ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

စက္ခုပါလမထေရ်


သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသခင် သီတင်း သုံးတော်မူစဉ်က ဖြစ်ရပ်ဖြစ်၏ ။ သာဝတ္ထပြည်၌ သူကြွယ် မဟာသုဝဏ္ဏသည် သားကြီး မဟာပါလနှင့် သာငယ်စူဠပါလတို့ကို လောကအလယ်၌ ထားရစ်ကာ ကွယ်လွန်ခဲ့၏ ။
မဟာပါလနှင့် စူဠပါလတို့သည် ညီနောင်အရင်း ဖြစ်ကြပါလျက် လောက အမြင်ချင်းကား မတူ။ မဟာပါလက အဆန်ကို မြင်၏ ။ စူဠပါလက အစုန်ကို မြင်၏ ။ အဆန်သည် လောကုတ္တရာ ဖြစ်၏ ။ အစုန်သည် လောကီ ဖြစ်၏ ။ မြင့်မြတ်သူတို့၏ အလုပ်သည် အဆန်ဖြစ်သော်လည်း သာမန်လူတို့ကား အစုန်၌ ယစ်မူး၏ ။ မဟာပါလက အနာခံခြင်း၌ “ရသ” ကိုမြင်၍ စူဠပါလက အသာစံခြင်း၌ “ရသ” ကို မြင်၏ ။ သို့ရာတွင် ညီအစ်ကို နှစ်ယောက်တို့သည် အချင်းချင်း များစွာ ကြင်နာကြပါ၏ ။

တစ်နေ့တွင် မဟာပါလသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားသခင်ထံတော်မှ တရားတော်ကို နာယူ၏ ။ ထိုတရားပွဲကား မဟာပါလ၏အလို အဇ္ဈသယကိုလိုက်၍ဟောသော တရားပွဲဖြစ်၏ ။ ထိုတရားပွဲ၌ ဒါနနှင့်စပ်၍လည်း ဟော၏ ။ သီလနှင့်စပ်၍လည်း ဟော၏ ။ နတ်ပြည်နှင့် စပ်၍လည်း ဟော၏ ။ လောက၏ အပြစ်၊ ယုတ်ညံ့ခြင်း၊ ညစ်နွမ်းခြင်းတို့နှင့် စပ်၍လည်း ဟော၏ ။ လောကုတ္တရာ၏ အကျိုးအာနိသင်နှင့် စပ်၍လည်း ဟော၏ ။

မဟာပါလကား ဆင်းရဲသူမဟုတ်။ မိဘနှစ်ပါးထံမှ ထိုက်တန်သော အမွေအနှစ်များကို ရထားသော သူကြွယ်ဖြစ်၏ ။ သို့ရာတွင် သူရထားသော စည်းစိမ်ဥစ္စာတို့၌ မတပ်မက်တော့။ လောကစည်းစိမ်ဟူသည် ကြွေးယူ၍ ရထားသော ဥစ္စာများသာ ဖြစ်၏ ။ ဥစ္စာစည်းစိမ်း များလေလေ ကြွေးပတ်လည် ၀ိုင်းလေလေ ဖြစ်၏ ။ ယင်းကြွေးများကို ၀ိပါကကြွေး၊ ကမ္မကြွေး၊ ကိလေသာကြွေး ဟူ၍ ခေါ်ကြောင်း မဟာပါလသည် ဇေတ၀န်ကျောင်းတော်၌ တရားတော်ကို နာယူရာမှ သဘော ပေါက်လာ၏ ။ အမှန်အားဖြင့် ဘ၀ဟူသည် ကြွေးပါတကား။ ဤသို့ မဟာပါလသည် ဉာဏ်ဖြင့် မြင်လေ၏ ။

ကြွေးကို ဆပ်ရမည်။ ဘ၀မှ လွတ်မြောက်အောင် လုပ်ရမည်။ ဤသို့ မဟာပါလ ဆုံးဖြတ်လိုက်၏ ။ မဟာပါလသည် ဇေတ၀န်ကျောင်းတော်မှ အိမ်ပြန်ရောက်လျှင် ညီငယ် စူဠပါလကို ခေါ်၍ သူ၏ စည်းစိမ်ဥစ္စာတို့ကို ပေ၏ ။ သူ၏ ဆုံးဖြတ်ချက်ကိုလည်း ပြောပြ၏ ။ ဘ၀ကြွေးမှ လွတ်မြောက်လိုပါလျှင် မြတ်စွာဘုရားသခင်၏ သာသနာတော်၌ ရဟန်းပြုမှ ပို၍ထိရောက်မည် ဟူသော အသိသည် မဟာပါလ၏ နှလုံးအိမ်၌ လွှမ်းမိုးလျက်ရှိ၏ ။

စူဠပါလသည် အစ်ကိုကြီး မဟာပါလ၏ စကားကို ကြားရသောအခါ များစွာတုန်လှုပ်၏ အစ်ကိုကြီး၏ စည်းစိမ်ဥစ္စာတို့ကို ငါ ရသည် ဆိုသော်လည်း ထိုသို့ရခြင်းသည် ငါ့အတွက် ၀မ်းသာစရာမဟုတ်၊ အစဉ်တစိုက် ကြေကွဲစရာသာဖြစ်၏ ။ မိခင် ကွယ်လွန်စဉ်ကလည်း အစ်ကိုကြီးကိုပင် မိခင်သဖွယ် တွယ်တာမိ၏ ။

နောက် ဖခင် ကွယ်လွန်ပြန်တော့လည်း အစ်ကိုကြီးကိုပင် ဖခင်သဖွယ် အားကိုးမိ၏ ။ အမှန်အားဖြင့် အစ်ကိုကြီးသည် အစ်ကိုလည်း ဟုတ်၏ ၊ မိခင်လည်း ဟုတ်၏ ၊ ဖခင်လည်း ဟုတ်၏ ။ ဤသို့ တွေးရင်း စူဠပါလသည် မဟာပါလအား မြတ်စွာဘုရားသခင်၏ သာသနာတော်၌ ရဟန်းမပြုအောင် ဉာဏ်မီသမျှ ကျိုးကြောင်းပြ၍ ကန့်ကွက်၏ ။

