ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အစွမ်းနဲ့အစ (သို့မဟုတ်) ဗလငါးပါး



အစွမ်းနဲ့အစ (သို့မဟုတ်) ဗလငါးပါး (သို့မဟုတ်) သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ



လူတစ်ယောက် ထွန်းထွန်းပေါက်ပေါက်၊ အောင်အောင်မြင်မြင်ဖြစ်ဖို့အတွက် မြန်မာစကားမှာ ပြောလေ့ပြောထ ရှိတာကတော့ ‘အစွမ်းအစရှိဖို့လိုတယ်’ တဲ့။
...
ဒီစကားရဲ့ရည်ရွယ်ချက်က အများပြောဆိုနေကြတဲ့ အဓိပ္ပါယ်အရတော့ ပင်ကိုယ်အရည်အချင်းကိုသာ ရည်ရွယ်တဲ့သဘောပါပဲ။ မိမိအနေနဲ့တော့ မိမိတို့ရဲ့ ကံပါရမီအလျောက်ရှိနေတဲ့ အရည်အချင်းသတ္တိကို ‘အစွမ်း’ လို့ပဲ ရည်ညွှန်းပြီး အဲဒီအစွမ်းတွေ ပေါ်ထွက်လာအောင် စနစ်တကျ၊ နည်းမှန်လမ်းမှန် စတင်လုပ်ဆောင်တာကို ‘အစ’ လို့ ပြောချင်ပါတယ်။

ဘယ်လောက်ပဲ ‘စ’ ပြီး အလုပ်တွေကြိုးစားနေနေ အစွမ်းနဲ့မကိုက်ညီရင် အစွမ်းမပြနိုင်ကြသလို ဘယ်လောက်ပဲ အစွမ်းတွေ ရှိနေနေ စနစ်တကျ မစတတ်ရင်လည်း အစွမ်းပြနိုင်ကြမှာ မဟုတ်ပါဘူး။

လူတိုင်း လူတိုင်းမှာ လူ့ဘ၀ကို ရရှိပြီဆိုကတည်းက အစွမ်းငါးမျိုး ပါရှိတယ်လို့ ဘုရားရှင်အလိုအရ သိရပါတယ်။ အဲဒီအစွမ်းများကတော့
"သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ" တို့ပဲ ဖြစ်ပါတယ်။ (ဗလငါးပါးလို့ အသိများပါတယ်)
လူတိုင်းမှာ ဒီအစွမ်းငါးမျိုး ကိုယ်စီပါကြတယ်ဆိုပေမယ့် အားလုံးမှာ တူညီတဲ့အချိုးအစားနဲ့ တစ်ပြေးညီပါရှိတာတော့ မဟုတ်ပါဘူး။ မိမိတို့ရဲ့ ပါရမီဓာတ်ခံ အလေ့အထုံအလျောက် တချို့က သဒ္ဓါစွမ်းအားသန်တယ်၊ တချို့က ၀ီရိယစွမ်းအားသန်တယ် စတဲ့ အချိုးအစားကွာခြားမှုတော့ ရှိပါတယ်။

‘ဒဋ္ဌဗ္ဗသုတ်’ မှာ ဘုရားရှင်ကိုယ်တော်တိုင် ဟောပြတော်မူတာကတော့ ဘယ်သူမဆို ကိုယ်စွမ်းရာကသာ စပြီး လုပ်ရမယ်လို့ ဆိုလိုတာပါ။ သဒ္ဓါအစွမ်းထက်သူက သဒ္ဓါနဲ့တန်တဲ့ သောတာပန်ဖြစ်ကြောင်း၊ အင်္ဂါဖြစ်တဲ့ အနုဿတိလေးပါး (ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ) ထဲက ကိုယ် ပိုပြီးအားသန်ရာက စပါ။ ဒီလိုစလိုက်လို့ သဒ္ဓါစွမ်းအားတက်လာတာနဲ့အမျှ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ စွမ်းအားတွေပါ တိုးလာမယ်။ အဲဒီတော့မှ သတိက သူ့ရဲ့အလုပ် ဖြစ်တဲ့ သတိပဋ္ဌာန်အလုပ်ကို ထိထိရောက်ရောက် လုပ်နိုင်ပြီး မဂ်ပညာကို အထောက်အကူပြုသွားမှာပါ။

