှေးဆုံး၊ အပွင့်ရနံ့အားလုံးထဲမှာ မြတ်လေးပွင့်ရဲ့ ရနံ့ဟာ အမွှေးဆုံးလို့ လောကလူသားတွေက သတ်မှတ်ထားကြပါတယ်။

တစ်လောကလုံးက အမွှေးဆုံးပါလို့ သတ်မှတ်ထားတဲ့ အဲဒီအမြစ်ရနံ့၊ အနှစ်ရနံ့၊ အပွင့်ရနံ့တွေအားလုံးဟာ ကိုယ်ကျင့်သီလရနံ့ရဲ့ ရှေ့မှောက်မှာတော့ ဒူးထောက်၊ လက်မြောက်ပြီး အရှုံးပေးကြရတာချည်းပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီရနံ့တွေက လေညာကို ဆန်ပြီး ပျံ့နှံ့နိုင်စွမ်း မရှိလို့ပါ။
လေညာကို ဆန်တက်ပြီး ပျံ့နှံ့နိုင်စွမ်းရှိတဲ့ ရနံ့က ကိုယ်ကျင့်သီလရနံ့ တစ်မျိုးတည်းရှိတာမို့ ကိုယ်ကျင့် သီလရနံ့ဟာ ပြိုင်ဘက်မရှိ အနှိုင်းမဲ့ ရနံ့ ဖြစ်ရပါတော့တယ်။

သီလရနံ့ဟာ သူချည်းသက်သက်တွင် မွှေးပျံ့သင်းကြိုင်တာ မဟုတ်ပါဘူး။ သူကိန်းဝပ်စိမ့်တည်ရာ ခန္ဓာအစဉ်ကိုလည်း မွှေးပျံ့သင်းကြိုင်စေပါတယ်။ ဆိုလိုတာကတော့ သီလရနံ့ပိုင်ရှင်ရဲ့ ခန္ဓာအစဉ်ဟာ အသုဘသဘောအရ အနံ့အသက် မွှေးချင်မှ မွှေးမယ်။ ဒါပေမယ့် သီလကို ချစ်မြတ်နိုးတဲ့ လူနတ်ဗြဟ္မာ သတ္တ၀ါတိုင်းကတော့ သီလရနံ့ပိုင်ရှင်ရဲ့ ကိုယ်ခန္ဓာရနံ့ကိုလည်း မွှေးရနံ့ပမာ နှစ်သက်မြတ်နိုးစွာ နမ်းရှိုက် ချင်ကြတယ်လို့ ဆိုလိုပါတယ်။

မြတ်စွာဘုရားရှင် အာယုသင်္ခါရလွှတ်တော်မူပြီးတဲ့နောက် သွေးဝမ်းသွန်တဲ့အနာရောဂါ ဖြစ်ခဲ့စဉ်တုန်းက နတ်တို့သနင်း သိကြားမင်းကြီး လူ့ပြည်ဆင်းလာပြီး ဘုရားရှင်ထံပါးမှာ အနီးကပ် ပြုစုစောင့်ရှောက်ခဲ့ ဖူးပါတယ်။ မြတ်စွာဘုရားရှင်က “သင်ဘယ်သူလဲ” လို့ မေးတော့…
“တပည့်တော် သိကြားမင်းပါဘုရား”
“ဒီကို ဘာလာလုပ်တာလဲ”
“မြတ်စွာဘုရားရှင်ကို ဂိလာနပြုစုဖို့ လာတာပါဘုရား”
“ငါ့မှာ ပြုစုမယ့်သူတွေရှိပါတယ်။။ သင်ပြန်ပါတော့။ သူတို့နတ်တွေဟာ လူနံ့ကို လုံးဝ မခံနိုင်ပါဘူး။ ယူဇနာ တစ်ရာလောက်အဝေးမှာရှိတဲ့ လူနံ့ကိုတောင် လည်ပင်းဆွဲထားတဲ့ ခွေးသေကောင်ပုပ်နံ့လို နံစော်ကြတယ်ဆို”
“မြတ်စွာဘုရား၊ အဲဒါက သီလမရှိတဲ့ လူတွေရဲ့ အနံ့ကို ပြောတာပါဘုရား၊ မြတ်စွာဘုရားရှင်တို့လို သီလရှိတဲ့လူတွေရဲ့ အနံ့ကတော့ ကိုယ်နံ့ဆိုတာ အသာထားလို့ ကျင်ကြီးကျင်ငယ်နံ့သည်ပင်လျှင် တပည့်တော်တို့ နတ်တွေအဖို့ မွှေးကြိုင်လွန်းလှပါတယ်ဘုရား”
သိကြားမင်းက မြတ်စွာဘုရားရှင်ကို အဲဒီလို လျှောက်ထားရင်း ပြောပြောဆိုဆို မြတ်စွာဘုရားရှင်ရဲ့ ကျင်ကြီးအိုးကို ခေါင်းပေါ်ရွက်ပြီး သွားသွန်လိုက်ပါတယ်။ အဲဒီလိုနဲ့ မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေး နေလိုက်တာ မြတ်စွာဘုရားရှင် ကျန်းမာတော်မူမှပဲ သိကြားမင်းကြီး နတ်ပြည် ပြန်သွားခဲ့ပါတယ်။

သြော်… သီလရနံ့တို့ မွှေးပျံ့လိုက်ပုံများ၊ ကျင်ကြီးကျင်ငယ်မှာတောင် အနံ့လိုက်ပြီး စွဲရတဲ့အထိပါပဲ။
သီလရှိသူရဲ့ ကိုယ်ခန္ဓာဟာ သေပြီးသွားတာတောင်မှ နံ့သာတုံးလို မွှေးနေပေမယ့် သီလမရှိသူတွေရဲ့ ကိုယ်ခန္ဓာကတော့ မသေခင်ကတည်းက ပုပ်စော်နံနေတာမို့ အသက်ရှင်နေပေမယ့် အလောင်းကောင် မသာပွနဲ့ ဘာမျှမထူးခြားပါဘူး။ ကိုယ်ကျင့်တရား ပျက်ပြားနေတဲ့ သီလမဲ့လူသားတွေဟာ "သက်ရှိလူသေ" တွေပါပဲ။