‘အစ်ကိုကြီး၊ အိမ်၌ များစွာသော စည်းစိမ်ဥစ္စာတို့ ရှိပါ၏ ။ ထိုစည်းစိမ်း ဥစ္စာတို့ဖြင့် ကောင်းမှုတို့ကို အိမ်၌နေရင်း ပြုခြင်းငှာ တတ်ကောင်းပါ၏ ဒါန ပြု၍လည်း ရပါ၏ ၊ သီလဆောက်တည်၍လည်း ရပါ၏ ။ သို့ဖြစ်၍ မြတ်စွာဘုရားသခင်၏ သာသနာတော်၌ ရဟန်းပြုရန် မလိုပါ ။ အကယ်၍ မဖြစ်မနေ ရဟန်းပြုလိုသည် ဆိုလျှင်လည်း ကြီးရင့်သော ကာလရောက်မှ ရဟန်းပြုတော်မူပါ’
မဟာပါလသည် စူဠပါလအား ညီလိုချစ်၏ ၊ သားလို တွယ်တာ၏ ၊ ဖြစ်နိုင်လျှင် ညီနောင်နှစ်ယောက်လုံး သာသနာ့ဘောင်သို့ ၀င်ရောက်၍ ဘ၀မှ လွတ်မြောက်ကြောင်းတရားကို အားထုတ်ရန် ဆုံးမလို၏ ။ သို့ရာတွင် ညီငယ်စူဠပါလသည် သူကဲ့သို့မဟုတ် ၊ ဘ၀၌ သာယာဖွယ်ကိုသာ မြင်၏ ၊ ဘ၀၌ ငြီးငွေ့ဖွယ်ကို မမြင်။ ဘ၀ကို မြတ်နိုးစရာ ပန်းတိုင်အဖြစ် သာမြင်၏ ၊ ဘ၀ကို အသုံးပြုစရာ တန်ဆာပလာအဖြစ် မမြင်၊ ဘ၀ကို ကိုယ်ပိုင် အဖြစ်သာ မြင်၏ ၊ ဘ၀ကို ကြွေးအဖြစ် မမြင် ။

နောက်ဆုံး၌ မဟာပါလသည် မိမိ၏ညီငယ် စူဠပါလအား မိမိ၏ စည်းစိမ်ဥစ္စာ အားလုံးကို အမွေအဖြစ် ပေးစွန့်ပြီး မြတ်စွာဘုရားသခင် သီတင်းသုံးရာ ဇေတ၀န်ကျောင်းတော်သို့ သွား၍ ရဟန်းပြု၏ ။ စူဠပါလလည်း ငိုကြွေးမြည်တမ်းရင်း ကျန်ရစ်ခဲ့၏ ။
မဟာပါလသည် ဆရာ ဥပဇ္ဈာယ်ထံ၌ ငါးဝါပတ်လုံးနေ၍ ၀ါကျွတ်သောအခါ ပ၀ါရဏာပြု၍ မြတ်စွာဘုရားသခင် အထံသို့ ချဉ်းကပ်ရှိခိုးလျက် ရဟန်းတို့၏ တာဝန်ကို လျှောက်ထားမေးမြန်း၏ ။

ပိဋကစာပေ သင်အံပို့ချခြင်းနှင့် ၀ိပဿနာတရား အားထုတ်ခြင်း ဟူ၍ တာဝန်နှစ်မျိုးရှိကြောင်း မိန့်တော်မူရာ မဟာပါလသည် ကြီးရင်သော ကာလ၌သာ ရဟန်းပြုခြင်းကြောင့် ပိဋကတ်စာပေ သင်အံပို့ချခြင်း တာဝန်ကို မထမ်းဆောင်နိုင်ဘဲ ၀ိပဿနာတရား အားထုတ်ခြင်း တာဝန်ကိုသာ ထမ်းဆောင်နိုင်သောကြောင့် ၀ိပဿနာ ကမ္မဋ္ဌာန်းတရားကို ဟောကြားတော်မူပါရန် မြတ်စွာ ဘုရားသခင်အား လျှောက်ထား၏ ။ မြတ်စွာဘုရား သခင်ကလည်း မဟာပါလအား အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်း တရားကို မဟာပါလ၏ စရိုက်အားလျော်စွာ ဟောကြားတော်မူလိုက်၏ ။

မဟာပါလသည် သီတင်းသုံးဖော် ခြောက်ကျိပ်တို့နှင့်အတူ သာဝတ္ထိမှ ယူဇနာ ၁၂၀ ကွာဝေးသော ပစ္စန္တရစ်ရွာသို့ ကြွရောက်၍ ရဟန်းတရားကို အားထုတ်၏ ။ ရဟန်းတရားကို အားထုတ်ရာတွင် ဣရိယာပုတ် လေးမျိုးအနက် အိပ်ခြင်း ဣရိယာပုတ်ကို ပယ်၍ လျောင်း၊ ထိုင်၊ ရပ်၊ ဣရိယာပုတ် သုံးမျိုးဖြင့်သာ အားထုတ်၏။ မဟာပါလသည် မည်သည့်အခါမှ မအိပ်၊ ကြမ်းပြင်ပေါ်၌ မည်သည့်အခါမျှ ကျောကုန်းကို မဆန့်။

