ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ညီမလေးဖတ်ဖို့ (၆)

ဒီနေ့ ညီမလေးကို ပြောပြချင်တာထက် ဆွေးနွေးချင်တယ်ဆို ပိုမှန်မလားဘဲ။ ဘာကြောင့်လဲဆိုရင် ယနေ့ခေတ် ကလေးတွေဟာ အရွယ်ရောက်လာတာနဲ့ တပြိုင်နက် တော်သင့်တဲဉာဏ်ရည် ဉာဏ်သွေးနဲ့ ပြည့်စုံကြတာတွေ့ကြရပါတယ်။ ဒီနေ့ညီမလေးနဲ့ ပြောချင်တဲ့ အကြောင်းအရာက ဘ၀ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို အဖြေရှာတက်ဖို့ပါ။ ညီမလေးတို့အရွယ်က စားမယ်၊ အိပ်မယ်၊ ကစားမယ်၊ စာကျက်မယ်ဆိုတဲ့ သမရိုးကျဘ၀ထဲမှာပဲ နေနေကျဖြစ်နေခဲ့တော့ တစ်ခါတစ်လေ အစ်ကိုစိတ်ထဲမှာ အားမရလှဘူး။ အနောက်ဥရောပ နိုင်ငံတွေမှာဆို ငယ်ပေမယ့် တကယ်အစွမ်းထက်တဲ့သူများ တယ်ပေါသကိုး။

 

ဒါကလည်းအပြစ်တော့ ပြောလို့မရပေဘူးလေ။ မွေးဖွားရာဒေသနဲ့ ပတ်ဝန်းကျင်ကလည်း ကွာပေတာကိုး။ သူတို့မှာက လွတ်လပ်တဲ့အတွေး လွတ်လပ်တဲ့စိတ်ကူးကိုယ်စီရှိကြတယ်။ အဲဒီကလေးတွေရဲ့စိတ်ကူးကိုလည်း သူ့မိဘတွေက အကောင်အထည်ဖော်ခွင့်တွေလည်း ပေးကြတာကိုး။ အစ်ကိုတို့ဆီမှာကတော့ အသက်အရွယ်ရလာတာတောင် မိဘအရိပ်အောက်ကနေ ထွက်ခွါဖို့ မ၀ံ့ရဲလောက်အောင် ဖြစ်နေတက်တာဆိုတော့ ထုံးတမ်းအစဉ်အလာတစ်ခုလို ဖြစ်နေတာပါပဲ။ အဲဒီလိုထုံးတမ်းအစဉ်အလာတွေဟာ ကောင်းတာလည်း ရှိသလို အားနည်းချက်တွေတော့ လည်းရှိတာပေါ့လေ။ ဥပမာအားဖြင့် အစ်ကိုတို့ဆီမှာဆို မိန်းကလေး ယောက်ျားလေး အရွယ်မရောက်သေးခင် မိဘတွေက ဘယ်နေရာသွားသွားစိတ်မချကြဘူး။ တစ်ယောက်ထဲဆိုရင် ဘယ်ကိုမှ မသွားရဲ မလာရဲနဲ့ ကြောက်စိတ်တွေက တစ်ကိုယ်လုံးစီးဝင်နေတော့ အဖော်တစ်ယောက်ယောက်ပါမှ သွားရဲ လာရဲတာမျိုးတွေများတယ်။

 

တစ်ခြားနိုင်ငံတော်တော်များများက ကလေးတွေကြတော့ ဒီလိုမဟုတ်ဘူး ငယ်ငယ်ကလေးထဲက ကျောင်းတက်နေရင်းတောင် ဆရာဆရာမတွေနဲ့ လေ့လာရေးခရီးထွက်တာတို့လိုမျိုးတွေကို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သွားရလေ့ရှိတယ်။ သူတို့မိဘတွေကလည်း လွယ်လွယ်ကူကူ ခွင့်ပြုကြတယ်လေ။ ဒါကတော့ အစ်ကိုတို့ဆီနဲ့ ယဉ်ကျေးမှု့မတူလို့ဆိုပြီး အသာဘေးကပ်ထားလို့ရပါတယ်။ ခက်တာက အစ်ကိုတို့တွေဆီမှာ လူငယ်အများစုဟာ မပြောရဲမဆိုရဲနဲ့ သတ္တိမရှိဘူးပြောရမလားမသိဘူး။ ဆရာဆရာမနဲ့ဆက်ဆံတာပဲဖြစ်ဖြစ် ကိုယ့်ထက်ကြီးတဲ့သူတွေနဲ့ ဆက်ဆံတာပဲဖြစ်ဖြစ် သိပ်မရဲကြဘူး။ ရဟန်းသံဃာတွေနဲ့ဆို ပိုဆိုးတယ်။ ယောင်ယောင်ကန်းကန်းနဲ့ ဘာပြောလို့ ပြောရမှန်းမသိ။ ရှင် လို့ သုံးလို့သုံး ကျွန်မ လို့ဆိုလို့ဆို တစ်ခါတစ်လေတော့ သမီးသမီးနဲ့ပြောလို့ပြော ရှုပ်ရှက်ကို ခက်နေတာပဲ။