★“ကိုယ်ကျင့်တရား” လို့ ဆိုတဲ့အတိုင်း “ကိုယ်” နဲ့ “ကျင့်” ရတဲ့တရား ဖြစ်ပါတယ်။ ကိုယ်ဆိုတဲ့အထဲမှာ နှုတ်လည်း ပါပါတယ်။ ကိုယ်နဲ့ မပြုသင့် မပြုထိုက်တဲ့ အပြုအမူတွေကို မပြုမူဘဲ၊ နှုတ်နဲ့ မပြောသင့်၊ မပြောထိုက်တဲ့ အပြောအဆိုတွေကို မပြောဆိုဘဲ ရှောင်ကြဉ်ရတဲ့အကျင့်ကို ကိုယ်ကျင့်လို့ ခေါ်ပါတယ်။ “ကိုယ်ကျင့်” နဲ့ “နှုတ်ကျင့်” ကိုယ်ချင်းတူလို့ ပေါင်းပြီး ကိုယ်ကျင့်လို့ အတိုချုံးထားတာပါ။

“ကိုယ်ကျင့်” အနေနဲ့ ရှောင်ကြဉ်စရာ ကိုယ်အပြုအမူတွေကတော့ အထွတ်အထိပ်အားဖြင့် သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းနဲ့ သူ့ကာမ မှားခြင်းတို့ပါပဲ။ သတ်နေ၊ ခိုးနေ၊ မှားနေတဲ့သူဟာ ကိုယ်ကျင့် မကောင်းတဲ့သူ၊ သီလမရှိတဲ့သူပေါ့။ မသတ်၊ မခိုး၊ မမှားတဲ့သူကတော့ ကိုယ်ကျင့်ကောင်းတဲ့သူ၊ သီလ ရှိတဲ့သူပေါ့။★

★“သတ်ခြင်း” ဆိုတဲ့အထဲမှာ ညှဉ်းဆဲခြင်း၊ နှိပ်စက်ခြင်း၊ ရက်စက်ခြင်း၊ နာကျင်စေခြင်း၊ ကြင်နာမှုမရှိခြင်း၊ ညှာတာမှု ကင်းမဲ့ခြင်း စတဲ့ ကာယကံ အပြုအမူဆိုး၊ ကာယကံ အပြုအမူကြမ်းအားလုံး ပါဝင်ပါတယ်။
ညှဉ်းဆဲခြင်း စတဲ့ အပြုအမူဆိုး၊ အပြုအမူကြမ်းတွေကို ရှောင်ကြဉ်ပြီး ကြင်နာတဲ့ အပြုအမူကောင်းတွေ၊ ညှာတာတဲ့ အပြုအမူနုတွေ ကျင့်သုံးမှ “မသတ်ခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။★

★“ခိုးခြင်း” ဆိုတဲ့အထဲမှာ အလစ်သုတ်ခြင်း၊ အချောင်နှိုက်ခြင်း၊ စာရင်းလိမ်ခြင်း၊ အပျောက်ရိုက်ခြင်း၊ သူတစ်ပါးရဲ့ ရပိုင်ခွင့်ကို ဟန့်တားခြင်း၊ ကိုယ့်ရဲ့ ရပိုင်ခွင့်ကို ပိုယူခြင်း၊ မတန်တဆ ဈေးတင်ခြင်း၊ ရေထိုးခြင်း၊ အလေးခိုးခြင်း၊ ရောနှောခြင်း၊ အတုလုပ်ခြင်း။ ၀တ်လျှော့ခြင်း၊ ဖျံကျခြင်း၊ ဖျောင်ခြင်း၊ ဖျောခြင်း စတဲ့ ရိုက်စားကိစ္စမှန်သမျှ အားလုံး ပါဝင်ပါတယ်။ ကိုယ်ရသင့်တာထက် ပိုရအောင်လုပ်တဲ့ မတရားမှုမှန်သမျှကို ရှောင်ကြဉ်ပြီး မျှတတဲ့ နည်းစနစ်၊ မှန်ကန်တဲ့ တန်ရာတန်ကြေးနဲ့ အလုပ်လုပ်သွားမှ “မခိုးခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။★

★“မှားခြင်း” ဆိုတဲ့ အထဲမှာ ကာမဂုဏ်ကိစ္စတွေနဲ့ ပတ်သက်ပြီး မိမိရဲ့ တရားဝင် ကာမပိုင်မဟုတ်သူတွေနဲ့ လွန်ကျူးခြင်း၊ ကြည်နူးခြင်း၊ ပွေ့ဖက်ခြင်း၊ ဖုန်းဆက်ခြင်း၊ တွဲကခြင်း၊ လျှောက်လည်ခြင်း၊ မျက်နှာများခြင်း၊ ရည်းစားပြိုင်ထားခြင်း၊ ရိသဲ့သဲ့ပြောခြင်း၊ အီစီကလီလုပ်ခြင်း စတဲ့ နှာခေါင်းကိစ္စမှန်သမျှ အားလုံး ပါဝင်ပါတယ်။ သဘာဝမကျတဲ့ အာရုံခံစားမှုမှန်သမျှကို ရှောင်ကြဉ်ပြီး စည်းနဲ့ဘောင်နဲ့ ပျော်မွေ့တတ်မှ “မမှားခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။★

★“သေရည်သေရက် သောက်သုံးခြင်း” ဟာလည်း “ကာမဂုဏ် မှားယွင်းခြင်း” ဆိုတဲ့ ကာယဒုစရိုက်ထဲမှာ အကျုံးဝင်ပါတယ်။ မူးယစ်ခြင်း၊ မေ့လျော့ခြင်းရဲ့ အကြောင်းဖြစ်တဲ့ အရက်၊ ဘီယာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးပြား၊ စိတ်ကြွဆေးရည် စတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးမှန်သမျှကို ရှောင်ကြဉ်မှ “မသောက်ခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။