အိပ်စက်ခြင်း လုံးဝမပြုသော အရှင်မဟာပါလအား ၀ါဆိုလလွန်၍ ၀ါခေါင်လသို့ ရောက်လျှင် မျက်စိရောဂါ ဖြစ်ခဲ့၏ ။ အိုးပေါက်မှ ယိုကျသော ရေအလျဉ်ကဲ့သို့ မျက်စိတို့မှ မျက်ရည်တို့သည် တသွင်သွင် ယိုစီးလျက် ကျကုန်၏ ။ အရှင်မဟာပါလသည် ညဥ့်သုံးယံပတ်လုံး ရဟန်းတရားကို အားထုတ်၏ ။ အရုဏ်တက်မှ ကျောင်းသင်္ခမ်းတွင်းသို့ ၀င်၍ အနားယူ၏ ။
အခြားသော သီတင်းသုံးဖော်တို့က အရှင်မဟာပါလ၏ မျက်စိရောဂါကို ကုရန်လိုကြောင်း၊ ၀ိနည်းသိက္ခာပုဒ်တော်နှင့်အညီ ဖိတ်ကြားထားသော မျက်စိကုဆရာရှိကြောင်း၊ ခွင့်ပြုပါလျှင် မျက်စိကုဆရာကို ခေါ်၍ပြသလိုကြောင်း လျှောက်ထားကြ၏ ။ အရှင်မဟာပါလကလည်း သဘောတူ ခွင့်ပြု၏ ။

သီတင်းသုံးဖော်တို့သည် မျက်စိကုဆရာအား အကြောင်းကြားလျှင် မျက်စိကုဆရာသည် ဆီကိုချက်၍ ပို့၏ ။ မျက်စိထဲသို့ ဆီထည့်နည်းကိုလည်းလျှောက်ထားလိုက်၏ ။ ဆရာကိုယ်တိုင် လိုက်လာ၍ကား မကု၊ ဆေးညွှန်းအရဆိုလျှင် ပက်လက်အိပ်ပြီး ဆီကို နှာဝမှ လောင်းထည့်ရမည်။ သို့ရာတွင် အရှင်မဟာပါလသည် တရားအားထုတ်ချိန်မှစ၍ ပက်လက်ဖြစ်စေ၊ စောင်းလျက်ဖြစ်စေ၊ မည်သည့်အနေအထားနှင့်မျှ မအိပ်ရန် အဓိဋ္ဌာန်ပြုထား၏ ။ ထို့ကြောင့် မျက်စိရောဂါ ကုသရန်အတွက် ဆေးအညွှန်းနှင့် အဓိဋ္ဌာန်အကြား တစ်ဖက်ဖက်ကို လိုက်နာရန် မဟာပါလ ဆုံးဖြတ်ရချေတော့မည်။

အရှင်မဟာပါလသည် အဓိဋ္ဌာန် အပျက်မခံဘဲ ထိုင်လျက်ပင် ဆီကိုနှာဝမှလောင်းထည့်၏ ။ မျက်စိကုဆရာ၏ ညွှန်ကြားချက်ထက် အဓိဋ္ဌာန်မပျက်ဖို့က လောကုတ္တရာရေးရာတွင် ပို၍ အရေးကြီး၏ ။ မျက်စိကုဆရာ၏ ညွှန်ကြားချက်အတိုင်း မလိုက်နာလျှင် မျက်စိရောဂါ မပျောက်ရုံသာ ရှိမည် ။ အဓိဋ္ဌာန်ပျက်လျှင် လောကုတ္တရာတရားနှင့် ပို၍ဝေးမည် ။ မဟာပါလ၏ ရည်ရွယ်ချက်က လောကုတ္တရာတရားထူးရရေးသာ ပဓာန ဖြစ်၏ ။

မဟာပါလ ရွာတွင်းသို့ ဆွမ်းခံဝင်ရာ မျက်စိကုဆရာနှင့် တွေ့၏ ။
‘အရှင်ဘုရား၏ မျက်စိရောဂါအတွက် တပည့်တော် ဆီပို့လိုက်ပါတယ် ၊ ဆီကို ခတ်ပါရဲ့လား ဘုရား’
‘ခတ်ပါတယ် ဒါယကာ’
‘ဒါဖြင့် သက်ကော သက်သာပါရဲ့လား’
‘မသက်သာပါဘူး ဒါယကာ’
‘ဆီကိုခတ်တဲ့အခါ ထိုင်ရင်းခတ်ပါသလား၊ အိပ်ပြီးမှခတ်ပါသလား’
ဤမေးခွန်းကိုမူ မဟာပါလ မဖြေတော့၊ မျက်စိကုဆရာကလည်း ဇွဲမလျော့၊ အထပ်ထပ်မေး၏ ။ မဟာပါလကလည်း ဇွဲမလျော့၊ ငုတ်တုတ်ခံ၏ ၊ မဖြေ ။

နောက်ဆုံး၌ မျက်စိကုဆရာက လက်လျှော့လိုက်၏ ။ ‘ကြွပါတော့ အရှင်ဘုရား’ ဟုလျှောက်ပြီး ကျောင်းသို့ ကိုယ်တိုင်သွားကြည့်၏ ။ မဟာပါလ၏ ကျောင်းသင်္ခမ်း၌ အိပ်ရာဟူ၍ မရှိ၊ ထိုင်ရာနှင့် စင်္ကြံလျှောက်ရာသာ ရှိ၏ ။

အမှန်အားဖြင့် မျက်စိကုဆရာ၏ မျက်စဉ်းဆီသည် ညွှန်ကြားချက်အတိုင်း လိုက်နာပါက တစ်ကြိမ်ခတ်ရုံမျှနှင့် မျက်စိရောဂါကို ပျောက်ကင်းစေနိုင်ပါသည်။ သို့ရာတွင် မဟာပါလက မလိုက်နာ။ မဟာပါလသည် သူ၏ အဓိဋ္ဌာန်ကို မဖျက်။ ထိုင်ရင်းခတ်သလား၊ အိပ်ပြီးခတ်သလား ဟူသော မေးခွန်းကိုပင် မဖြေ။ ထိုမေးခွန်းသည် ၀ိနည်းသိက္ခာပုဒ်နှင့် စပ်၏ ။ ရဟန်းတို့ မည်သည် မိမိတို့၏ အကျင့်ပဋိပတ်နှင့် စပ်လျဉ်း၍ ထုတ်ဖော်မပြောကောင်း။

