ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

တန်ဖိုးသိမှ တန်ဖိုးရှိတယ်

တန်ဖိုးသိမှ တန်ဖိုးရှိတယ်

လောကီရတနာတွေနဲ့ လွဲရတယ်ဆိုရင် တစ်ဘ၀၊ တစ်ခန္ဓာပဲ နစ်နာတတ်တာပါ။

လာကုတ္တရာ ရတနာတွေနဲ့ လွဲသွားလို့ကတော့ သံသရာနဲ့ချီမြီး ဆုံးရှုံးနစ်နာကြမှာပါ။

လောကရဲ့ အမွန်အမြတ်ကို"ရတနာ"လို့ ခေါ်ဆိုပါတယ်။ ရတနာဆိုတာ ပါဠိ စကားပါ။ သူ့ရဲ့ ပင်ရင်းအနက်က " တွေ့ရမြင်ရ ပိုင်ဆိုင်ခွင့်ရသူကို ကြည်လင်ရွှင်ပျ နှစ်သက်အားရ ကျေနပ်မှုကိုဖြစ်စေ ရစေတတ်သောအရာ"လို့ အဓိပ္ပါယ်ရပါတယ်။

 

ရတနာဆိုတာ ထိုက်တန်မှ"ရ" ၊ မြတ်နိုးစွာပိုက်ထွေးမှ "မြ" တတ်တာမျိုးပါ။ သူနဲ့ မထိုင်တန်ရင် "လွဲ"တတ်သလို သူ့ကို မြတ်နိုးစွာ မပိုက်ထွေးရင်လည်း "ခွဲ"သွားတတ်ပါတယ်။

ဒါကြောင့် ရတနာနဲ့ ပတ်သက်၇င် သူ့ရဲ့သဘာဝကို သိပြီး သူ့ကို မြတ်နိုးတန်ဖိုး ထားတတ်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ ရတနာတွေရဲ့ သဘာဝကို…

 

(၁) အလေးအမြတ်ပြုအပ် မြတ်နိုးထိုက်တာကြောင့်ရယ်၊

(၂) အဖိုးအနဂ္ဃထိုက်တန်တာကြောင့်ရယ်၊

(၃) အတုမဲ့ ဖြစ်တာကြောင့်ရယ်၊

(၄) တွေ့ရမြင်ရ ပိုင်ဆိုင်ခွင့်ရဖို့ ခဲယဉ်းတာကြောင့်ရယ်၊

(၅) အထက်တန်းကျ မြင့်မြတ်သူတွေရဲ့ အသုံးအဆောင်ဖြစ်တာကြောင့်ရယ်၊

ဒီအကြောင်းငါးမျိုးကြောင့်သာ အမွန်အမြတ်=ရတနာလို့ ခေါ်ဆိုသတ်မှတ်နိုင်ပါကြောင်းကို ပါဠိစာပေမှာ အနက်အဓိပ္ပါယ်အကျယ် ဖွင့်ဆိုရှင်းပြထားပါတယ်။

 

ဒီအချက်အလက်တွေကို အသေးစိတ် စဉ်းစားသုံးသပ်ကြည့်မယ်ဆိုရင် ရတနာတွေနဲ့ ထိုက်တန်တဲ့ အဖိုးတန် နှလုံးသားတစ်ခု ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ မိမိတို့ သန္တာန်မှာ ရတနာနဲ့ ထိုက်တန်တဲ့ ကံ၊ ရတနာရဲ့ တန်ဖိုးမှန်ကို သိနိုင်တဲ့ ဉာဏ် ၊ ရတနာရဲ့ တန်ခိုးအရှိန်အ၀ါကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်တဲံ ၀ီရိယ၊ သုံးပါးစလုံး ပြည့်စုံနိုင်ပါမှ "ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်ထဲမှာသာ တည်နိုင်တယ်" ဆိုတဲ့ စကားဥပမာ လို အမွန်အမြတ်ရတာဟာလည်း ကိုယ့်နှလုံးသားမှာအစဉ်အမြဲ ကိန်းဝပ် စံပယ် တင့်တယ်နိုင်မှာပါ။

 