★“နှုတ်ကျင့်” အနေနဲ့ ရှောင်ကြဉ်စရာ နှုတ်အပြောအဆိုတွေကတော့
မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊
ချစ်ခင်နေသူအချင်းချင်း စိတ်ဝမ်းကွဲပြားသွားအောင် ကုန်းတိုက်ပြောဆိုခြင်း၊
ရုန့်ရင်းကြမ်းတမ်းတဲ့စကား၊
ရိုင်းစိုင်းယုတ်မာတဲ့စကားများ ပြောဆိုခြင်း၊
အနှစ်သာရမရှိတဲ့စကား၊
အဓိပ္ပါယ်မရှိတဲ့စကား၊
အကျိုးမရှိတဲ့ စကားများ ပြောဆိုခြင်းတို့ပါပဲ။
စာလိုပြောတော့ ၀စီဒုစရိုက်လေးပါးပေါ့။ အနှစ်ချုပ်ကတော့ မုသာဝါဒပါပဲ။★

★★ကိုယ်ပြောလိုက်တဲ့ မုသာဝါဒရဲ့ အနေအထားနဲ့ အကျိုးဆက်ပေါ် မူတည်ပြီး “ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပ” တို့ ဆင့်ပွားပေါ်ပေါက်လာရတာပါ။
သူ့စကားကို ကိုယ့်စကားလုပ် ပြောတာ၊
ကိုယ့်စကားကို သူ့စကားလုပ်ပြောတာ၊
ဟိုစကား ဒီပို့တာ၊ ဒီစကား ဟိုပို့တာ၊
ပါးစပ်ထဲတွေ့ရာ ဇာတ်လမ်းဆင်ပြီး ပလီစေ့ခြောက်ချက်လုပ်တာ၊
ဆရာကြီးလေသံနဲ့ အာချောင်တာ၊
ကိုယ့်စိတ်နဲ့နှိုင်း ကိုယ်လိုရာ ဆွဲတွေးပြီး တစ်ဖက်သားကို စွပ်စွဲကဲ့ရဲ့တာ၊
အတင်းပြောတာ၊
အပုပ်ချတာ၊
နာမည်ဖျက်တာ၊
သိက္ခာချတာ၊
ငယ်ကျိုး ငယ်နာ ဖော်တာ။ ဒါတွေအားလုံးဟာ ၀စီဒုစရိုက်လေးပါးထဲမှာ အကျုံးဝင်ပါတယ်။★★

လူသားတွေ အများဆုံး ကျူးလွန်တဲ့ ၀စီဒုစရိုက်ကတော့ “သမ္ဖပ္ပလာပ”ပါပဲ။
သမ္ဖပ္ပလာပ ဆိုတာ အနှစ်မဲ့ စကား၊ အဓိပ္ပါယ်မဲ့စကား၊ အကျိုးမဲ့စကားတွေကို ပြောတာပါ။
မျိုးမအောင်တဲ့ စပါးပိန် စပါးဖျင်းနဲ့ တူတဲ့ စကားလို့ ဆိုလိုပါတယ်။ အရည်မရ အဖတ်မရ အသုံးမကျတဲ့ စကားအားလုံး ပါဝင်ပါတယ်။

◆◆“စကား”လို့ ပြောလိုက်ရင် “စာ”လည်း ပါဝင်ပြီးသားပါ။ နှုတ်တစ်ရာ စာတစ်လုံး ဆိုတဲ့အတိုင်း စာဆိုတာလည်း စကားဖြစ်နေလို့ပါပဲ။ ၀စီဒုစရိုက်လေးပါးဟာ စာအဖြစ် ရေးထားရင် စာဒုစရိုက်လေးပါး ဖြစ်သွားပါတယ်။ လိမ်ညာတဲ့စာ၊ ကုန်းတိုက်တဲ့စာ၊ ကြမ်းတမ်းတဲ့စာ၊ အနှစ်မဲ့တဲ့စာတွေဟာ ၀စီဒုစရိုက် စာတွေပါပဲ။ ပြောဆိုသူနဲ့ နားထောင်သူ၊ ရေးသားသူနဲ့ ဖတ်ရှုသူ ရရှိတဲ့ အကုသိုလ်ချင်း အတူတူပါပဲ။ ပြောဆိုသူနဲ့ ရေးသားသူကတော့ စေတနာအပြည့်အ၀နဲ့ ဖန်တီးတာမို့ ပိုအပြစ်ကြီးမှာပါ။ စေတနာအားသန်မှ ဖန်တီးလို့ ရတာကိုး။◆◆

ပညာပေးမဟုတ်တဲ့ ဖျော်ဖြေရေးသက်သက် အနုပညာဖန်တီးချက်တွေကို သမ္ဖပ္ပလာပ ၀စီဒုစရိုက်တစ်ခု အနေနဲ့ မရှောင်ကြဉ်နိုင်သေးရင်တောင်မှ “အတင်းပြောခြင်း” ဆိုတဲ့ အင်မတန် စက်ဆုပ်ရွံမုန်းဖွယ်ရာ သမ္ဖပ္ပလာပကိုတော့ သူတော်ကောင်းစိတ်ဓာတ်ရှိသူတိုင်း အထူးဂရုပြု ရှောင်ကြဉ်သင့်လှပါတယ်။။

◆အတင်းပြောတာ ၀ါသနာပါတဲ့သူတွေက “သူများ ပါးစပ် ငှားပြောတာမဟုတ်ဘူး၊ ကိုယ့်ပါးစပ်နဲ့ကိုယ် ပြောတာ၊ ဘာဖြစ်လဲ။ ဟုတ်လို့ ဟုတ်တယ်ပြောတာ၊ မှန်လို့ မှန်တယ်ပြောတာ… ဘာဖြစ်လဲ” လို့ နှုတ်သီးကောင်းလျှာပါးနဲ့ ရန်စကားပြောတတ်ကြပါတယ်။ ဟုတ်ကဲ့။ ဘာမှ မဖြစ်ပါဘူး။ အကုသိုလ်ဖြစ်ရုံ နဲ့ ငရဲကျရုံလောက်ပါပဲ။
လွတ်လပ်စွာ စွပ်စွဲကဲ့ရဲ့ခွင့်၊ လွတ်လပ်စွာ အတင်းပြောခွင့်ရှိတယ်လို့ ဆိုလာခဲ့ရင် ဟုတ်ပါတယ်၊ ရှိပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ စွပ်စွဲကဲ့ရဲ့ခွင့်၊ လွတ်လပ်စွာ အတင်းပြောခွင့်ရဲ့ နောက်မှာ လွတ်လပ်စွာ ငရဲကျခွင့်၊ လွတ်လပ်စွာ အ၀ီစိရောက်ခွင့်လည်း အမြဲကပ်ပါနေတယ် ဆိုတာကိုတော့ မမေ့သင့်ပါဘူး။◆

