ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ညီမလေးဖတ်ဖို့(၅)


ညီမလေးရေ အမေနဲ့ပတ်သတ်ပြီး အရင်တုန်းကအပြောခဲ့ဖူးတာကြောင့် အမေနေ့မှာတုန်းက အစ်ကိုမပြောခဲ့ရဘူး။ ဒါပေမယ့် ပြောစရာလေးတွေတစ်ချို့တစ်လေကျန်နေသေးလို့ပြောရဦးမယ်။ အစ်ကိုတို့သားသမီးတွေက အများအားဖြင့် အမေ့အကြောင်းပဲ ရေးကြပြောကြတော့ အဖေကိုမေ့နေသလိုဖြစ်မယ်။ ဒါကြောင့် ဒီနေရာမှာ မိဘနှစ်ပါးလို့ သုံးမယ်၊ ပြောမယ်နော်။ ဒါမှအဖေလည်းကျေနပ်သွားမှာ။ ဒီနေ့ပြောချင်တာက မိဘနှစ်ပါးနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်ဆံ၊ ပြောဆိုရမလဲဆိုတာကို ပြောပြချင်တာပါ။

မိဘတွေရဲ့ ဂုဏ်ကျေးဇူးဘယ်လောက်ကြီးမားတယ်ဆိုတာ ပြောပြနေရင် ကုန်မှာ ဆုံးမှာမဟုတ်တဲ့အတွက် အများကြီးမပြောတော့ပါဘူး။ ပြောပြန်ရင်လည်း သူတို့ ရဲ့ဂုဏ်ဒြပ်တွေကို အစ်ကိုပြောတဲ့ စကားလုံးတိုင်းက သိဒ္ဓိမြောက်အောင် စွမ်းဆောင်မြှင့်တင်ပေးနိုင်မယ်လို့ မထင်လို့ပါ။ အဲဒီလို ဂုဏ်အင်ကြီးမားသူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ညီမလေးအနေနဲ့အမှားတွေပြောမိ၊စိတ်ထဲမှာအတေးလေးတွေဖြစ်သွားမှာစိုးရိမ်လို့ပါ။ကာယကံအနေအားဖြင့်တော့ ပြောစရာမလိုပါဘူး။ လူသားပီသသူ ဘယ်လိုလူကမှ ကျူးလွန်လိမ့်မယ် မဟုတ်ဘူးဆိုတာ အစ်ကိုယုံကြည်ထားလို့ပါ။

ညီမလေးမှတ်မိသေးလားမသိဘူး။ အစ်ကိုတို့ငယ်ငယ်တုန်းက အင်း…အတိအကျခန့်မှန်းပြောရရင် အစ်ကိုက ဆယ့်နှစ်နှစ်၊ ညီမလေးက ဆယ်နှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်။ အဲဒီတုန်းက တစ်နေ့..အဖေဘာစိတ်ကူးတွေပေါက်လာတယ်မသိဘူး။ အစ်ကိုတို့မောင်နှမတွေကိုသင်တယ်လေ မိဘတွေကို နေ့စဉ်ရှိခိုးရမယ်လို့ဆိုပြီး။ အဲဒီတုန်းက အစ်ကိုဟာ အဖေအမေတို့ကို ရှိခိုးရမှာ ရှက်နေခဲ့တယ်ဆိုတာ ၀န်ခံပါတယ်။ ညီမလေးကတော့ အိပ်ယာဝင်ချိန်ဆို အဖေအမေတို့ မျက်မှောက်မှာ ရှိခိုးပြီးမှအိပ်ခဲ့တယ်နော်။ အစ်ကိုကတော့ အမြဲလိုလို သူတို့တွေ ခြင်ထောင်ချပြီးအထဲဝင်သွားမှ အပြင်ကနေပြီး ကန်တော့ခဲ့တာ။ အဲဒီကတည်းက ညီမလေးဟာ ဆိုဆုံးမလွယ်တဲ့ ကလေးဆိုတာ အစ်ကိုသိခဲ့တာပါ။ အစ်ကိုကတော့ ခေါင်းမာတယ်ပြောရမလားမသိဘူး။ နိစ္စဓူဝ မလုပ်နိုင်ခဲ့ဘူးလေ။ ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီလိုကန်တော့ကြတဲ့ ဓလေ့လည်းမရှိ၊ ရှင်းရှင်းပြောရရင် ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတာလည်းတစ်ကြောင်းကြောင့် ဘာရယ်မဟုတ်ပဲ ရှက်ခဲ့မိတာလို့အစ်ကိုတွေးမိတယ်။ တကယ်တော့ ဒါမျိုးအပြုအမူတွေဟာ ရှက်စရာမဟုတ်ဘဲ ဂုဏ်တောင်ယူရမယ့် အလေ့အထကောင်းလေးတွေဆိုတာ အရွယ်ရောက်လာတော့မှ ပိုပြီးသိလာခဲ့ရတယ်လေ။