လောကမှာ အဖိုးတန် ရတနာ(၂)ပါးရှိပါတယ်။ လောကီရတနာနဲ့ လောကုတ္တရာရတနာပါ။ လူများစုဟာ စိန်၊ ရွှေ၊ငွေစတဲ့ လောကီရတနာတွေကိုသာ ရတနာအဖြစ်နဲ့ သုံးဆောင်တတ်ကြပြီး ဘုရား၊တရား၊သံဃာ လောကုတ္တရာရတနာတွေကိုတော့ အဖိုးတန် ရတနာအနေနဲ့ မသုံးဆောင်တတ်ကြပါဘူး။ ဒီအကြောင်းကို ဆရာသမားတွေက ပုံဥပမာလေးနဲ့ တင်စားပြီး ပြောပြတတ်ပါတယ်။

 

တစ်ခါတုန်းက ကြက်မကြီးတစ်ကောင်ဟာ အမှိုက်ပုံတစ်ခုမှာ အစာရှာနေပါ တယ်။ အမှိုက်ပုံထဲမှာ စားစရာ ပိုးကောင်၊ မွှားကောင်း ကလေးတွေ ထွက်ပေါ် လာအောင် ခြေထောက်နှစ်ဖက်နှင့် ယက်ပြီးတော့ ရှာနေတာပါ။ အမှိုက်တွေကို ယက်ယင်း၊ ယက်ယင်းနဲ့ အမှိုက်ပုံထဲက နီနီရဲရဲ ပတ္တမြားခဲကြီးတစ်ခု ပေါ်လာပါတယ်။ ဒီအခါ ကြက်မကြီးက ရတနာကို ရတနာမှန် မသိနိုင်တော့ စားစရာမဟုတ်တဲ့ ဒီပတ္တမြားခဲကြီးကို "တယ်ရှုတ်တဲ့ ကျောက်ခဲကြီးပဲ"ဆိုပြီး နံဘေးကို ယက်ထုတ်ပစ် လိုက်ပါတယ်။ ဒီလို ဘေးထုတ်ခံရလို့ ပတ္တမြားခဲကြီးက တန်ဖိုးလျော့သွားမှာ မဟုတ် ပါဘူး။ တန်ဖိုးမှန် မသိတဲ့ ကြက်မကြီးမှာသာ နစ်နာစရာရှိပါတယ်။ ဒီလိုနဲ့ တန်ဖိုးသိတဲ့ လူတစ်ယောက်က အမှိုက်ပုံနံဘေးရောက်လို့ ပတ္တမြားခဲကြီးကို ကောက်ယူသွားပြီး အသုံးချလိုက်တဲ့အခါ တကယ့်သူဌေးကြီးတစ်ဦး ဖြစ်သွားပါတယ်။

 

အဲဒီ ပုံပမာလိုပဲ၊ ယခုခေတ် လူသားတွေဟာလည်း စား နေ ၀တ်ကိစ္စအတွက် လောကလူဘုံ အမှိုက်ပုံကြီးထဲမျာ လုယက်ပြီးတော့ စီးပွားရှာနေကြရတာပါ။ အဲဒီလို အလုအယက် စီးပွားရှာဖွေရင်းက (သာသနာတော်ထွန်းလင်းတဲ့ ခေတ်အတွင်းမှာ လူလာဖြစ်တော့ ကံကောင်းထောက်မစွာနဲ့ ) ဘုရား၊ တရား၊ သံဃာ ရတနာ(၃)ပါး တို့ကို တွေ့ကြုံကြရပါတယ်။ ဒီလို တွေ့ကြုံဆုံခွင့် ရကြပေမယ့် မိမိကိုယ်ကိုမိမိ မဟာကံ ထူးရှင်တွေအဖြစ် မမြင်နြိုင်ကြတဲ့ သူတွေက ရတနာကို ရတနာမှန်း မသိနိုင်တော့ "တယ်ရှုတ်တဲ့ ကျော်ကခဲတွေပါ၊ ဒီမှာ မအားသေးဘူး" ဆိုပြီး ဘ၀ထဲကနေ ဘေးကန် ချထားတတ်ကြပါတယ်။

 