မျက်စိကုဆရာသည် မဟာပါလအား ကြည်ညိုပါ၏ ။ မျက်စိရောဂါကိုလည်း ပျောက်ကင်းစေလိုပါ၏ ။ ရဟန်းတရားကိုလည်း ကျင့်စေလိုပါ၏ ။ ထို့ကြောင့် မျက်စဉ်းဆီကို အိပ်ပြီးခတ်ပါရန် အကြိမ်ကြိမ် လျှောက်ထား၏ ။ တောင်းလည်းတောင်းပန်၏ ။ သို့ရာတွင် မဟာပါလက မလိုက်နာ။ မြတ်သော သူတို့သည် မိမိတို့၏ ပါရမီမြောက် အဓိဋ္ဌာန်ကို ဖျက်ရိုးမရှိ။
လုပ်ငန်းတစ်ခု အောင်မြင်ရေးအတွက် အခြေခံအနေဖြင့် အင်္ဂါ (၄)ရပ် ရှိဖို့ လို၏ ။

ယင်းအင်္ဂါ(၄)ရပ်ကို ဣဒ္ဓိပါဒ်ဟု ခေါ်သည်။ ခိုင်မာသော ရည်မှန်းချက် ရှိရမည်၊ မဆုတ်နစ်သော ကြိုးပမ်းမှု ရှိရမည်၊ စိတ်ဓာတ် ခိုင်မာရမည်၊ လုံလောက်သော ဉာဏ်ပညာ ရှိရမည်။ ဤအင်္ဂါ(၄)ရပ်ကို အခြေခံ၍ ဆောင်ရွက်ပါက လောကီဖြစ်စေ၊ လောကုတ္တရာ ဖြစ်စေ တစ်နေ့တွင် မလွဲမသွေ အောင်မြင်ရ၏ ။ တစ်နေ့တွင်ဆိုရာ၌ ဣဒ္ဓိပါဒ် ကြားမပြတ်သော “တစ်နေ့တွင်” သည် မဆုံးနိုင်သော “တစ်နေ့တွင်” ဖြစ်ပေလိမ့်မည်။

မဟာပါလသည် သူ၏ တရားအားထုတ်မှုလုပ်ငန်း၌ ဘ၀မှာ လွတ်မြောက်ရေးပန်းတိုင်အတွက် “တစ်” က ပြန်မစလို၊ ရှေ့သို့သာ တိုး၍တိုး၍ သွားလို၏ ။ ထို့ကြောင့် အဓိဋ္ဌာန်ကို ဖျက်၍ အိပ်ပြီး မျက်စဉ်းဆီကို မခတ်၊ ထိုင်လျက်သာ ခတ်၏ ။ ထိုအခါ မျက်စိရောဂါက မသက်သာ၊ တိုး၍ တိုး၍သာ လာ၏ ။

မျက်စိကုဆရာကလည်း ဆရာနာမည်ပျက်မှာ စိုးရိမ်၊ နောက်ဆုံး မတတ်သာတော့၍ မဟာပါလအား -
‘အရှင်ဘုရား၊ တပည့်တော်၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မပြုနိုင်ပါက မျက်စိရောဂါ ပျောက်ကင်းနိုင်ဖွယ် မရှိပါ။ ယနေ့မှစ၍ တပည့်တော်ကလည်း မျက်စဉ်းဆီပေး၍ ကုသတော့မည် မဟုတ်ပါ။ အရှင်ဘုရားကလည်း တပည့်တော်၏ ကုသမှုကိုခံယူနေသည်ဟူ၍ မှတ်ယူတော် မမူပါလင့်’ ဟူ၍ လျှောက်ထားပြီး အဆက်ဖြတ်လိုက်၏ ။

မဟာပါလသည် စိတ်ဓာတ်ကျခြင်းမရှိဘဲ ပို၍ပင်အားတင်းကာ ရဟန်းတရားကို အားထုတ်၏ ။ ထိုနေ့ ညဥ့်သန်းခေါင်ယံလွန်ချိန်၌ မျက်စိနှစ်ဖက်တို့သည်လည်း ကွယ်လေ၏ ။ အာသဝေါတရားတို့သည်လည်း ကုန်ခန်းလေ၏ ။ ထိုအခါ မဟာပါလသည် ဘ၀မှလွတ်မြောက်သော ရဟန္တာဖြစ်လေ၏ ။ ထိုအချိန်မှစ၍ မဟာပါအား စက္ခုပါလမထေရ် ဟူ၍ အမည်သစ် တွင်လေ၏ ။

စက္ခုပါလမထေရ် မျက်စိကွယ်သောအခါ ရွာတွင်းသို့ ဆွမ်းခံမ၀င်နိုင်တော့၊ အခြားသီတင်းသုံးဖော် ခြောက်ကျိပ်တို့က ပြုသင့်ပြုထိုက်သော ၀တ်ကြီးဝတ်ငယ်တို့ကို ပြု၏ ။ ဆွမ်းခံ၍ လုပ်ကျွေးကြ၏ ။ ဒါယကာတို့ကလည်း စက္ခုပါလမထေရ်အတွက် ကျောင်းသို့ ဆွမ်းပို့ကြ၏ ။ ထိုခြောက်ကျိပ်သော ရဟန်းတို့သည် စက္ခုပါလမထေရ်၏ အနီးကပ်သြ၀ါဒကို ခံယူ၍ တရားအားထုတ်ကြရာ သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့ နီးသောအခါ အားလုံး ရဟန္တာ ဖြစ်ကြလေ၏ ။