အတင်းပြောခြင်းဟာ အပျင်းပြေကစားစရာ မဟုတ်သလို အပန်းဖြေဇိမ်ခံပစ္စည်းလည်း မဟုတ်ပါဘူး။ အတင်းပြောခြင်းဟာ ပြီးပြီးပျောက်ပျောက်ဖြစ်သွားမယ့် အပေါ်ယံ မတော်တဆမှု မဟုတ်တဲ့အတွက် အတင်းပြောတတ်တဲ့သူဟာ ပြောတိုင်းပြောတိုင်း စိတ်ဓာတ်အဆင့် အောက်တန်းကျသွားသလို ကိုယ်ကျင့် သီလ ပျက်စီးနေတဲ့သူပါ။

မဟုတ်မမှန်တဲ့စကားမှန်သမျှ၊ အကျိုးမရှိတဲ့ စကားမှန်သမျှ ရှောင်ကြဉ်ပြီး ဟုတ်မှန်တဲ့စကား၊ အကျိုးရှိတဲ့ စကားကို အခြေအနေ၊ အချိန်အခါနဲ့ လိုက်ဖက်စွာ ချင့်ချိန်ပြောဆိုမှသာ ကိုယ်ကျင့်သီလပြည့်စုံသူ တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

ကိုယ်ကျင့်သီလကို ကုသိုလ်တရားအားလုံးရဲ့ နိဒါန်းအစလို့ မြတ်စွာဘုရားရှင်က မိန့်ကြားတော်မူ ထားပါတယ်။ ကိုယ်ကျင့်သီလ ဖြူစင်ရင် အစကောင်းတဲ့အတွက် သမာဓိ၊ ပညာ ဆိုတဲ့ အနှောင်းသေချာ သွားပါပြီ။ ကိုယ်ကျင့်သီလ မည်းညစ်နေရင်တော့ အစမကောင်းတဲ့အတွက် သမာဓိ၊ ပညာ ဆိုတဲ့ အနှောင်းနဲ့ အဝေးကြီး ဝေးသွားပါပြီ။ အနှောင်းနဲ့ နီးစပ်ချင်ရင် အစကောင်းဖို့ ကြိုးစားရပါမယ်။