အဲဒီအတွက် ရတာနာသုံးပါးမှာ ဘာမျှမဖြစ်သွားပေမယ့် အဖိုးတန်အခွင့် အရေးနဲ့ လွဲသွားခဲ့ရတဲ့လူတွေရဲ့ ဆုံးရှုံးနစ်နာမှုအတွက်တော့ကိုတော့ အင်မတန်ကြေကွဲ ၀မ်းနဲဖို့ ကောင်းပါတယ်။ ဒီအကြောင်းနဲ့ ဆက်စပ်တဲ့ ဓမ္မပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြချင် တယ်။

ဟိုးရှေးရှေးတုန်းက ရွာကြီးတစ်ရွာမှာ ဓမ္မာနန္ဒနဲ့ ဓနာနန္ဒတို့အမည်ရတဲ့ သူငယ်ချင်းနှစ်ဦးရှိခဲ့ဖူးတယ်။

 

သူတို့နှစ်ဦးဟာ ငယ်သူငယ်ချင်းတွေပီပီ တစ်ဦးအပေါ် တစ်ဦး အင်မတန်မှ ချစ်ခင်ကြင်နာကြတယ်။ သူငယ်ချင်းနှစ်ဦးဟာ ပုဂ္ဂိုလ်ရေး ခင်မင်မှု အရ နှစ်ဦးသား မကွဲမပြား တစ်သားတည်း ဖြစ်ကြပေမယ့် စိတ်ဓာတ်ရေးရာတော့ ကွဲပြားခြားနာနေကြတယ်။ ဓမ္မာနန္ဒက ရင့်ကျင်မှုအားကောင်းပြီး တရားဓမ္မကို ရှာဖွေလိုတယ်။ ဓနာနန္ဒကတော့ အပျော်အပါးမက်မောပြီး ဥစ္စာဓနကို ရှာဖွေလိုတယ် တဲ့။

 

ဒီလိုနဲ့ သူတို့သူငယ်ချင်း နှစ်ဦးဟာ အရွယ်ရောက်လာတော့ ဓမ္မာနန္ဒက တရား ရှာမယ်ဆိုပြီး သင်္ကန်းဝတ်နဲ့ တောထွက်သါားတယ်။ ဓနာနန္ဒကလည်း စီးပွားရှာမယ် ဆိုပြီး ကုန်သည်တစ်စုနဲ့ မြို့တက်သွားတယ်။ လောကရဲ့သဘ၀ကလည်း ရှာဖွေတာ ကိုပဲ ရတတ်စမြဲပါ ဒါကြောင့် တရားရှာတဲ့ ဓမ္မာန္ဒဟာ တောထဲမှာ ရဟန္တာအရှင်မြတ် တစ်ပါးနဲ့ တွေ့ပြီး တရားတော်ကို သဘောပေါက်ကာ တစ်ပါးတည်း တောရဆောက် တည်နေတော့တယ်။ (၃-၄)နှစ်လောက်ကြာမှ မြိ့ကို တစ်ခေါက်တစ်ခါပဲ ရောက်တတ် သတဲ့။ ရောက်တော့လည်း အချိန်အကြာကြီး နေလေ့မရှိဘဲ တစ်ရက်လောက် နေပြီး လို့ ကိစ္စပြီးတာနဲ့ တောကိုပဲ ပြန်ကြွလေ့ရှိတယ်။

 

စီးပွားရှာသွားတဲ့ ဓနာနန္ဒကလည်း မြိုံတော်က သူဌေးကြီးတစ်ဦးထံမှာ တပည့်ခံ ပြီး ကြိုးစား စီးပွားရှာလိုက်တာ(၃-၄)နှစ်နဲ့ သူလည်း သူဌေးကြီးတစ်ဦးဖြစ်လာသတဲ့။ ဒီလိုနဲ့ မြို့ပေါ်က သူငယ်ချင်းနဲ့ တောထဲက သူငယ်ချင်းနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး ဆုံတွေ့ခွင့်မရဘဲ နေလာလိုက်ကြတာ နှစ်ပေါင်း(၂၀)လောက်ကြာမှာ မထင်မှတ်ဘဲ သူတို့နှစ်ဦးဟာာ ပြန်လည်ဆုံတွေ့ကြသတဲ့။ အဲဒီအချိန်မှာ နှစ်ဦးစလုံးဟာ အသက်(၅၀) ကျော်နေကြပြီပေါ့။