မိဘတွေနဲ့ အဝေးကိုရောက်လာတော့လည်း ကိုယ်ရောက်ရာပတ်ဝန်းကျင်မှာ မိဘကို ရှိခိုးလေ့ ရှိခိုးထရှိတဲ့သူတွေကို မမြင်ရပြန်ဘူး။ မိဘတွေကပဲ မသင်လို့လား၊ ဒါမှမဟုတ် အစ်ကို့လိုပဲ တလွဲအမြင်နဲ့ ရှက်တက်နေကြတာလားတော့မသိဘူး။ အဲဒါနဲ့ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်တဲ့သူ တစ်ချို့ကိုမေးကြည့်တော့ သူတို့တွေဆီက ရေရာတိကျစွာပြန်ဖြေတဲ့ အဖြေမျိုးကို အစ်ကိုစိတ်ကျေနပ်လောက်တဲ့အထိမရခဲ့ဘူး။ အဲဒါနဲ့ သူတို့မိဘတွေဘက်ကို ပြန်ပြီးလေ့လာကြည့်တော့လည်း တစ်မျိုးမဟုတ်တစ်မျိုး ချို့ယွင်းချက်လေးတွေကိုယ်စီရှိနေကြတယ်လေ။ အဲဒီမှာ အစ်ကိုတွေးကြည့်တယ်။ သားသမီးတွေမိဘကို ရှိခိုးလေ့ မရှိတဲ့အကြောင်းတွေထဲမှာ မိဘတွေရဲ့ ပယောဂ များပါသလားလို့ပါ။

ကလေးတွေရဲ့စိတ်ထဲမှာ ရှက်တာလား၊ လုပ်လေ့လုပ်ထမရှိလို့များလား၊ ပြီးတော့ မိဘတွေက ငယ်ငယ်က တည်းက သင်မပေးခဲ့ကြတာလား၊ တစ်ချို့ကြတော့ မိဘတွေဘက်က သားသမီးတွေ လေးစားမှု့လျော့နည်းစေတဲ့ လုပ်တဲ့အလုပ်လေးတွေမှားနေတာလား စသဖြင့် အစ်ကိုတွေးကြည့်တယ်။ အဖြေအမျိုးမျိုးလည်းထွက်ပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ်ညီမလေးရယ် ကိုယ်တိုင်ကရှက်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ကမိဘတွေအပေါ် အမြင်ယိမ်းနေလို့ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့။ မိဘကို အမြဲတမ်း ရှိခိုးကန်တော့သင့်တယ်လို့ အစ်ကို တိကျတဲ့အဖြေကို ထုတ်ပေးချင်တယ်။ တကယ်လို့ ဘ၀ပေးအခြေအနေကြောင့် လမ်းချော်နေတဲ့ မိဘဖြစ်စေ၊ သူတို့တကယ်ပဲ မှားယွင်းနေပါစေ ညီမလေးဟာ မိဘဆိုတဲ့ ဂုဏ်ပုဒ်ကိုလေးစားတဲ့အနေနဲ့ သေချာပေါက် ကန်တော့ရှိခိုးသင့်ပါတယ်။