သီဟိုဠ်ခေတ်တုန်းက အရှင်မဟာသီဝအမည်ရတဲ့ မထေရ်ကြီးတစ်ပါး ရှိခဲ့ဖူးပါတယ်။ တောတောင်ထဲက လိုဏ်ဂူတစ်ခုမှာ “ဒီဝါတွင်းတော့ ရဟန္တာဖြစ်စေရမယ်ဟဲ့” လို့ ကြုံးဝါးပြီး အပြင်းအထန် တရားအားထုတ် ပေမယ့် ၀ါသာကျွတ်သွားတယ်၊ ရဟန္တာမဖြစ်တဲ့အတွက် သီတင်းကျွတ်တိုင်း သီတင်းကျွတ်တိုင်း မျက်ရည်သွင်သွင် စီးကျပြီး ငိုပွဲကြီးဆင်လိုက်ရတာ နှစ်ပေါင်းသုံးဆယ်တိုင်တိုင်ပါပဲ။
အကြိမ်သုံးဆယ်မြောက် အပြင်းထန်ဆုံး ၀မ်းနည်းကြေကွဲပြီး ရှိုက်ကြီးတငင် ငိုကြွေးနေချိန်မှာ နတ်သမီး တစ်ယောက်ကလည်း လိုဏ်ဂူအိုနံဘေး ပြိုင်တူငိုကျွေးလို့ မျက်ရည်ဖော်ညှိလာပြန်ပါတယ်။
“ဒီနားမှာ လာငိုနေတာ ဘယ်သူလဲ”
“တပည့်တော်မ နတ်သမီးပါဘုရား”
“ဘာလို့ ဒီနားလာငိုနေတာလဲ”
“အရှင်ဘုရား ငိုနေတာမြင်လို့၊ ပြီးတော့ ငိုရင် မဂ်ဖိုလ်ရနိုင်မယ်ထင်လို့ နှစ်မဂ်သုံးမဂ်လောက်များ ရမလားဆိုပြီး လာငိုနေတာပါဘုရား”
မထေရ်ကြီးလည်း နတ်သမီးရဲ့ ပြောင်လှောင်ပညာပေးခံရတာကို ရှက်လွန်းလို့ မျက်ရည်တွေ ကပျာကယာ သုတ်ပြီး စိတ်ဆင်းရဲမှု၊ ၀မ်းနည်းမှုကို “စိတ်ဆင်းရဲတယ်၊ စိတ်ဆင်းရဲတယ်” ၊ “၀မ်းနည်းတယ်၊ ၀မ်းနည်းတယ်” လို့ သတိပဋ္ဌာန်နည်းကျ စိတ္တာနုပဿနာ ရှုပွားပယ်ဖျောက်လိုက်ပါတယ်။
စိတ်ဆင်းရဲမှု၊ ၀မ်းနည်းမှု ပြေပျောက်ပြီး စိတ်လက်ပေါ့ပါးသွားတာနဲ့ တစ်ပြိုင်နက် ကောင်းကင်ယံက လမင်းကြီးကို တစ်ချက်လှမ်းမျှော်ကြည့်လိုက်ပါတယ်။ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ညဆိုတော့ လမင်းကြီကလည်း ပြည့်ပြည့်ဝန်းဝန်းနဲ့ အစွမ်းကုန် ထွန်းလင်းတောက်ပနေတာပေါ့။
“အင်း… ဒီလမင်းကြီးနဲ့ ငါ့ရဲ့ သီလ ဘယ်အရာကများ ပိုပြီး သန့်စင်ပါလိမ့်၊ ဘယ်အရာကများ ပိုပြီး ထွန်းလင်းတောက်ပပါလိမ့်”
“အို…. ငါ့ရဲ့သီလက ပိုပြီး သန့်စင်နေပါလား၊ ငါ့ရဲ့ သီလက ပိုပြီး ထွန်းလင်းတောက်ပနေပါလား၊ လမင်းကြီးက သန့်စင်တယ် ဆိုပေမယ့် သူ့မှာ ယုန်ရေးလက္ခဏာ မှိုင်းပြာပြာ အညစ်အကြေးလေး ရှိနေသေးတယ်လေ၊ အညစ်အကြေး လုံးဝ မကင်းတော့ အပြည့်အ၀ ဘယ်ထွန်းလင်းတောက်ပပါ့မလဲ”
“ငါ့ရဲ့သီလကတော့ ရဟန်းပြုတဲ့အချိန်ကစပြီး ဒီနေ့ ဒီအချိန်အထိ အညစ်အကြေး လုံးဝမရှိ ပကတိ သန့်စင်နေတယ်၊ ညှိုးခြောက်ပြောက်ကျားခြင်းမရှိ ပကတိ စင်းလုံးချော ဖြူစင်နေတယ်၊ အညစ်အကြေး လုံးဝမကင်းတဲ့ လမင်းကြီးထက် အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် ထွန်းလင်းတောက်ပတာပေါ့”
မထေရ်ကြီးဟာ ကိုယ့်သီလကိုယ် ဆင်ခြင်းရင်း တဖွားဖွားဖြစ်ပေါ်လာတဲ့ ပီတိသောမနဿတွေကို ရှုပွား ပယ်ဖျောက်ပြီး မိမိခန္ဓာရဲ့ ရုပ်တရား၊ နာမ်တရားတွေကို သတိပဋ္ဌာန်နည်းကျ ဆက်ပြီး ၀ိပဿနာ ရှုပွားလိုက်တာ အဲဒီညမှာပဲ ပဋိသမ္ဘိဒါဉာဏ် လေးပါးနဲ့တကွ ရဟန္တာ ဖြစ်တော်မူသွားခဲ့ပါတယ်။
အရှင်မဟာသီဝမထေရ်ကြီး ရဟန္တာဖြစ်သွားတာဟာ သူ့ရဲ့ အကြွင်းမဲ့ဖြူစင်တဲ့ ကိုယ်ကျင့်သီလကို အာရုံပြု ၀မ်းမြောက်ပြီး ပီတိသောမနဿတွေ ဖြစ်ပွားသွားလို့ပါ။ “ငါတို့က ၀ိပဿနာသမား” ဆိုပြီး ကိုယ်ကျင့်သီလကို ပေါ့ပေါ့တန်တန် သဘောထားသူတွေ အလေးအနက် သတိပြုသင့်ပါတယ်။
ကိုယ်ကျင့်သီလဆိုတာ မြေကြီးနဲ့ တူပါတယ်။ ရှင်သန်ကြီးထွား ပြန့်ပွားစည်ပင်နေတဲ့ သစ်ပင်ပန်းပင်မှန်သမျှ မြေကြီးကို တည်မှီပြီးတော့ပဲ ရှင်သန်ကြီးထွား ပြန့်ပွားစည်ပင်လာရပါတယ်။ အားအင်နဲ့ ပြုလုပ်ရတဲ့ အလုပ်ကိစ္စမှန်သမျှ မြေကြီးပေါ်မှာ ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရသလို သတိဦးဆောင်တဲ့ သူတော်ကောင်းအလုပ်မှန်သမျှကိုလည်း သီလပေါ်မှာ ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရပါတယ်။

★သီလတည်းဟူသော မြေကြီးပေါ်မှာ ရပ်တည်ပြီး ပြုလုပ်အားထုတ်တဲ့ သူတော်ကောင်းအလုပ်ကသာ မိမိရည်မှန်းရာ အောင်မြင်မှု အသီးအပွင့်တွေကို ရည်မှန်းတဲ့အတိုင်း သီးပွင့်ဝေဆာစေနိုင်ပါတယ်။
သမထလုပ်ငန်း၊ ၀ိပဿနာလုပ်ငန်းဆိုတာ အသာထားလိုက်ပါဦး၊ အခြေခံအကျဆုံး ဒါနလုပ်ငန်းမှာတောင်မှ သီလမပါရင် လိုရာအကျိုး မပြီးစီးစေနိုင်ပါဘူး။ ဒါနပြုပြီး လောကီ၊ လောကုတ္တရာ လိုရာအကျိုးကို ဆုတောင်းရင် အဲဒီဒါနက မိမိဆုတောင်းကို ပြည့်ဝစေနိုင်ပါတယ်… တဲ့။ ဒါပေမယ့် ဆုတောင်းသူ ဒါနရှင်ဟာ သီလရှိသူ ဖြစ်ရပါမယ်…. တဲ့။ သီလ မရှိရင်တော့ မိမိဆုတောင်းတာ မပြည့်ဝနိုင် ပါဘူး… တဲ့။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရဲ့ မိန့်ကြားထားတော်မူချက် ဖြစ်ပါတယ်။
ကိုယ်ကျင့်သီလဟာ ဒါနရဲ့ အကျိုးပေးကိုလည်း ခိုင်မြဲစေသလို သမာဓိ၊ ပညာရဲ့ စွမ်းရည်ကိုလည်း ထက်မြက်စေပါတယ်။ ကိုယ်ကျင့်သီလ မပါဘဲ အားထုတ်နေတဲ့ ဒါနလုပ်ငန်း၊ သမထ၊ ၀ိပဿနာ လုပ်ငန်းတွေဟာ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အနီးအနားကို အိပ်မက်ထဲမှာတောင်မှ မရစ်သီနိုင်ပါဘူး။ မဂ်ဖိုလ်နိဗ္ဗာန် အသာထား ကောင်းရာသုဂတိနဲ့တောင် အဝေးကြီးဝေးနေဦးမှာပါပဲ