ဝါကျွတ်သောအခါ ထိုရဟန္တာခြောက်ကျိပ်တို့သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်ရှိ မြတ်စွာဘုရားသခင်ကို ဖူးမြော်ရန် စက္ခုပါလ မထေရ်အား လျှောက်ထားကြ၏ ။ စက္ခုပါလမထေရ်က -
‘အရှင်ဘုရားတို့နှင့်အတူ တပည့်တော်သွားလျှင် အရှင်ဘုရားတို့လည်း မချမ်းသာ၊ တပည့်တော်လည်း မချမ်းသာ ဖြစ်မည် ။ သို့ဖြစ်၍ အရှင်ဘုရားတို့ ဦးစွာသွားနှင့်ကြ။ တပည့်တော်၏ စကားဖြင့် မြတ်စွာဘုရားသခင်နှင့် ရှစ်ကျိပ်သော မဟာသာဝကတို့ကို ရှိခိုးကြ။
ထို့နောက် တပည့်တော်၏ ညီ စူဠပါလအား တပည့်တော် မျက်စိကွယ်ကြောင်း၊ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်သို့ လာရောက်နိုင်ရေးအတွက် ညီထံမှ တစ်စုံတစ်ယောက် စေလွှတ်ပေးရန် တောင့်တလျက်ရှိကြောင်း ပြောပြကြ’ ဟူ၍ မိန့်ကြား၏
ထိုရဟန္တာခြောက်ကျိပ်တို့သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်သို့ ကြွရောက်၍ မြတ်စွာဘုရားသခင်နှင့် ရှစ်ကျိပ်သော မဟာသာဝကတို့အား စက္ခုပါလမထေရ်၏ စကားဖြင့် ရှိခိုး၍ တစ်ဖန် မိုးသောက်သောနေ့၌ စက္ခုပါလမထေရ် မှာကြားသည့်အတိုင်း စူဠပါလသူကြွယ်အား ပြောကြားကြ၏ ။

စူဠပါလသူကြွယ်လည်း ရဟန္တာခြောက်ကျိပ်တို့၏ ညွှန်ကြားချက်အတိုင်း တူဖြစ်သူပါလိတကို လမ်းခရီ၌ ဘေးကင်းရန်ကင်းစိမ့်သောငှာ သာမဏေပြုစေပြီး အစ်ကိုစက္ခုပါလမထေရ်ထံရောက်လျှင် အကျိုးအကြောင်း လျှောက်ထားကာ စက္ခုပါမထေရ်၏ တောင်ဝှေးစွန်းကိုကိုင်၍ တူဝရီးနှစ်ယောက် လာကြ၏ ။

တူဝရီးနှစ်ယောက် လာကြရာ လမ်းခရီးအကြား ကဋ္ဌနဂရရွာသို့ ရောက်၏ ။ ကဋ္ဌနဂရရွာမှ ထွက်၍ တော၌သီချင်းဆိုလျက် ထင်းခွေနေသော အမျိုးသမီးငယ်၏ သီချင်းသံ၌ တပ်မက်ကာ ပါလိတသာမဏေသည် ဦးရီး စက္ခုပါလမထေရ်အား ခေတ္တရပ်တန့်တော်မူပါရန် လျှောက်ထားပြီး အမျိုးသမီးငယ်ထံသွား၏ ။ သာမဏေနှင့် အမျိုးသမီးငယ်တို့ မှောက်မှားကြ၏ ။

ယခုပင် သီချင်းသံ ကြား၏ ၊ ယခုပင် သီးချင်းသံ ပျောက်၏ ။ သာမဏေသည်လည်း ကြာမြင့်၏ ။ သာမဏေနှင့် အမျိုးသမီးငယ်တို့သည် မှောက်မှားခြင်း ဖြစ်တန်ရာ၏ ။ သာမဏေသည်လည်း သီလပျက်စီးခြင်း ဖြစ်တန်ရာ၏ ဟူ၍ စက္ခုပါလမထေရ် ဆင်ခြင်မိ၏ ။

သာမဏေသည် မိမိကိစ္စပြီး၍ ဦးရီးထံ ပြန်လာကာ ရှေ့ခရီးဆက်ရန် လျှောက်ထား၏ ။ ဦးရီးကလည်း သာမဏေအား ‘သာမဏေ၊ သင်သည် အမျိုးသမီးငယ်နှင့် မှောက်မှား၍ သီလပျက်ခဲ့ပြီ မဟုတ်လား’ ဟူ၍ မေး၏ ။သာမဏေက မဖြေ၊ ဦးရီးကလည်း ထပ်ကာထပ်ကာမေး၏ ။ သာမဏေကမူ ဆိတ်ဆိတ်။

စက္ခုပါလမထေရ်သည် တူသာမဏေအား မိမိ၏ တောင်ဝှေးစွန်ကို အကိုင်မခံဘဲ နှင့်ထုတ်လေ၏ ။ သာမဏေကမူ မျက်စိနှစ်ဖက် ကွယ်နေသော ဦးရီးတော် မထေရ်သည် တောအုပ်အလယ်၌ ဒုက္ခရောက်မည်ကို စိုးရိမ်ပြီး အမျိုးမျိုး တောင်းပန်လျှောက်ထား၏ ။ သာမဏေဘ၀နှင့် မကိုင်ရလျှင် လူဘ၀နှင့် ကိုင်မည်ဖြစ်ကြောင်း ထပ်၍လျှောက်၏ ။ စက္ခုပါလမထေရ်က လုံးဝခွင့်မပြု။ ထိုအခါ သာမဏေသည် ကြီးစွာသောနောင်တဖြင့် ချစ်လှစွာသော ဦးရီးထံပါးမှ ငိုကြွေးမြည်တမ်းလျက် ဖဲခွာရလေ၏ ။