 

ရန်ကုန်လိုမြို့ကြီးတွေက ကလေးတွေဆို ရဟန်းသံဃာတွေနဲ့ ဆက်ဆံတဲ့အခါ သားတို့ သမီးတို့ဆိုပြီး သူတို့ကိုယ်သူတို့ပြောပြီးဆက်ဆံကြတယ်။ ထားပါလေ ဒါတွေက တဖြည်းဖြည်းနဲ့သိလာမှာပါ။ အဓိက ပြောချင်တာက ရဲရင့်မှုအားနည်းတဲ့အကြောင်းပါ။ သီရိလင်္ကာဆိုတဲ့ နိုင်ငံမှာဆို ကလေးတွေဟာ အရမ်းရဲရင့်ကြတယ်။ လူပရိသတ်တွေ အများကြီးထဲမှာလည်း စကားထွက်ပြောရဲကြတယ်။ ဆရာဆရာမ သို့မဟုတ် သူတို့ကိုစာသင်ပေးတဲ့ ဘုန်းကြီးတွေဆိုလည်း သူတို့မသိနားမလည်ရင် နားမလည်တဲ့အလျှောက် မေးခွန်းတွေထမေးရဲတဲ့အထိ ရဲရင့်ကြတယ်။ အစ်ကိုတို့ ငယ်ငယ်တုန်းကလို ဆရာမက စာသင်လို့ ကိုယ်က နားမလည်ရင် ထမမေးရဲသလိုပုံမျိုးနဲ့တော့ ကွာလှပါတယ်။ နောက်ပြီးတော့ တစ်ခုခက်တာက ညီမလေးတို့တွေဟာ နှစ်စဉ်အတန်းစဉ်လိုက် စာမေးပွဲကိုအောင်လာကြတာ အသက်ဆယ့်ငါးနှစ် ဆယ်ခြောက်နှစ်လောက်မှာ ဆယ်တန်းအောင်ကြတာများပါတယ်။

 

အဲဒီမှာ အများဆုံးတွေ့ရတာက သူတို့ဆုံးဖြတ်ချက်တွေပါပဲ။ အဲဒီအချိန်မှာ သူတို့တွေဟာ တစ်ခုခုကို အတိအကျဆုံးဖြတ်ဖို့ တိကျရေရာတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်သေးတာပါပဲ။ အစ်ကိုနဲ့ရင်းနှီးတဲ့ မိသားစု တစ်စုက ကလေးတစ်ယောက်ဆိုရင် အရမ်းတော်တာ နှစ်စဉ်အတန်းတိုင်းမှာ ပထမရလေ့ရှိတယ်။ တိုင်းအဆင့်တွေတောင် ၀င်တယ်။ သူဟာဆယ်တန်းကို ဆေးကျောင်းမှီတဲ့အမှတ်နဲ့ကို အောင်တာပါ။

စာမေးပွဲအောင်ဂေဇက်မထွက်မှီတုန်းက သူ့ကိုမေးကြည့်မိသေးတယ်။ မင်းဆယ်တန်းအောင်ရင်ဘာလုပ်မှာလဲ၊ ဘာဖြစ်ချင်တာလဲလို့ မေးတော့ ရေရေရာရာ မဖြေနိုင်ကြဘူး။ ဒီလိုတွေ ဘာလို့မေးရတာလည်း ဆိုရင် တစ်ချို့ကလေးတွေက သူတို့ဖြစ်ချင်တာက တစ်ခြား မိဘတွေဖြစ်ချင်တာက တစ်ခြားဖြစ်နေတက်ကြတယ်လေ။