အရှင်မဟာသီဝမထေရ်ကြီးရဲ့ သီလဂုဏ်ရည်က ရဟန္တာဖြစ်ရုံနဲ့ မပြီးသေးပါဘူး။ ရဟန္တာဖြစ်ပြီးတဲ့ နောက်မှာလည်း အထူးပေါ်လွင် ထင်ရှားခဲ့ပါတယ်။ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ ဣရိယာပုတ်သုံးမျိုးနဲ့ အပြင်းအထန် တရားအားထုတ်ရင်း နှစ်ပေါင်းသုံးဆယ်လုံးလုံး ခြေမဆေးခဲ့တဲ့ ခြေတော်တွေကို ရဟန္တာ ဖြစ်ပြီးတဲ့နောက် ရေဆေးလိုက်ဦးမယ်ဆိုပြီး ခြေဆေးအင်ပျဉ်ခုံပေါ်မှာ ရပ်နေတုန်း နတ်တို့သနင်း သိကြားမင်းကြီး ရောက်လာပါတယ်။
“ဒကာတော် သိကြားမင်း၊ ဘာကိစ္စများပါလိမ့်”
“အရှင်ဘုရားရဲ့ ခြေတော်တွေကို တပည့်တော်များ ဆေးပေးချင်လို့ပါဘုရား”
“အို…. ဘယ်ဖြစ်ပါ့မလဲ ဒကာတော်သိကြားမင်းရယ်၊ တို့ရဲ့ ခြေထောက်တွေက မဆေးမကြောဘဲထားတာ နှစ်ပေါင်းသုံးဆယ်တောင် ရှိနေပြီလေ။ ပြီးတော့ သင်တို့ နတ်တွေဆိုတာက အလိုလိုကမှ လူနံ့ကို ခံနိုင်ကြတာမှ မဟုတ်ဘဲ၊ လူနဲ့ ယူဇနာတစ်ရာလောက် ဝေးတဲ့နေရာမှာ ရပ်နေတာတောင် လည်ပင်းမှာ ခွေးသေကောင်ပုပ် အဆွဲခံထားရသလို သင်တို့နတ်တွေ လူနံ့ကို နံစော်ကြတယ်၊ ရွံရှာကြတယ် မဟုတ်လား၊ နေပါ့စေ၊ မဆေးပါနဲ့၊ တို့ဘာသာတို့ပဲ ဆေးပါ့မယ်ကွယ်”
“အရှင်ဘုရား… လူနံ့ နံတယ်ဆိုတာ ဘာမှ မပြောပလောက်ပါဘူး၊ အခုအရှင်ဘုရားရဲ့ သီလရနံ့ဟာ တပည့်တော်တို့ရဲ့ နတ်ပြည်ခြောက်ထပ်ကိုတောင် ကျော်တက်ပြီးတော့ အထက်ဘ၀ဂ်ထိအောင် သင်းပျံ့ကြိုင်လှိုင်နေပါတယ်ဘုရား၊ သီလရနံ့ထက် သာလွန်မွှေးပျံ့တဲ့ရနံ့ လောကမှာ မရှိပါဘုရား၊ အရှင်ဘုရားရဲ့ မွှေးပျံ့တဲ့ သီလရနံ့ကြောင့်ပဲ တပည့်တော် ခြေတော်ဆေးကုသိုလ်ယူဖို့ အရောက်လာခဲ့ရခြင်း ဖြစ်ပါတယ်ဘုရား”
သိကြားမင်းကြီးဟာ ပြောပြောဆိုဆိုပဲ ဘယ်ဘက်လက်နဲ့ မထေရ်ကြီးရဲ့ ခြေဖမိုးကို ကိုင်ပြီး ညာဘက်လက်နဲ့ ခြေဖ၀ါးတော်ကို စောင်းငဲ့ ပွတ်တိုက်ပေးလိုက်ပါတယ်။ အရှင်မဟာသီဝမထေရ်ကြီးရဲ့ ခြေတော်တွေလည်း ကလေးငယ်လေးတွေရဲ့ ခြေတော်တွေလို နူးညံ့ပျော့အိသွားပါတော့တယ်
အင်မတန် ညစ်ပတ်နံစော်ပြီး ရွံစရာကောင်းလှတဲ့ လူနံ့ကိုတောင် လွှမ်းမိုးနိုင်တဲ့ သီလရနံ့ကိုမှ အနှိုင်းမဲ့ရနံ့ လို့ မပြောရင် ဘယ်ရနံ့ကိုများ အနှိုင်းမဲ့ရနံ့ လို့ ပြောဦးမှာလဲ။

◆◆◆သီလရနံ့ဟာ မွှေးပျံ့ကြိုင်လှိုင်တဲ့နေရာမှာ အနှိုင်းမဲ့ဖြစ်သလို သီလပျက်အနံ့ဟာလည်း ညစ်ပတ်ပုပ်ဟောင်တဲ့နေရာမှာ အနှိုင်းမဲ့အပုပ်နံ့ပါပဲ။ ဘာလို့လဲဆိုတော့ သီလပျက်သတင်းဟာ လူ့ပြည်၊ နတ်ပြည်သာမက ဗြဟ္မာ့ပြည်တိုင်အောင် ပုပ်ဟောင်ပျံ့နှံ့သွားတတ်လို့ပါပဲ။
မြတ်စွာဘုရားရှင်လက်ထက်တုန်းက အရှင်သုဒိန္န ဆိုတဲ့ ရဟန်းတော်တစ်ပါး ရှိခဲ့ဖူးပါတယ်။ တစ်ဦးတည်းသောသားဖြစ်တဲ့သူဟာ မိဘနှစ်ပါးကို ခုနစ်ရက်တိုင်တိုင် အစာငတ်ခံ ဆန္ဒပြခွင့်တောင်းပြီးမှ သဒ္ဓါတရားအပြည့်အ၀နဲ့ သာသနာ့ဘောင် ၀င်ရောက်လာခဲ့ရသူပါ။ သာသနာ့ဘောင်ရောက်တော့လည်း ဓုတင်အကျင့်တွေကို အတတ်နိုင်ဆုံး ဆောက်တည်ပြီး တရားဘာဝနာ ကျင့်ကြံအားထုတ်နေခဲ့ပါတယ်။
ချမ်းသာကြွယ်ဝတဲ့ မိဘနှစ်ပါးဟာ ပစ္စည်းဥစ္စာနဲ့ ဖြားယောင်းပြီးတော့လည်း လူထွက်ခိုင်းလို့မရ၊ မယားဟောင်းနဲ့ ဖြားယောင်းပြီးတော့လည်း လူထွက်ခိုင်းလို့မရတဲ့ သားဖြစ်သူ သုဒိန္နဆီက နောက်ဆုံး အခွင့်အရေးအဖြစ် အမွေဆက်ခံမယ့် သားမျိုးစေ့ တောင်းကြပါတော့တယ်။

