ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ညီမလေးဖတ်ဖို့ (၉)



ဘ၀ခရီးဆိုတာ အဆင်ပြေချမ်းမြေ့ဖွယ်ရာတွေနဲ့ ကြုံရတဲ့အခါရှိသလို၊ စိတ်သောကတွေနဲ့ကြုံရတဲ့အခါလည်း ရှိတက်တယ်ဆိုတာ ညီမလေးသိမှာပါ။ လောကဓံ (၈)ပါးဆိုတာ လူတိုင်းရှောင်လွှဲမရတဲ့ တရားတွေဖြစ် လို့မလွဲမသွေကြုံတွေ့ရမယ်ဆိုတာ ညီမလေး သဘောပေါက်ထားဖို့လိုတယ်။ အဲဒီလို နိမ့်တုံ မြင့်တုံ လောကဓံတရားတွေနဲ့ ကြုံရတဲ့အခါမှာ ညီမလေးမှာ ဆိုးတူကောင်းဘက် တိုင်ပင်ဖော်တိုင်ပင်ဘက် မိတ်ဆွေရင်းချာရှိရင်တော့ သူတို့တွေက ဖြေသိမ့်စကားတွေနဲ့ ဖြေသိမ့်ပေးကောင်းပေးပါလိမ့်မယ်။

 

ဒါမှမဟုတ် မိဘတွေနဲ့ နွေးထွေးတဲ့ဆက်ဆံရေးရှိတဲ့ မိသားစုတစ်ခုဆိုရင်တော့ ကိုယ့်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ပတ်သတ်ပြီး ရင်ဖွင့်ဆွေးနွေးလို့ရရင်လည်း ကောင်းသားပေါ့။ ဒီလိုမဟုတ်ဘဲ ငါ့ညီမလေးမှာ စိတ်ထားကောင်းမွန်ပြီး ကိုယ်နဲ့ရင်ဘက်ချင်းတူလို့ ခံစားပေးနိုင်တဲ့ သူငယ်ချင်းမိတ်ဆွေများမရှိခဲ့ဘူးဆိုရင်တော့ ညီမလေးတစ်ယောက်ထဲ အခက်အခဲတွေကို ခါးသီးစွာရင်ဆိုင်ရနိုင်တယ်ဆိုတာ မမေ့ပါနဲ့။


အဲဒီလို ဘ၀လမ်းအတွင်းမှာကြုံတွေ့ရတဲ့ ပြဿနာလေးတွေရှိလာပြီဆိုရင် ကိုယ့်မှာစိတ်ဓါတ်ခွန်အားတွေ တောင့်တောင့်တင်းတင်း ရှိနေမယ်ဆိုရင်တော့ မထောင်းသာဘူးပေါ့ အဲ..ကိုယ်တိုင်က ကြံ့ခိုင်မှု့စွမ်းရည်တွေ အားနည်းနေရင်တော့ မလွယ်ဘူးညီမလေးရေ။ ဒီလိုအခါမျိုးတွေမှာ ကိုယ့်နားမှာ အကောင်းဆုံးအဖော်လုပ်ပေးနိုင်တဲ့အရာ၊ ကိုယ့်စိတ်ဓါတ်ကို ပြန်လည်မြှင့်တင်ပေးနိုင်စွမ်းရှိတဲ့ အရာတွေကို သိုမှီးသိမ်းဆည်းပြီး ကိုယ်နဲ့ ထပ်ချပ်မကွာ ဆောင်ထားသင့်တယ်လို့ အကြံဉာဏ်ပေးချင်တာပါ။ ဒါက ဘယ်လိုအရာမျိုးတွေလဲဆိုတော့ စာအုပ်စာပေတွေပေါ့ကွာ။ စာပေတွေမှတဆင့် စိတ်ဓါတ်ခွန်အားတွေ မြှင့်တင်ပြီးထိပ်တန်းရောက်သွားတဲ့ သူတွေအများကြီးရှိကြပါတယ်။

 

စာပေဆိုတဲ့နေရာမှာလဲ ကိုယ့်အတွက် တကယ်အကျိုးရှိတဲ့ စာပေမျိုးဖြစ်ဖို့တော့လိုတာပေါ့လေ။ ပေါ့ပေါ့ပါးပါး စာပေတွေဖတ်လို့ကတော့ ကိုယ်လိုချင်တဲ့ ခွန်အားမျိုးတွေပါချင်မှပါမှာပေါ့။ ဒါကလည်း ကိုယ်ကရွေးချယ်တက်ဖို့လည်း လိုသေးတယ်ဆိုတာ ပြောချင်တာပါ။ တကယ်တန်း ဘ၀ခရီးမှာ လျှောက်ရတော့မယ်ဆိုရင် သူတစ်ပါးကို အမြဲတမ်းအားကိုးအားထားနေလို့က ဖြစ်တာမျိုးမဟုတ်ဘူးလေ။ ကိုယ့်ဦးနှောက် ပြီးတော့ ကိုယ်ပိုင်နှလုံးသား ဒါတွေနဲ့ပဲ ရပ်တည်ဆုံးဖြတ်ရတာမျိုးက များတယ်လေ။ ဒါကြောင့် အကောင်းအဆိုး အကြောင်းအကျိုးတွေကို မှန်မှန်ကန်ကန် ဆုံးဖြတ်သုံးသပ်တက်ဖို့ဆိုတာ ပတ်ဝန်းကျင်ကရော စာပေထဲကပါ ဆည်းပူးလေ့လာဖို့လိုလာပြီလေ။