 

လူဆိုတာ ကိုယ်စိတ်ဝင်စားတာကို လုပ်မှအောင်မြင်တာ ကြီးပွားတာမဟုတ်လား။ စီးပွားရေးလုပ်ချင်နေတဲ့ကလေးကို ဆေးကျောင်းတက်ခိုင်းတာဟာ သူ့ဦးနှောက်တွေကို ကန့်သတ်လိုက်သလိုပါပဲ။ မြန်မာစာစိတ်ဝင်စားတဲ့ကလေးကို အင်ဂျင်နီယာလိုင်းတက်ခိုင်းနေသလိုမျိုးဆိုရင် သိပ်အထာမကျဘူးထင်တယ်။ ကိုယ်စိတ်ဝင်စားတဲ့ အရာကို သင်မှ ပေါက်ရောက်မှာဖြစ်ပါတယ်။ အဲ ဒီနေရာမှာ အဓိကကျတာကတော့ မိမိကိုယ်တိုင်က ဘာဖြစ်ချင်တာလဲ ဆိုတာ အတိအကျသိဖို့ပါပဲ။ ကိုယ်ကိုယ်တိုင်ကမှ ဘာမှရေရာစွာ မဆုံးဖြတ်နိုင်ရင်တော့ မဟုတ်သေးဘူး။ အစ်ကိုကတော့ ကိုယ်ဖြစ်ချင်တာကို ရအောင်လုပ်ခဲ့တာပဲ။ ဖြစ်အောင်လဲ လုပ်ခဲ့တယ်။ အခုဆိုရင် အစ်ကိုရချင်တဲ့ အနေအထားကို လုံးဝရောက်ပြီလို့ မဆိုသာတောင် အဲဒီလမ်းပေါ်ကိုရောက်နေပြီလို့ပြောလို့ရနေပါပြီ။

 

သူငယ်ချင်းတွေ တော်တော်များများနဲ့ စကားပြောဖူးတယ် ဘ၀ရည်မှန်းချက်တွေနဲ့ ပတ်သတ်ပြီးဆိုပါတော့။ အများစုက ဝေး၀ါးဝါးရယ်ပါ။ တိကျရေရာတဲ့ ပန်းတိုင်ဆိုတာ မရှိဘူး။ ခုပြန်ကြည့်တော့ သူတို့လည်း ဒီနေရာက ဒီနေရာပါပဲ။ မရွေ့ဘူးလေ။ ဒါဟာ ဘာလဲဆိုရင် ဆုံးဖြတ်ချက်မရဲတာ။ ဆုံးဖြတ်ချက်မချရဲတာထက် ဆုံးဖြတ်ချက်ချရမယ်ဆိုတာ မသိတာလို့ပဲ သုံးသပ်မိတယ်။ ညီမလေးတို့အရွယ်ဟာ မိဘအုပ်ထိမ်းသူအောက်မှာနေတာကောင်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ရှေ့ဆက်ဘာလုပ်မယ်၊ ဘာလုပ်ချင်တယ်ဆိုတဲ့ စိတ်ကူး ရည်မှန်းချက်တော့ ကိုယ့်ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်စေချင်တယ်။ ဒီလိုပြောလို့ မိဘတွေကို ဆန့်ကျင်ခိုင်းနေတာမဟုတ်ဘူးနော်။ အတွေးမချော်လေနဲ့။ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာကို မိဘကို ဖွင့်မပြောတဲ့အခါကြတော့ သူတို့က သူတို့ဘာသာ စီစဉ်လိုက်ကြရော။ပြီးတော့မှ ကိုယ်က အဲဒီအရာအပေါ်မှာ စိတ်က မပါဘူးဆိုတော့ မိဘတွေပိုက်ဆံတွေ ဖြုန်းတီးရာကျတာပေါ့။

 