အရှင်သုဒိန္နလည်း တရားဖြောင့်ဖြောင့် အားထုတ်ချင်တဲ့စိတ်နဲ့ နားငြီးသက်သာ ပြီးရောဆိုပြီး ဥတုပန်း ပွင့်နေတဲ့ မယားဟောင်းရဲ့ ခန္ဓာကိုယ်ထဲကို မဟာဝုန်တောကြီးထဲမှာ သုံးကြိမ်တိုင်တိုင် သားမျိုးစေ့ ပေးလိုက်ပါတယ်။ အရှင်သုဒိန္နရဲ့ အဲဒီသတင်းဟာ မဟာဝုန်တောကြီးထဲက ဘုမ္မစိုးနတ်တွေက စပြီး… အဆင့်ဆင့် ပျံ့နှံ့သွားလိုက်တာ နတ်ပြည်၊ ဗြဟ္မာ့ပြည်အနှံ့ အထက်ဘ၀ဂ်တိုင်အောင် ရောက်ရှိသွားပါတယ်။ နတ်ဗြဟ္မာအားလုံးက အကြီးအကျယ် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြောကြပါတယ်။
တကယ်တော့ အရှင်သုဒိန္နဟာ သဒ္ဓါတရား ကြီးမားစွာနဲ့ ရဟန်းပြုလာသူ၊ ဓုတင်တွေဆောင်ပြီး တရားအားထုတ်နေသူ၊ တကယ့် သူတော်ကောင်းကြီးပါ။ ဒါပေမယ့် စဉ်းစားဆင်ခြင်းဉာဏ် ခေါင်းပါးတဲ့ မိမိုက် ဘမိုက် (ပါပမိတ္တ) ရဲ့ စကား နားထောင်မိလိုက်တဲ့အတွက် ကိုယ်ကျင့်သီလပျက်ပြီး သတင်းအပုပ်နံ့ ထွက်ခဲ့ရပါတယ်။ ဒီဘ၀မှာ မဂ်ဖိုလ်ရထိုက်သူ ဖြစ်ပါလျက် သီလပျက်ခြင်းကြောင့် ဖြစ်ရတဲ့ နောင်တတရားတွေနဲ့ စိတ်နှလုံးပူပန်ပြီး အဖိုးတန်ရဟန်းဘ၀ကို အချည်းနှီး အဆုံးသတ်ခဲ့ရပါတယ်။
ကိုယ်ကျင့်သီလ ပျက်စီးရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ
ပါပမိတ္တနဲ့ ပေါင်းဖော်ခြင်းဆိုတဲ့ အကြောင်း တရားလည်း
တစ်ခုအပါအ၀င် ဖြစ်ပါတယ်။◆◆◆

◆“ပါပမိတ္တ” ဆိုတာ မိတ်ဆွေဆိုး၊ မိတ်ဆွေညံ့၊ မိတ်ဆွေယုတ်၊ မိတ်ဆွေမိုက်ကို ပြောတာပါ။ သက်သက်ညှာညှာ ပြောရရင်တော့ မကောင်းတဲ့မိတ်ဆွေပေါ့။ မိတ်ဆွေတု၊ မိတ်ဆွေမှားပေါ့။ မလုပ်သင့်တာ လုပ်ဖို့ တိုက်တွန်းတဲ့သူ၊ နည်းမှားလမ်းမှား ညွှန်ပြတဲ့သူ၊ ဆုံးဖြတ်ချက် အမှားတွေ ချပေးတဲ့သူဟာ ပါပမိတ္တပါပဲ။ ပါပမိတ္တနဲ့ ပေါင်းရင် သီလပျက်တတ်ပါတယ်။◆

စာသင်တိုက်ကြီးတစ်ခုက စာသင်သားရဟန်းပျိုတစ်ပါးကို သူ့ရဟန်းဒကာမကြီးတစ်ယောက်က “စာချည်းပဲ ဖိလုပ်မနေနဲ့၊ အဂ္ဂမဟာပဏ္ဍိတစတိုင် ဖမ်းမနေနဲ့၊ လူငယ်ဆိုတာ စိတ်ကို ချုပ်တည်းမထားရဘူး၊ စိတ် လွတ်လွတ်လပ်လပ် နေရတယ်၊ လာ.. ဗီဒီယိုကြည့်ရအောင်” ဆိုပြီး တစ်ခါတစ်ရံ သူ့အိမ်ပင့်လို့ ဗီဒီယိုအခွေ အတင်းကြည့်ခိုင်းပါသတဲ့။
ကွယ်ရာကျတော့ အဲဒီရဟန်းပျိုလေးကို “ဗီဒီယိုကြည့်ပါတယ်၊ ၀ိနည်းလည်း မလေးစားဘူး” ဆိုပြီး အတင်းပြော အပုပ်ချပါသတဲ့။ စာသင်သားဘ၀က လွန်မြောက်ပြီး ဆရာတော်တစ်ပါး ဖြစ်သွားတဲ့အခါ မှာတောင် အဲဒီကိစ္စကို ငယ်ကျိုးငယ်နာတစ်ခုအနေနဲ့ ပါးစပ်အရသာခံ အပုပ်ချနေတုန်းဆိုပဲ။ သြော်… ပါပမိတ္တများ တယ်ကြောက်စရာကောင်းပါလား…။
တချို့ ကိုယ့်ကို ချစ်သလိုလို၊ ကိုယ့်အကျိုးကို လိုလားသလိုလိုနဲ့ ကိုယ့်ရဲ့ သီလကို ဖျက်ဆီးတတ်ပါတယ်။ ကိုယ့်ရှေ့မှာတော့ ပြုံးပြုံးပြုံးပြုံးနဲ့ ပျော်ရွှင်ရယ်မောလို့၊ အလိုတူကျေနပ်လို့။ ကွယ်ရာကျတော့မှ “ပေါင်းကြည့်မှ အကြောင်းသိတယ်” ဆိုပြီး အတင်းပြော၊ အပုပ်ချတတ်ပါတယ်။ ကိုယ့်သတင်းလည်း ပုပ်၊ သူ့ပါးစပ်လည်း ပုပ်၊ ကိုယ်ပုပ်သူပုပ် နှစ်ယောက်လုံး ပုပ်တော့ ဘယ်မှာလာ ကောင်းပါတော့မလဲ။
သီလပျက်အပုပ်နံ့ဟာ “တစ်ခါတစ်ရံ” ဆိုပြီးတော့လည်း ချမ်းသာမပေးပါဘူး။ “စ တာ၊ နောက်တာပါ” ဆိုပြီးတော့လည်း ညှာတာခြင်း မရှိပါဘူး။ “အချင်းချင်းမို့” ဆိုပြီးတော့လည်း နားလည်ခွင့်လွှတ်ခြင်း မရှိပါဘူး။