ကိုယ်ကျိုးကိုယ်စီးပွားကို ငဲ့၍ ကိုယ်ကျင့်သိက္ခာ မကောင်းသူများအား လျစ်လျူရှုထားခြင်းနှင့် မိမိတို့ ယုံကြည်လိုက်နာနေသော လမ်းစဉ်များမှ သွေဖည်ခြင်းသည် မြင့်မြတ်သူတို့၏ ကျင့်စဉ်မဟုတ် ဟူ၍ စက္ခုပါလမထေရ်က နမူနာပြ၏ ။

စက္ခုပါလမထေရ်သည် မျက်စိနှစ်ကွင်း အလင်းမရသူ ဖြစ်၏ ။ ဤ ကန္တာရခရီး၌ အသက်သေသည်အထိ ဒုက္ခရောက်နိုင်၏ ။ တူဖြစ်သူ သာမဏေကလည်း လျှောက်ထား၏ ။ ကိုယ်တိုင်လည်း သိ၏ ၊ သို့ရာတွင် စက္ခုပါလမထေရ်သည် အသက်ကို တန်ဖိုးမထား၊ လောက၌ ဓမ္မထွန်းကားရေးကိုသာ တန်ဖိုးထား၏ ။ နတ်သုဓာ တစ်တင်းခွဲ၌ မစင်တစ်ပဲ အရောမခံနိုင်သူ ဖြစ်၏ ။ ရှေးသူတော်ကောင်းတို့၏ ကျင့်စဉ်ပေတကား။

စက္ခုပါလမထေရ်သည် ကန္တာခရီးထဲ၌ အဖော်မဲ့ဖြစ်၏ ။ မျက်စိလည်း မမြင်၊ သို့ရာတွင် ဤလောက၌ ဓမ္မကို စောင့်ရှောက်သော ဓမ္မဘက်တော်သားများသည် အချိန်မရွေး နေရာအနှံ့ရှိ၏ ။ ဓမ္မ၏ တန်ခိုးရှိန်စော် အာနုဘော်ကို မည်သူ အန်တုနိုင်မည်နည်း ။ နောက်ဆုံး၌ သိကြားမင်းသည် ခရီးသည်ဟန်ဆောင်၍ စက္ခုပါလမထေရ်ကို သာဝတ္ထိပြည် ဇေတ၀န် ကျောင်းအရောက် ဆောင်ယူသွား၏ ။

စူဠပါလသူကြွယ် ဆောက်လုပ်လှူဒါန်းထားသည် ကျောင်း၌ နေရာချပေး၏ ။ နောက် စူဠပါလအား အစ်ကို စက္ခုပါလမထေရ် ရောက်ရှိပြီးဖြစ်ကြောင်း သတင်းပို့၏ ။ သူတော်ကောင်းဟူက ဓမ္မ၏ တန်ခိုးတော်ကြောင့် နတ်ကောင်းမမြဲ ဖြစ်၏ ။ ထို့ကြောင့် သူတော်ကောင်းဖြစ်ရန်သာ လိုပါ၏ ။
ညီ စူဠပါလလည်း အစ်ကို စက္ခုပါလမထေရ်ထံ သွားရောက်၍ ဖူးမြော်၏ ။ အစ်ကို၏ ဘ၀ဖြစ်အင်ကိုမြင်လျှင် ခြေရင်၌ လူးလှိမ့်ငိုကြွေး၏ ။ ရဟန်း မပြုပါရန် အတန်တန် တာမြစ်သည့်ကြားက နားမထောင်ဘဲ ရဟန်းပြုသည့်အတွက် ယခုကဲ့သို့ ဒုက္ခပင်လယ်ဝေရခြင်း ဖြစ်ကြောင်းဖြင့် အပြစ်တင်၏ ။ အမှန်အားဖြင့် စဠပါလသည် ခံစားမှုချမ်းသာ “ဝေဒယိတ သုခ” ကိုသာ နားလည်ပြီး ငြိမ်းချမ်းမှုချမ်းသာ “သန္တိသုခ” ကို နားမလည်သဖြင့် ယခုကဲ့သို့ အပြစ်တင်ခြင်း ဖြစ်၏ ။ ငြိမ်းချမ်းမှုချမ်းသာသည်သာ ချမ်းသာစစ်ဖြစ်၍ ခံစားမှုချမ်းသာသည် ဒုက္ခ၏ အသွင်တစ်မျိုး ဖြစ်၏ ။

ညီ စူဠပါလသည် အစ်ကို စက္ခုပါလအား အစွမ်းကုန် ပြုစုလုပ်ကျွေး၏ ။ မိမိ၏ ကျွန်နှစ်ယောက်ကိုလည်း ကျွန်ဘ၀မှ လွတ်ငြိမ်းစေပြီး အစ်ကို မထေရ်ထံ၌ သာမဏေပြု၍ အနီးကပ် လုပ်ကျွေးစေ၏ ။ ညီငယ်တစ်ယောက်၏ တာဝန်ကျေပါပေသည်။

မြတ်စွာဘုရားသခင် သက်တော်ထင်ရှားရှိစဉ် ကာလက ဒေသအသီးသီး၌ ၀ါကပ်ကြကုန်သော ရဟန်းတို့သည် ၀ါကျွတ်သောအခါ မြတ်စွာဘုရားသခင်ကို လာရောက်ဖူးမြော်လေ့ရှိကြ၏ ။ ထိုဓလေ့အရ ဇေတ၀န်ကျောင်းတော်၌ ဘုရားဖူးလာရောက်ကြသော ရဟန်းတော်များ ရှိကြ၏ ။ ထိုရဟန်းတော်များသည် မြတ်စွာဘုရားသခင်ကိုလည်း ရှိခိုး ဖူးမြော်ကြ၏ ။ ရှစ်ကျိပ်သော မဟာသာဝကတို့ကိုလည်း ရှိခိုး ဖူးမြော်ကြ၏ ။ ဇေတ၀န်ကျောင်းတော် ပရ၀ုဏ်အတွင်းရှိ ကျောင်းငယ်များကိုလည်း လှည့်လည် ကြည့်ရှုကြ၏ ။