တစ်ချို့ဆိုလည်း ဘွဲ့တွေလည်းရထားတယ် စီးပွားရေးတစ်ခုခု ကို လုပ်နိုင်မယ့် ငွေကြေးလည်း ပြည့်စုံပါရက်နဲ့ မစွန့်စားရဲကြပြန်ဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ တိကျရေရာတဲ့ ပန်းတိုင်သတ်မှတ်ချက်မရှိလို့ပါပဲ။ တစ်ချို့တွေကြပြန်တော့ ပညာသင်ရာမှာချို့ချို့တဲ့တဲ့နဲ့ သင်ရပေမယ့် ဘွဲ့တစ်ခုရအောင် ကျိုးစားမယ်ဆိုပြီးကျိုးစားတယ်။ ဘွဲ့ရတော့ သူဘာလုပ်မယ်ဆိုတာကိုလည်း တွေးထားတယ်။ တကယ်လည်းလုပ်တယ်။ နောက်ဆုံးတော့ သူဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်နေတော့တာပါပဲ။ အဲဒီလို ကလေးမျိုးတွေလည်း တကယ်တွေ့ခဲ့ဘူးပါတယ်။ သူတို့နဲ့စကားပြောရတာတောင် ကိုယ့်မှာအားအင်တွေတိုးလာသလို ခံစားရတဲ့အထိပါပဲ။ ဘာလို့လဲဆိုတော့ သူတို့မှာ သူတစ်ပါးကိုပြောပြနိုင်တဲ့ ပန်းတိုင်တစ်ခုသတ်သတ်မှတ်မှတ်ရှိနေလို့ပါပဲ။ ဘ၀ရည်မှန်းချက်တစ်ခုရှိနေလို့ပါပဲ။ သူတို့အောင်မြင်လိမ့်မယ်လို့လည်း အစ်ကိုယုံကြည်မိတယ်။ ဘာလို့လဲဆိုတော့ စိတ်ဆောင်ရင် အရာအားလုံးအောင်မြင်နိုင်တယ်လို့ အစ်ကိုတို့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် စိတ္တေန နီယတေ လောကော ဆိုပြီးဟောထားခဲ့လို့ပါပဲ။ စိတ်အကြီးအမှုးဖြစ်တဲ့ အဓိပတိ ပစ္စည်းကို ရင်ထဲမှာ သိုလှောင်ထားနိုင်မှတော့ သူဟာတစ်နေ့ ဧကန်မုချပဲ သူရည်မှန်းရာ၊ သူဖြစ်ချင်ရာ ပန်းတိုင်ကိုရောက်မယ်ဆိုတာ သေချာပြောနိုင်တာပေါ့။

 

ညီမလေးလည်း သတိထားမိမယ်ထင်တယ်။ ညီမလေးရဲ့အစ်မ၀မ်းကွဲတစ်ယောက်ဆိုရင် ဘွဲ့တွေ တစ်ဘွဲ့ပြီး တစ်ဘွဲ့ယူပြီး ဘာဆက်လုပ်ရမယ်မှန်းမသိဘဲေ၀၀ါးနေတာ လက်တွေ့ပဲမဟုတ်လား။ ဘာမှမလုပ်ဘဲတွေဝေနေတာထက်စာရင် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုကို လုပ်နေတာပိုကောင်းမယ်လို့ အစ်ကိုထင်တယ်။ ဘာလုပ်ရမယ်မှန်းမသိဘူးလို့ ပြောနေမှတော့ ဘာပန်းတိုင်မှ မရှိဘူးဆိုတာ သေချာနေလို့ဖြစ်မှာပေါ့လေ။ အစ်ကိုကတော့ ဘာမှမလုပ်ဘဲနေတဲ့သူတွေထက်ဘွဲ့ရပြီး တောမှာလယ်ထွန်နေတဲ့အစ်ကို့ သူငယ်ချင်းတစ်ချို့ကိုလေး စားမိတယ်။ဒီနေ့တော့ပြောတာတွေများသွားပြီ။နားလိုက်ကြစို့ညီမလေး။
ဒါကြောင့်မို့ညီမလေးလည်းဘ၀ခရီးတစ်ခုကိုလျှောက်တဲ့အခါမှာ သူများတွေဆုံးဖြတ်ပြီးသားလမ်းပေါ်လျှောက်ရတာထက်ကိုယ်ကိုယ်တိုင်ကိုယ့်ပန်းတိုင်ကိုသတ်မှတ် တက်ဖို့၊ဘ၀ရည်မှန်းချက်ကိုတိကျစွာပုံဖော်ထားဖို့နဲ့ပြီးတော့ရောက်အောင် လျှောက်ဖို့လိုတယ်ဆိုတာကို ပြောပြချင်တာပါ။

 

တေမိ(မော်ကျွန်း)

 

 

Views: 158

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service