လူတစ်ယောက်ဟာ လူတစ်ယောက်အပေါ် လေးစားတယ်ရိုသေတဲ့ ဆက်ဆံမှု့မျိုးပေးလိုက်ရင် အနည်းဆုံး သူ့ဆီက အမြင်ကြည်လင်တဲ့ တန်ပြန်လေးစားမှု့မျိုးကို ရတက်သေးရင် မိဘတွေကို ကိုယ်ကရှိခိုးခြင်းဆိုတဲ့ သားသမီးတို့ရဲ့လေးစားရိုသေမှု့မျိုးကိုပေးလိုက်တဲ့အတွက် ခံယူလိုက်ရတဲ့ မိဘတွေဘက်မှာ ဖရဏာပီတိ ဂွမ်းဆီထိဆိုသလို ပြောမပြတက်တဲ့ ပီတိကို ခံစားရမှာတော့ အသေအချာပါပဲ။ ဒါတင်ပဲလားဆိုတော့ ဘယ်ကသေးမလဲကွာ။ တစ်ချို့ဘုရားရှိခိုးလေ့မရှိတဲ့ မိဘတွေ၊ အလုပ်မှားတွေ လုပ်နေတဲ့မိဘတွေတောင် သူတို့သားသမီးတွေဆီက လက်အုပ် သုံးကြိမ်စာလေး ပြန်ရတာကြောင့် ဘုရားမရှိခိုးတက်တဲ့ မိဘတွေက ဘုရားတွေပုံမှန်ရှိခိုးကြ၊ အကျင့်မှားတွေကို ပြုပြင်ကြတာ တကယ်မြင်ဖူးတယ်ကွ။ သူငယ်ချင်းတစ်ယောက်ပြောပြတာလေးကိုလည်း သတိရမိတယ်။

ရွာတစ်ရွာမှာ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့သင်တန်းဖွင့်တော့ သင်တန်းနည်းပြဆရာတော်က ကလေးတွေကို ညအိပ်ရာဝင်ချိန်တိုင်း မိဘကိုရှိခိုးအိပ်ဖို့ သင်ပေးလိုက်တော့ ကလေးတွေက ညအိပ်ခါနီးဆို အမေလာပါဦး အဖေလာပါဦး သားတို့သမီးတို့ ကန်တော့ချင်လို့ပါဆိုပြီး အိမ်ဦးခန်းကို ခေါ်ပြီး ကန်တော့ကြတော့တာပေါ့။ တစ်ရွာလုံးဘယ်လိုထူးခြားသွားတယ်လို့ ညီမလေးထင်လဲ။ မိဘတွေအားလုံးပြောင်းလဲသွားကြတာကွသိလား။ မိဘတွေထဲမှာ တစ်ချို့က အရက်သမားတွေ၊ တစ်ချို့က ဖဲသမားတွေ၊ တစ်ချို့မိဘတွေက အတင်းတုတ်တဲ့သူတွေ စသဖြင့် စရိုက်အသီးသီးနဲ့ မိဘတွေအားလုံး နီးစပ်ရာ သက်ကြီးရွယ်အိုတွေဆီက ဆုပေးဖို့အတွက် စာတွေကျက်ကြရတော့တာပေါ့။ မယုံမရှိနဲ့ညီမလေးရေ။ တစ်ချို့မိဘတွေဟာ သားသမီးတွေက ရှိခိုးလို့ ဘယ်လိုဆုပေးရမယ်ဆိုတာတောင် သိပ်သိကြတာမဟုတ်ဘူး။ မိဘတွေအားလုံး ဆုပေးစာရွက်လေးတွေကို တတွတ်တွတ်ကျက်နေကြရတော့အထိ သားသမီးတွေရဲ့ လက်အုပ်လေးက အစွမ်းထက်တယ်လို့ ပြောရင် ညီမလေး အံ့သြသွားမယ်ထင်တယ်။