 

အဲဒါနဲ့ သူဌေးကြီး ဓနာနန္ဒဟာ ငယ်သူငယ်ချင်း ဆရာတော် ဓမ္မာနန္ဒကို ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်ကန်တော့ပြီး နေအိမ်ကို ပင့်ဆောင်ခဲ့ပါတယ်။ သူဌေးကြီး နေအိမ်မှာ တစ်ညကျိန်းစက်စေပြီး နေအိမ်မှာ သီတင်းသုံးနေစဉ်အတွင်း ဆရာတော် ဓမ္မာနန္ဒကို ပစ္စည်းလေးပါးနဲ့ လိုသေသေးမရှိ ပြုစုလှူဒါန်းပါတယ်။ ဆရာတော် ဓမ္မာနန္ဒ ကလည်း သူဌေးကြီး ဓနာနန္ဒကို အနုမောဒနာ ပြုတဲ့အနေနဲ့ တရားတစ်ပုဒ်ဟောကြားချီး မြှင့်ခဲ့ပါတယ်။

 

တရားစောကြားလို့ ပြီးတဲ့အခါ နှုတ်ဆက်စကားပြောတဲ့အနေနဲ့ "ဒါယကာ သူဌေး ကြီး လောကမှာ တာဝန်သိသူဟာ တာဝန်ရှိတယ်။ တန်ဖိုးသိသူဟာ တန်ဖိုးရှိတယ်။ တရားသိသူသဟာ တရားရှိတယ်။”  ဒီစကား(၃)ခွန်းကို မမေ့မလျော့ အမြဲတမ်းနှလုံးသွင်း ပြီး ကျင့်ကြံအားထုတ်ပါလေ"လို့ မှာကြားပြီး တောထဲကို ပြန်ကြွသွားပါတယ်။

 

ဆရာတော် ဓမ္မာနန္ဒ ပြန်ကြွသွားတဲ့အခါ သူဌေးကြီး ဓနာနန္ဒဟာ စဉ်းစားခန်း ၀င်ပြီး ကျန်ရစ်ပါတယ်။ ဆရာတော် မှာကြားထားတဲ့ စကား(၃)ခွန်းမှာ ပထမစကား တစ်ခွန်းဖြစ်တဲ့ "တာဝန်သိသူဟာ တာဝန်ရှိတယ်"ဆိုတဲ့ စကားကတော့ လောကီစကား မို့ သူနားလည်တယ်။ တာဝန်ဝတ္တရားကို သိနားလည်သူဟာ(တာဝန်မဲ့ မနေလိုသော ကြောင့် ) ရောက်ထာတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်တာမို့ တာဝန် ရှိနေတယ်ဆိုတာ သူသဘောပေါက်ပါတယ်။

 

ဒါပေမယ့်" တန်ဖိုးသိသူဟာ တန်ဖိုရှိတယ်"ဆိုတဲ့ ဒုတိယစကားကို သူဝေ့လည် လည် ဖြစ်နေတယ်။ ဒါနဲ့ ဒီစကားနားလည်အောင် သူလက်တွေ့စမ်းသပ်မှုတစ်ခု ပြုလပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဌေးကြီးဓနာနန္ဒဟာ မီးခံသေတ္တာထဲက သူပိုင် တဲ့ အဖိုးတန် စိန် ရတနာတစ်ပွင့်ကို ထုတ်ယူလိုက်ပါတယ်။ နောက်ပြီး သူ့လူယုံ တပည့် ကိုလည်း ခေါ်လိုက်ပါတယ်။

 

လူယုံတပည့် ရောက်လာတဲ့အခါ သူဌေးကြီးက "ကဲ.. မောင်ရင်၊ ဟောဒီ စိန် တစ်ပွင့်ကို ယူသွားပြီးရင် ဈေးထဲမှာ တွေ့တဲ့သူကို ရောင်းကြည့်စမ်း၊ ရောင်းတဲ့အခါ သူပေးနိုင်တဲ့ တန်ဖိုးထက် နည်းနည်းပိုပြီးတော့ တောင်းပါ။ ပြီးရင် ငါ့ထံလာပြီး အကြောင်းပြန်ပြောပါ"လို့ မှာကြားပြီး ဈေးထဲကို လွှတ်လိုက်ပါတယ်။