 

လူချင်းအတူတူ ဉာဏ်ရည်ချင်းအတူတူ တမူကွဲသွားစေတာက စာဖတ်တဲ့ခေါင်းနဲ့ စာမဖတ်တဲ့ ခေါင်းနှစ်ခုကြားက ကွာဟချက်ဖြစ်တယ်ဆိုတာ အထက်တန်းရောက်နေသူ အတော်များများက သုံးသပ်ပြောဆိုကြလေ့ရှိပါတယ်။ စာဖတ်ခြင်းဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ရာ ရောက်သလို သူတစ်ပါးကိုလည်း ကာကွယ်စောင့်ရှောက်ရာရောက်ပါတယ
စာဖတ်ခြင်းနဲ့ ပတ်သတ်ပြီး အစ်ကိုဖတ်ဖူးတာလေး ပြောပြမယ်နော်။

 

အင်္ဂလန်နိုင်ငံမှာဆိုရင်လေ လူတိုင်းနီးပါးဟာ စာဖတ်ကြတယ်တဲ့။ သူတို့ဆီမှာ ရပ်ကွက်လေးအသစ်တစ်ခု တည်ဆောက်တိုင်းမှာ မရှိမဖြစ် မပါမနေရ အရာက စာကြည့်တိုက်တဲ့ကွာ။ စာဖတ်ခဲ့ကြလို့လည်း အင်္ဂလိပ်လူမျိုးတွေဟာ နေမ၀င်အင်ပါယာကြီးကို ထူထောင်ပြီး နှစ်ပေါင်းများစွာ အုပ်ချုပ်မင်းလုပ်နိုင်ခဲ့တာလို့ပြောရင် လွန်မယ်မထင်ဘူး။ ညီမလေးလည်း တစ်ခါတစ်လေတွေ့ကောင်းတွေ့မိမယ် မြန်မာနိုင်ငံကို လာတဲ့ နိုင်ငံခြားသားတွေဟာ သူတို့ဘယ်နေရာသွားသွား စာအုပ်လေးတစ်အုပ်ပါလေ့ရှိတယ်။ မြန်မာနိုင်ငံကို လာမယ်ဆိုရင် သူတို့သွားချင်တဲ့နေရာကို အရင်ကြိုပြီးလေ့လာခဲ့ကြတာများတယ်။

 

အစ်ကိုတို့တော့ ဒီလိုမဟုတ်ပါကွာ။ ခရီးသွားတယ်ဆို သွားတယ်ဆိုရုံပါပဲ။ ဘာမှကြိုတင်လေ့လာမှု့ကလည်းမရှိ ရောက်ပြန်တော့လည်း ဘာတွေမှတ်သားလို့ ဘာတွေကို ကိုယ့်အတွက်ကျန်အောင် ယူသွားရမယ်ဆိုတဲ့ နည်းလမ်းတွေကိုနားမလည် ရောက်ပြန်ခရီးတွေပဲ များတယ်ထင်တာပဲ။ စာဖတ်တဲ့သူတွေဆိုတော့ ဘယ်အရာတွေက တန်ဖိုးရှိတယ် ဘယ်အရာတွေက မှတ်သားသင့်တယ်ဆိုတာကို သူတို့နားလည်းကြတယ်လေ။ နောက်ပြီး ဂျပန်လူမျိုးတွေဆိုရင်လည်း တော်လိုက်ကြတာ လွန်ပါရော။ တော်မှာပေါ့လေ သူတို့တွေက စာအရမ်းဖတ်ကြတယ်လို့ ကြားဖူးတယ်။ ကားစီးတဲ့နေရာမှာပဲဖြစ်ဖြစ်၊ ရထားစီးတဲ့အခါမှာပဲဖြစ်ဖြစ် စာအုပ်လေးတစ်အုပ်တော့ ဖတ်နေတက်ကြတယ်တဲ့။ ဒါဟာအတုယူစရာအလွန်ကောင်းတဲ့ အကျင့်လေးတွေပေါ့ကွာ။

 