ဒီနေရာမှာကြုံလို့ အစ်ကို့သိတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ပြောပြရဦးမယ်။ သူက အသက် ၄၅ နှစ်လောက်တော့ရှိပြီပေါ့။ ညီမလေးအနေနဲ့ အတုယူ နိုင်အောင်လို့ပါ။ အဲဒီအမျိုးသမီးဟာ ဉာဏ်ပညာလည်း အလွန်ထက်တယ်။ စိတ်ကောင်းစေတနာကောင်းလည်း တကယ်ရှိတာ။ သူ့အကြောင်းကို အစ်ကိုသိသလောက်ထိုင်ပြောနေရင် ကုန်မှာမဟုတ်ဘူးလို့ ပြောရင်ညီမလေး အပိုထင်နေဦးမယ်။ ခေတ်ရဲ့သားပျို သမီးပျိုအနေနဲ့ အတုယူသင့်တဲ့ အချက်လေးတစ်ခုကိုပဲ ဒီနေရာမှာပြောချင်တာ။ အဲဒီအမျိုးသမီးဟာ အလုပ်သွားခါနီးပဲဖြစ်ဖြစ်၊ ခရီးတစ်ခုကို သွားတော့မလို့ပဲဖြစ်ဖြစ် သူ့မှာရှိတဲ့ တစ်ယောက်ထဲသောအမေကို ရှိခိုးပြီးမှ သွားလေ့ရှိတယ်။ သူ့မွေးနေ့တိုင်းမှာ ရဟန်းသံဃာတွေကိုပင့်ပြီး အလှူဒါနတွေပြုသလို သူ့အမေအတွက် သူ့ချွေးနည်းစာထဲကနေစုထားတဲ့ ငွေနဲ့ လှူဒါန်းကန်တော့လေ့ရှိတယ်။ ဟန်ပြမဟုတ်ဘူးနော်ညီမလေး။ဒီလိုမျိုးလုပ်ကြတယ်ဆိုတာလည်းသူတစ်ဦးထဲလည်းမဟုတ်ဘူး။အဲဒီလိုကျင့်ဝတ်လေးကို သူ့မိသားစု တစ်စုလုံးမှာ တည်စေခဲ့တာ။ သူတို့မျက်နှာ သူတို့အသွင်တွေဟာ အမြဲတမ်းကြည်လင်လန်းဆန်းပြီး ရဲရင့်နေကြတာကို အပြင်ကလူတွေတောင် မြင်ရတာညီမလေးရ။ သူတို့မိသားစုအားလုံး သူတို့အမေအပေါ်ဆက်ဆံပုံတွေကို သိသလောက်ပြောပြရရင်တောင် စာမျက်နှာပေါင်းမြောက်များစွာနဲ့ လုံလောက်မှာမဟုတ်လို့ မပြောတော့ပါဘူး။

အဲဒီလိုမိဘတွေအပေါ် ရိုသေလေးမြတ်စိတ်နဲ့ ပြုမူဆက်ဆံလိုက်လို့ ညီမလေးအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေရလာမယ်ဆိုတာကိုလည်း အသေးစိတ်မပြောပြတော့ဘူး။ ညီမလေးဘ၀မှာ အဆိုးဆုံးအဖြစ်အပျက်တွေနဲ့ ဘယ်တော့မှ မတွေ့နိုင်မှာတော့ သေချာပြောရဲတယ်။ဒီနေရာမှာ အစ်ကို့အနေနဲ့ ညီမလေးကို မမေ့မလျော့ မပျက်မကွက် လုပ်ဖို့တိုက်တွန်းချင်တာက ဘယ်သွားသွား ဘာလုပ်လုပ် ဘယ်နေရာရောက်ရောက် မိဘကို နေ့စဉ်ပုံမှန်ရှိခိုးပြီးမှအိပ်ပါ။ တစ်ချို့တွေက မိဘတွေမရှိကြတော့ဘူး သူတို့တွေကရော ဘယ်လိုရှိခိုးရမလဲလို့ ညီမလေးကမေးမှာပေါ့။ ဟုတ်ပါတယ် မိဘရှိသေးသည်ဖြစ်စေ။

မိဘတွေ မရှိတော့ဘူးဖြစ်စေ၊ မိဘတော့ရှိသေးတယ် ဒါပေမယ့် ကိုယ်အဝေးမှာရောက်နေလို့ဖြစ်စေ ရှိခိုးရတဲ့ကိစ္စကလွယ်ပါတယ်။ မိဘတွေသက်ရှိထင်ရှားရှိနေသေးလို့ အတူနေနေခွင့်ရရင် နေ့စဉ်ရှိခိုးဖို့ဆိုတာတော့ပိုလွယ်တာပေါ့။ မိဘတွေမရှိတော့ရင်တော့ ဓါတ်ပုံလေးကိုပဲ ကိုယ်နေတဲ့နေရာရဲ့ အမွန်မြတ်ဆုံးနရာမှာထားပြီး ရှိခိုးအိပ်နိုင်ပါတယ်။ မိဘတွေဝတ်ဆင်တဲ့ အ၀တ်အစား၊ ဆံပင်၊ ခြေရာ စသဖြင့်လည်း ကိုယ်နဲ့ သင့်တော်မယ့် အဆင်ပြေမယ့် အရာလေးတွေကိုလည်း ဆောင်ယူပြီး ပူဇော်သမှု့ ပြုနိုင်ပါတယ်ကွယ်။


နိဂုံးချုပ်အနေနဲ့ပြောရရင် ညီမလေးရဲ့ ခန္ဓာကိုယ်အသွေးအသားထဲမှာ အဖေအမေတို့ရဲ့ သွေးတွေမပျက်စီးဆင်းနေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့ညီမလေးရယ်။

တေမိ (မော်ကျွန်း)

Views: 135

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service