 

သူဌေးကြီးရဲ့ လူယုံတပည့်ဟာ ဈေးထဲရောက်သွားတဲ့အခါ အဦးဆုံး ဖရဲသီး ရောင်း နေသူတစ်ဦးကို တွေ့ပါတယ်။ အဲဒါနဲ့ သူ့ထံသွားပြီး စိန်ပွင့်ကိုပြကာ ၀ယ်ယူ မယ်ဆိုရင် ရောင်းလိုကြောင်း ပြောပြပါတယ်။ ဒီအခါ ဖရဲသီးသည်က ယခု လောလော ဆယ်ဝယ်ဖို့ သူ့မှာ ငွေမရှိသေးကြောင်း၊ တကယ်လို့ ဖရဲသီးနဲ့ လဲလှယ် ရမယ်ဆိုရင် ဖရဲသီး(၉)လုံးအထိ ပေးနိုင်ကြောင်း ပြောပါတယ် ။

 

သူဌေးကြီးရဲ့ လူယုံကလည်း "ကဲ.. ဒါဆိုရင် နောက်ထပ် တစ်လုံးတိုးပြီး ဖရဲသီး (၁၀)လုံးပေးရင် ရောင်းမယ်လို့ ထပ်ပြော ပါတယ်။ အဲဒီအခါ ဖရဲသီးသည်က "ဘာမဟုတ်တဲ့ ဒီကျောက်သေးသေးလေးကို ဖရဲသီး(၉)လုံးပဲပေးနိုင်တယ်။ ရောင်းချင်ရောင်း မရောင်းချင်နေ၊ ဖရဲသီး (၁၀)လုံးတော့ မပေးနိုင်ပဘူးလို့ ပြောပြီး ငြင်းဆိုလိုက်ပါတယ်။

သူဌေးကြီးရဲ့တပည့်လည်း သူ့အရှင်သခင် သူဌေးကြီးထံပြန်လာပြီး ဖရဲသီးသည်နဲ့ ပြောဆိုခဲ့သမျှ ဖြစ်ကြောင်းကုန်စင် အကုန်တင်ပြပါတယ်။ သူဌေးကြီးက ဘာမျှပြန်မ ပြောဘဲ ပြုံးပြုံးကြီးလုပ်ကာ နောက်တစ်ဦးဦးထံ သွားရောင်းဖို့ ဈေးထဲကို နောက်ထပ် စေလွှတ်ပြန်ပါတယ်။

 

ဒီတစ်ခါတော့ သူဌေးကြီးရဲ့ လူယုံတပည့်ဟာ အ၀တ်အထည်တွေ ရောင်းနေသူ တစ်ဦးထံ ချဉ်းကပ်ပြီး စိန်တစ်ပွင့်ရောင်းလိုကြောင်း ပြောပြပါတယ်။ အထည်သည်က လည်း လောလောဆယ် သူ့မှာ ငွေမရှိသေးကြောင်းနဲ့ အထည်နဲ့ လှဲလှယ်ရမယ်ဆိုရင် အင်္ကျီ(၉)ထည် ပေးနိုင်ကြောင်း ပြောပါတယ်။

 

သူဌေးကြီးကြီးရဲ့ တပည့်ကလည်း "ကဲ.. ကဲ.. ဒါဆိုရင် နောက်ထပ် အင်္ကျီတစ်ထည်တိုးပြီး အင်္ကျီ(၁၀)ထည်ပေးပါး။ ရောင်း ပါမယ်"လို့ ထပ်ပြောပါတယ်။ အဲဒီအခါ အထည်သည်က "စိတ်မ၀တ်ရလို့ ဘာမျှမဖြစ် ဘူး၊ ဒီအင်္ကျီတွေက တန်ဖိုးကြီးအထည်တွေ၊ ရောင်းချင်ရင်ရောင်း၊ မရောင်းနိုင်ရင်နေ၊ အင်္ကျီကိုတော့ (၁၀)ထည် မပေးနိုင်ပါဘူး"လို့ ပြောပြီး ငြင်းဆိုလိုက်ပြန်ပါတယ်။