ဘုရားဖူး ရဟန်းတော်များသည် ကျောင်းစဉ် လှည့်လည် ကြည့်ရှုကြရာ စက္ခုပါလမထေရ်၏ ကျောင်းသို့ရောက်လျှင် မိုးကြီးသည်းထန်စွာ ရွာသွန်း၏ ။ ထို့ကြောင့် ထိုနေ့အဖို့ ကျောင်းစဉ်လှည်လည်ခြင်းကို ရပ်တန့်လိုက်၏ ထိုညဥ့်၌ မိုးသည် ပထမယံပတ်လုံး ရွာသွန်း၍ သန်းခေါင်ယံ၌ လင်းစင်၏ ။

စက္ခုပါလမထေရ်သည် မိုးသောက်ယံ၌ စင်္ကြံသွားလျှင် မိုးရေစွတ်စို ဖြစ်သော မြေမှထွက်လာသော ပိုးဖလံမျာစွာကို နင်းမိသဖြင့် ပိုးဖလံတို့ သေကြကုန်၏ ။ စင်္ကြံလမ်းသည် ပိုးဖလံသေတို့ဖြင့် ပြွမ်း၏ ။ စက္ခုပါလ မထေရ်၏ သာမဏေတို့ တံမြက်မလှည်းမီ ဘုရားဖူးရဟန်းမျာသည် စက္ခုပါလမထေရ်၏ ကျောင်းသို့ ရောက်လာကြပြီး စင်္ကြံလမ်းရှိ ပိုးဖလံသေများကို တွေ့ကြ၏ ။

စင်္ကြံလမ်း၌ ပိုးဖလံမျာကို စက္ခုပါလမထေရ်က စင်္ကြံသွားခြင်းအားဖြင့် သတ်ပါကြောင်း ဘုရားဖူးရဟန်းများက မြတ်စွာဘုရားသခင်အား လျှောက်ထားကြ၏ ။ မြတ်စွာဘုရားသခင်က ‘ရဟန္တာတို့အား သေစေလိုသော စေတနာမရှိ’ ဟူ၍ ဟောတော်မူ၏ ။ ထိုအခါမှ စက္ခုပါလမထေရ်သည် ရဟန္တာဖြစ်ကြောင်း သိရှိကြပြီး ရဟန္တာဖြစ်ပါလျက် မျက်စိကွယ်ခြင်းနှင့် စပ်လျဉ်း၍ သဘောမပေါက်သော ပရိတ်သတ်အား မြတ်စွာဘုရားသခင်က ဤသို့ ဟောကြားတော်မူ၏ ။

- ဓမ္မတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏ ။ စိတ်လျှင် အကြီအမှူး ရှိကုန်၏
စိတ်လျှင် အထည်ကိုယ်ရှိကုန်၏ ။

- မကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ်မိပါက ထိုသို့ ပြောဆိုမိ ပြုလုပ်မိခြင်းကြောင့် လှည်းဘီးသည် နွား၏ ခြေရာသို့ အစဉ်တစိုက် လိုက်နေသကဲ့သို့ ဒုက္ခသည် ထိုပုဂ္ဂိုလ်သို့ အစဉ်တစိုက် လိုက်နေလေ၏ ။

ယနေ့ ကျွန်ုပ်တို့ ဖြစ်ဖြစ်သမျှသည် မနေ့က ကျွန်ုပ်တို့၏ အတွေးအမြင်များမှ ဆင်းသက်သည်။ ယနေ့ ကျွန်ုပ်တို့၏ အတွေးအမြင်များသည် မနက်ဖြန် ကျွန်ုပ်တို့၏ဘ၀ကို တည်ဆောက်ပေလိမ့်မည်။ အတွေး (သင်္ကပ္ပ) နှင့် အမြင် (ဒိဋ္ဌိ) တို့သည် မှန်ကန်သောအတွေးနှင့်အမြင်ဖြစ်ပါက မဂ္ဂင်ရှစ်ပါးတွင် သမ္မာသင်္ကပ္ပ နှင့် သမ္မာဒိဋ္ဌိ အမည်ကိုရ၍ မှားယွင်းသော အတွေးနှင့်အမြင် ဖြစ်ပါက မိစ္ဆာသင်္ကပ္ပ နှင့် မိစ္ဆာဒိဋ္ဌိ အမည်ကိုရ၏ ။ ထို့ကြောင့် အတွေးနှင့်အမြင်သည် ဘ၀အတွက် အစုန်နှင့်အဆန် လမ်းနှစ်သွယ်လုံးကို ခင်းပေးလေ၏ ။ သို့ရာတွင် အတွေးနှင့်အမြင်သည် စေတသိက်များဖြစ်၍ သူ့ချည်း မရပ်တည်နိုင်ဘဲ စိတ်ကို ရှေ့သွားပြုရ၏ ။ စိတ်ကို အကြီးအမှူး ပြုရ၏ ။ စိတ်ဖြင့် တည်ဆောက်ရ၏ ။