ဒီနေရာမှာ ဖတ်ဖူးတဲ့စာအုပ်လေးတစ်အုပ်ထဲက အကြောင်းလေးကို ပြောပြချင်တယ်ညီမလေးကို။
‘Protecting oneself one protects others’
‘protecting others one protects oneself’
ဒါကဘာဆိုလိုတာလဲဆိုတော့ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် သူတစ်ပါးကို စောင့်ရှောက်ကာကွယ်ရာရောက်သလို၊ သူတစ်ကို ကာကွယ်စောက်ရှောက် ခြင်းဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပါတယ်တဲ့။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ ခိုင်မာတည်ကြည်တဲ့စိတ်ဓါတ်မျိုးတွေ ကိုယ့်နှလုံးသားထဲမှာ ထာဝစဉ်ကိန်းအောင်းနေစေဖို့အတွက် နှလုံးသားအာဟာရဖြစ်စေတဲ့ စာပေကို ဖတ်ရှူ့သင့်တယ်လို့ အစ်ကိုက တိုက်တွန်းတာပါ။

 

အစ်ကိုတို့တုန်းကဆိုရင် စာဖတ်ချင်စိတ်ရှိခဲ့တာတောင် စာအုပ်စာပေ ရှားပါးလွန်းလို့ ရှိတဲ့စာအုပ်လေးတစ်အုပ်ကိုပဲ အခေါက်ခေါက်အခါခါ ဖတ်ခဲ့ရတာ။ ကျေးလက်တောရွာလေးဆိုတော့ စာအုပ်စာပေကလည်း ရှားပါဘိသနဲ့ကွာ။ ဖတ်စရာစာအုပ်လေးတစ်အုပ်ရလာပြီဆိုရင် ပျော်လိုက်တာလွန်ပါရော။ ရေနံဆီမီးခွက်လေးကို ခြင်ထောင်ဘေးချပြီး ဖတ်ခဲ့ရတာ။ မိုးဥတုလို အခါမျိုးမှာဆိုရင် ခြင်ထောင်ထဲမှာကွေးပြီး စာအုပ်ဖတ်ရတဲ့အရာသာဟာ ပြောမပြတက်အောင် ချိုမြိန်ခဲ့တာပါ။

 

အဲဒီတုန်းကဆိုရင် ကလေးစိတ်ကူးလေးနဲ့ ဘုရားမှာတောင် နောက်နောင်ဆို စာအုပ်ဆိုင်တွေမှာ လူဘ၀ဖြစ်ရပါလို၏လို့တောင်ဆုတောင်းခဲ့မိသေးတယ်။ ခုတော့ ကိုယ်ဘာသာကိုယ် စာအုပ်စာပေတွေရွေးချယ်ဖတ်တက်လာသလို မဖတ်ဘဲမနေနိုင်လို့ စာအုပ်မြင်တိုင်းလိုချင်လို့ စာအုပ်ဆိုင်တွေဆီကို ပိုက်ဆံမရှိတဲ့အခါမျိုးဆို ခြေဦးတောင် မလှည့်ရဲဘူး။ ရယ်စရာပြောတာပါကွာ။ ဘာပဲပြောပြော စာအုပ်စာပေမှတဆင့် ရခဲ့တဲ့ ခွန်အားတွေ ဆင်ခြင်သုံးသပ်တက်မှု့တွေကတော့ အဖိုးမဖြတ်နိုင်တဲ့ အကျိုးရလဒ်တွေလို့ ပြောရမှာပဲ။


ဘာပဲဖြစ်ဖြစ်ပေါ့ကွာ။ စိတ်အားငယ်နေရတဲ့အချိန်၊ အခက်အခဲတွေကြုံတဲ့အခါမျိုးတွေ၊ တစ်ခါတစ်လေ အနာဂါတ်အတွက်စဉ်းစားရင်းစိတ်တွေေ၀၀ါးလာတဲ့အချိန်မျိုးတွေမှာ ကိုယ့်အနားမှာ မိတ်ဆွေကောင်းတစ်ယောက်လို အားပေးကူညီပေးနိုင်တဲ့ စာအုပ်စာပေတွေကို ချစ်တက်ဖို့ကိုလည်း လိုအပ်ချက်တွေ အများကြီးထဲကမှ တမွတ်တသိပ်လိုအပ်တဲ့အရာတစ်ခုအဖြစ် ရင်ထဲမှာ အလေးမူထည့်သွင်းထားဖို့လိုအပ်တယ်ဆိုတာ ညီမလေး သိစေချင်တာပါ။ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးဆိုတာ ဘယ်လိုပဲပြောပြော ကုန်နိုင်မယ်လည်း မထင်ပါဘူး။


ဒါကြောင့် နေ့တဓူဝ ဘယ်လောက်အလုပ်တွေ ရှုပ်နေပါစေ စာဖတ်ဖို့ အချိန်လေးတစ်ခုတော့ ပေးသင့်ကြောင်း ညီမလေး သဘောပေါက်လိမ့်မယ်လို့ အစ်ကိုထင်ပါတယ်။ ပြောတာတွေလည်း များနေပြီဆိုတော့ ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်ကြပါစို့ကွာ။


တေမိ (မော်ကျွန်း)

 

 

Views: 157

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service