ကိုယ်ကျင့်သီလနဲ့ ပတ်သက်လာရင် ဘယ်သူ့မှ မယုံကြည်တာ၊ ဘယ်သူ့မှ အားမနာတာ၊ ဘယ်သူ့မှ မလိုက်လျောတာ၊ ဘယ်သူ့မှ မစ မနောက်တာ၊ ဘယ်သူ့မှ မချစ်ခင်တာ အကောင်းဆုံးပါပဲ။ ပါပမိတ္တနဲ့ တွေ့သွားရင် လိုတာထက်ပိုပြီး အပုပ်နံ့ ထွက်သွားပါလိမ့်မယ်။
သီလရနံ့ဟာ အမွှေးပျံ့ဆုံးရနံ့လို့ သီလကို ခေါင်းတပ်ပြီး ဆိုထားပေမယ့် သီလတစ်ခုတည်းတော့ မဟုတ်ပါဘူး။ သတိ၊ သမာဓိ၊ ပညာ စတဲ့ သူတော်ကောင်းတရားတွေအားလုံး ပါဝင်ပါတယ်။ သီလဆိုတာ ကိုယ်ပေါ်၊ နှုတ်ပေါ်မှာ ထင်ရှားလို့ ထင်ထင်ရှားရှားတစ်ခုကို ပဓာနပြု ခေါင်းတပ်ပြီး သီလရနံ့လို့ ဆိုထားတာပါ။

★တကယ်တော့ သီလမရှိဘဲနဲ့ သမာဓိ၊ ပညာ မပြည့်စုံနိုင်သလို သမာဓိ၊ ပညာ မရှိဘဲနဲ့လည်း သီလမပြည့်စုံ နိုင်ပါဘူး။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်နေပါတယ်။ အဆင့်အမြင့်ဆုံး သီလဟာ ရဟန္တာပုဂ္ဂိုလ်ရဲ့ သီလပါ။ သမာဓိ၊ ပညာ မကျင့်ဘဲနဲ့ ရဟန္တာ မဖြစ်နိုင်ပါဘူး။ ဒါဆို သီလ အကြွင်းမဲ့ ဖြူစင်ချင်ရင် သမာဓိ၊ ပညာအကျင့်တွေကို မဖြစ်မနေ ကျင့်ကိုကျင့်ရမယ်ဆိုတာ သေချာသွားပါတယ်။★

“ကိုယ်ကျင့်သီလ အကြွင်းမဲ့ ပြည့်စုံချင်ရင် သတိပဋ္ဌာန်တရား ပွားများရမယ်” လို့ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြားတော်မူထားပါတယ်။ ကိုယ်ကျင့်သီလရဲ့ သဘောတရား၊ အကျိုးအပြစ်ကိုလည်း ဆင်ခြင်နှလုံးသွင်းမယ်၊ ကိုယ်ကျင့်သီလ ချိုးဖောက်လိုတဲ့ စိတ်ကိုလည်း သတိပဋ္ဌာန်နည်းကျ ရှုပွားသွားမယ်ဆိုရင် ကိုယ်ကျင့်သီလ ဖြူစင်သူ ဖြစ်လာနိုင်ပါတယ်။
သီလဆိုတာ ကိုယ်နဲ့ နှုတ်ကို စောင့်ထိန်းတာလို့ ဆိုပေမယ့် စိတ်မနိုင်လို့သာ ကိုယ်နှုတ်လွန်ကျူးနေကြတာမို့ စိတ်ကို နိုင်နင်းစေနိုင်ရာမှာ အကောင်းဆုံးနည်းဖြစ်တဲ့ သတိပဋ္ဌာန် ၀ိပဿနာတရားကို သီလဖြူစင်လိုသူတိုင်း ကြိုးကြိုးစားစား ပွားများအားထုတ်ကြဖို့ အထူး အရေးကြီးလှပါတယ်။

တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ ဖြစ်ပါတယ်လို့ “သီလဂန္ဓောအနုတ္တရော” ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း လူသားတိုင်း ကိုယ်ကျင့်သီလရနံ့ ဆိုတဲ့ အနှိုင်းမဲ့ရနံ့နဲ့ အကြွင်းမဲ့ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် …..။

အပ္ပမာဒေန သမ္ပာဒေထ။

[ အပ္ပမာဒမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၀။ ]

( ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ၏ "အနှိုင်းမဲ့ရနံ့ " စာအုပ်မှ ပြန်လည်ကူးယူဖော်ပြ၍ ဓမ္မဒါနပြုပါသည်။ )

-------------------------*-------------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။ လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Views: 169

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service