 

သူဌေးကြီးရဲ့ လူယုံတပည့်လည်း ပိုင်ရှင်ဖြစ်တဲ့ သူဌေးကြီးထံ ပြန်လာပြီး အထည် သည်နဲ့ ပြောဆိုခဲ့ရသမျှကို ပြန်လည်တင်ပြပါတယ်။ဒီတစ်ခေါက်လည်း သူဌေးကြီးက ဘမျှ မပြောဆိုဘဲ ရယ်ကျဲကျဲလုပ်ကာ နောက်တစ်ဦးထံ သွားရောင်းဖို့ ဈေးထဲကို ထပ်မံ စေလွှတ်လိုကပါတယ်။

ဒီတစ်ခေါက်တော့ သူဌေးကြီးရဲ့ တပည့်ဟာ ရတနာကုန်သည်တစ်ဦးထံ သွားပြီး ရောင်းပါတယ်။

 

ရတနာကုန်သည်က စိန်ပွင့်ကို ယူပြီး ကြည့်လိုက်တဲ့အခါ အဖိုးမဖြတ် နိုင်အောင် တန်ဖိုးကြီးတဲ့ စိန်ဖြစ်နေတာကို တွေ့ရပါတယ်ယ။ ဒါကြောင့် သူက သူဌေးကြီး တပည့်ကို "မောင်ရင် ဒီစိန်ဟာ တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်တဲ့ ရတနာပါ။ ဒီစိန်ရဲ့ တန်ဖိုးနဲ့ ညီမျှတဲ့ ဥစ္စာဓန အကျွန်ုပ်ထံမှာ မရှိပါဘူး။ မောင်ရင် ရောင်းလိုတယ်ဆိုပါက အကျွနိုပ်ပိုင်ဆိုင်သမျှ အားလုံးပေးအပ်ပြီး ၀ယ်ယူလိုပါတယ်"လို့ ပြောပါတယ်။

 

အဲဒါနဲ့ လူယုံတပည့်ဟာ သူဌေးကြီးထံ ပြန်လာပြီး ရတနာကုန်သည် မှာကြား လိုက်တဲ့အတိုင်း ပြောပြပါတယ်။ အဲဒီတော့မှ သူဌေးကြီးကသူ့တပည့်ကို "မောင်ရင် ငါဟာ ဒီ စိန်ကို တကယ်ရောင်းချင်လို့ ခိုင်းတာ မဟုတ်ပါဘူးကွာ၊ ဒီစိန်ရဲ့ တန်ဖိုးကို နဂိုကတည်းက ငါသိပြီးသားပါ။ ဒါပေမယ့် လူတွေဟာ တန်ဖိုးမှန်ကို သိမြင်နိုင်ရဲ့လား ဆိုတာကို သိချင်စိတ်ရှိတာနဲ့ စမ်းသပ်ကြည့်တာပါ"လို့ ပြန်လည် ပြောပြပါတယ်။

 

အဲဒီအခါမှာ လူယုံတပည့်ဟာ သူဌေးကြီးရဲ့ ရည်ရွယ်ချက်ကို သိနားလည်သွား သလို သူဌေးကြီးကလည်း ငယ်သူငယ်ချင်းဆရာတော် ဓမ္မာနန္ဒမှာကြားခဲ့တဲ့စကား (၃) ခွန်းရဲ့ အဓိပ္ပါယ်ကို သဘောပေါက်သွားပါတယ်။ "သြော်.. တန်ဖိုးသိသူ ဟာ တန်ဖိုးရှိတယ် ဆိုတာ တယ်မှန်ပါကလား၊

 