ကျွန်ုပ်တို့ဖြစ်ဖြစ်သမျှသည် “ဘ၀တီတိ ဘဝေါ ၊ ဘ၀တိ၊ ဖြစ်တတ်၏ ။ ဣတိ၊ ထို့ကြောင့် ။ ဘဝေါ၊ ဘ၀ မည်၏” ဟူသော ၀ိဂြိုလ်အရ “ဘ၀” ဖြစ်၏ ။ ဘ၀တွင် ၀ိပါက အပိုင်း၊ ကမ္မ အပိုင်း၊ ကိလေသ အပိုင်း ဟူ၍ အပိုင်းသုံးပိုင်း ပါဝင်၏ ။ ကိလေသာကြောင့် ကုသိုလ်ကံနှင့် အကုသိုလ်ကံ ဖြစ်ရ၏ ။ ကုသိုလ်ကံ နှင့် အကုသိုလ်ကံကြောင့် ကုသိုလ်အကျိုးနှင့် အကုသိုလ်အကျိုးး ဖြစ်ရ၏ ။ ဤ၌ ကိလေသာဟူသည် အနုသယအဆင့် ကိလေသာ ဖြစ်၏ ။ ယင်းကို ကိလေသာဝဋ် ဟူ၍လည်း ခေါ်၏ ။ ကမ္မ ဟူသည် နာနာက္ခဏိက အဆင့် ကုသိုလ်ကံနှင့် အကုသိုလ် ကံဖြစ်၏ ။ ယင်းကို ကမ္မ၀ဋ်ဟူ၍လည်း ခေါ်၏ ။ ၀ိပါကဟူသည် ကုသိုလ် ကံနှင့် အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာသော အကျိုးတရား ဖြစ်၏ ။ ယင်းကို ၀ိပါက၀ဋ် ဟူ၍လည်း ခေါ်၏ ။

ရွှေလက်ကောက်တွင် လက်ကောက်ပုံသဏ္ဏာန်သည် ၀ိပါက အပိုင်းဖြစ်။ ရွှေသားသည် ကမ္မအပိုင်း ဖြစ်၏ ။ ရွှေသားတွင်ပါဝင်သော မဟာဘုတ် ခေါ် ဓာတ်ကြီးလေးပါးသည် ကိလေသာအပိုင်း ဖြစ်၏ ။ ရွှေလက်ကောက်တွင် ဤသို့ အပိုင်းသုံးပိုင်း ပါဝင်သော်လည်း ယင်းအပိုင်း သုံးပိုင်းကို သီးခြားစီ ခွဲထုတ်၍ မရသကဲ့သို့ ကျွန်ုပ်တို့ ဖြစ်ဖြစ်သမျှ “ဘ၀” တွင်လည်း ၀ိပါက်၊ ကံ၊ ကိလေသာ ဟူသော အပိုင်းသုံးပိုင်းကို သီးခြားစီခွဲထုတ်၍ မရ ။ ဤသို့ ခွဲ၍မရခြင်းကိုပင် နွား၏ခြေရာနောက်သို့ အစဉ်လိုက်သော လှည်းဘီးနှင့် ဥပမာပြုခြင်း ဖြစ်၏ ။

စက္ခုပါလမထေရ်သည် တစ်ခုသော မျက်စိကုဆရာဘ၀က မျက်စိရောဂါရှင်တစ်ဦးအား မှားသောအတွေးနှင့် မှားသောအမြင်တို့က ခင်းပေးသော လမ်းပေါ်၌လျှောက်၍ မျက်စိကန်းအောင် ပြုလုပ်ခဲ့ဖူး၏ ။ ထိုအကုသိုလ်ကံကြောင့် ယခု နောက်ဆုံးဘ၀၌ သူမျက်စိကန်းရခြင်း ဖြစ်၏ ။ ရဟန္တာဖြစ်သွား၍ အနုသယအဆင့် ကိလေသာအပိုင်းကို ပယ်၍ တစ်ဖန် ပဋသန္ဓေနေရခြင်း “ဇာတိ” ကို ကုန်အောင် လုပ်နိုင်သော်လည်း နာနာက္ခဏိကအဆင့် အကုသိုလ်ကံကိုကား ကုန်အောင် မလုပ်နိုင်ပါချေ။

ဘ၀ခရီးကို လျှောက်ရာ၌ ကျွန်ုပ်တို့၏ စိတ်နှင့်ယှဉ်သော အတွေးနှင့်အမြင်တို့က ခင်းပေးသောလမ်းအတိုင်း လျှောက်ရ၏ ။ လမ်းမှားနှင့်လမ်းမှန်ကို မည်သူကမျှ ခင်းပေးသည်မဟုတ်။ ကျွန်ုပ်တို့၏ အတွေးနှင့်အမြင်ကသာ ခင်းပေးခြင်း ဖြစ်၏ ။ အမှန်အားဖြင့် လူ့သမိုင်းဟူသည် ကျွန်ုပ်တို့၏ အတွေးနှင့်အမြင်တို့က ခင်းပေးသော လမ်းအတိုင်း လျှောက်နေကြရသော “ဘ၀ခရီးသည်တို့၏ ခရီးသွားမှတ်တမ်း” သာ ဖြစ်ပါ၏ ။

ထို့ကြောင့် အစုန်လမ်းနှင့်အဆန်လမ်း သိုမဟုတ် လမ်းမှားနှင့်လမ်းမှန်ကို ရွေးရာတွင် လောက၌ “ဓမ္မ” ထွန်းကားရေးအတွက် ကျရောက်သမျှသော လောကဓံတရားများကို ကြံ့ကြံ့ခံကာ ပြက်ပြက်ထင်သော ရည်မှန်းချက်၊ မဆုတ်မနစ်သော ကြိုးပမ်းမှု၊ ခိုင်မာသော စိတ်ဓာတ်၊ လုံလောက်သော ဉာဏ်ပညာတို့ဖြင့် အသက်ကိုပင် မငဲ့ကွက်ဘဲ လမ်းမှန်ကိုရွေး၍ ဘ၀ခရီး လျှောက်ခဲ့သော စက္ခုပါလမထေရ်၏ အတွေးမှန်(သမ္မာသင်္ကပ္ပ) နှင့် အမြင်မှန် (သမ္မာဒိဋ္ဌိ) ကို အစဉ်တစိုက် နှလုံးသွင်း နိုင်ရန် ဤဂါထာကို မြတ်စွာဘုရားသခင် ဟောတော်မူခြင်းဖြစ်ပေ၏ ။

ဦးရွှေအောင် (ဓမ္မပဒ - မှ)


Views: 336

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service