တကယ်တော့ ငါလည်း စိန်၊ ရွှေ၊ ငွေစတဲ့ လောကီရတနာတွေရဲ့ တန်ဖိုးလောက်ကိုသာ သိမြင်နိုင်တာပါ။ လောကကုတ္တရာ ရတနာတွေရဲ့ တန်ဖိုးကိုတော့ မသိမြင်နိုင်သေးပါဘူး။ ဒါကြောင့်သာ ဆရာတော် ဓမ္မာနန္ဒက "တရားသိသူဟာ တရားရှိတယ်"လို့ မိန့်တော်မူခဲ့တာပေါ့။ ဒီနေ့ကစပြီး ငါဟာ လောကုတ္ဆတရာ ရတနာတွေရဲ့ တန်ဖိုးမှန်ကို သိမြင်နိုင်တဲ့ သူဖြစ်အောင် ကြိုးစားအားထုတ်တော့မယ်"လို့ သန္နိဋ္ဌာန်ချမှတ်လိုက်ပါသတဲ့။

 

ဒီ ဓမ္မပုံပြင်ကလေးက "ရတနာကို ရတနာလို သဘောထားနိုင်မှ ရတနာရဲ့တန်ဖိုး အပြည့်အ၀ ရတတ်ပုံကို" ဖော်ပြထားလိုတာပါ။ ရတနာတွေကို ထိုက်တန်အောင် မဆက်ဆံနိုင်ရင် ရတနာတွေနဲ့ လွဲရတတ်ပါတယ်။ ရတနာကုန်သည်တွေကတော့ "ရတနာတွေကို တန်ဖိုးမှန်အောင် မဖြတ်တတ်ရင် လာဘ်ကန်တတ်တယ်"လို့ ဆိုပါ တယ်။

 

ယခုအခါ အမြတ်ဆုံးရတနာသုံးပါနဲ့ တွေ့ကြုံဆုံနေကြပေမယ့် ပုံပြင်ထဲက ဖရဲသီး သည်လို ဖရဲသီး(၉)လုံးလောက်ပဲ တန်တယ်လို့ ထင်ကြသူတွေဟာ အပြင်မှာလည်း တကယ်ရှိပါတယ်။ လောကီရတနာတွေနဲ့ လွဲရတယ်ဆိုရင် တစ်ဘ၀၊ တစ်ခန္ဓာပဲ နစ်နာတတ်တာပါ။ လောကုတ္တရာ ရတနာတွေနဲ့ လွဲသွားလို့ကတော့ သံသရာနဲ့ချီပြီး ဆုံးရှုံးနစ်နာကြမှာပါ။ ပုထုဇဉ်ဘ၀ရဲ့ အမိုက်အမဲ၊ အလွဲအမှားတွေကြောင့် သံသရာမှာ နစ်နာခဲ့ရတဲ့ ရပိုင်ခွင် အဆုံးအရှုံးတွေဟာ အသင်္ချေအနန္တပါ။

 

တကယ်တော့ လောကုတ္တရာ ရတနာတွေဆိုတာ ဘုရား၊ ရဟန္တာ အရိယာ သူတော်ကောင်းတွေရဲ့ ရင်တွင်းထွက် ကျောက်မျက်ရတနာ တွေပါ။ ကမ္ဘာတွေ အသင်္ချေချီကာ ဖြစ်တည်လာခဲ့တဲ့ ပါရမီကောင်းမှု အစုစုတွေရဲ့ အဆီအနှစ်သြဇာတွေပါ။ ဒါကြောင့် လောကုတ္တရာရတနာ ဆိုတာ လောကီရတနာတွေနဲ့ မနှိုင်းယှဉ်သာအောင် ကြီးကျယ်မြင့်မြတ်လှပါတယ်။

 

ဒီ ဘုရား၊တရား၊သံဃာ ရတနာမြတ်သုံးပါးသည်သာ "လောကဓာတ် တစ်ခုလုံးမှာ အမြင့်မြတ်ဆုံးသော မင်္ဂလာ၊ အဖိုးတန်ဆုံးဖြစ်သော ရတနာ၊ အစစ်အမှန်ဆုံးသော ကိုးကွယ်ရာ"လို့ အသိဉာဏ်နဲ့ လက်ခံပြီး သဒ္ဓါတရားနဲ့ မြတ်နိုးယုယစွာ နှလုံးသားမှာ ပိုက်ထွေးထားနိုင်ခြင်းဟာ ပုထုဇဉ်လူသားတစ်ဦး အဖို့တော့ တကယ့်ကို ကြီးကျယ် ခမ်းနားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

 

တော်ဝင်နွယ်

 

Views: 108

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service