စွမ်းနိုင်ရာကသာ စမယ်ဆိုရင် အစမှန်တဲ့အတွက် ‘အစွမ်း’ လည်းသန်လာပြီး ပင်ကိုအစွမ်းရှိသလောက် အစွမ်းပြနိုင်လာပါတယ်။ ဒါဟာ ဘုရားရှင်ကိုယ်တော်တိုင် အာမခံအပြည့်နဲ့ ဟောတော်မူခဲ့တာပါ။

♦ လူတိုင်းမှာရှိတယ်ဆိုတဲ့ အစွမ်းတွေ တစ်ယောက်နဲ့ တစ်ယောက် အချိုးအစားချင်းမတူကြတာဟာ သူတို့အလေ့အထုံ ၀ါသနာအလျောက် ပြုလုပ်ခဲရာမှာ အကြိမ်များရာက စွမ်းအားသာသွားကြတယ်လို့ပဲ ပြောရမှာပါ။ ရတနာသုံးပါးကြည်ညိုလို့ အနုဿတိတွေ အလေ့အထုံများသူက သူအလေ့အထုံများရာဘက် အားပါပြီး သဒ္ဓါတရားဦးဆောင်ရာပဲ အကျင့်သန်လာတယ်။ ဒီတော့ သူ့မှာ သဒ္ဓါစွမ်းအားက ကျန်စွမ်းအားလေးမျိုးထက် အစွမ်း ပိုပြီးကြီးမားသလို ဖြစ်နေတော့တာပေါ့။

♦ "၀ီရိယ"စွမ်းအားကောင်းတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ဓမ္မနယ်ပယ်မှာ
သမ္မပဒါလေးပါးက စရပါမယ်တဲ့။ သမ္မပဒါန်ဝီရိယ ပွားစေရမယ်လို့ ဆိုတာပေါ့၊ သမ္မပဒါန်လေးပါးဆိုတာ….
(၁) မဖြစ်သေးတဲ့ အကုသိုလ်တရားတွေကို မဖြစ်အောင် ကြိုးစားခြင်း။
(၂) ဖြစ်ပြီးတဲ့ (ပြုမှားမိခဲ့တဲ့) အကုသိုလ်တရားတွေကိုပယ်ဖို့ ကြိုးစားခြင်း။
(၃) မဖြစ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်အောင် ကြိုးစားခြင်း။
(၄) ဖြစ်ပြီး (ပြုလုပ်ဖူးပြီး) တဲ့ ကုသိုလ်တွေကို တိုးပွားအောင် ကြိုးစားခြင်းဆိုတဲ့ ‘ကောင်းစွာအားထုတ်မှု’ များပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဖြစ်ပြီး (ပြုပြီး) တဲ့ အကုသိုလ်တွေကို ဘယ်လိုပယ်ရမလဲဆိုတဲ့ အချက်ပါပဲ။
ပြုမှားမိတဲ့ အကုသိုလ်အမှုကို ‘ကြွေး’ လို့ သလောထားလိုက်ရင် ဒီကိစ္စကို သဘောပေါက်မှာပါ။ကြွေးတင်နေတဲ့ လူတစ်ယောက်ဟာ ကြွေးကျေအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ လူတိုင်း သဘောပေါက်ပြီးသားပါ။ အလုပ်ကို ကြိုးစားပြီး ရတဲ့လုပ်ခနဲ့ ပြန်ဆပ်ရတာပေါ့။ ဒီသဘောပါပဲ။ ဖြစ်ပြီးသားအကုသိုလ်တွေ ပယ်ဖျက်ဖို့ဆိုတာ ကုသိုလ်အလုပ်တွေကို လုပ်လိုက်ရတာပါပဲ။

ဒီနေရာမှာ ဘုရားရှင်ကတော့ (၁) အပြစ်ကို အပြစ်လို့ အသိရှိရှိ ရှုမြင်ခြင်း၊ (၂) တရားနဲ့အညီ ကုစားခြင်း၊ (၃) နောက်နောင် ဒီအပြစ်မျိုး မကျူးလွန်တော့ဘူးလို့ အခိုင်အမာ ဆုံးဖြတ်ချက်ချခြင်းဆိုတဲ့ ဒီအချက်သုံးချက်နဲ့ ပြည့်စုံရင် ဖြစ်ပြီးတဲ့အကုသိုလ်ကို ပယ်ရှားနိုင်တယ်။ ‘အရိယာတို့ရဲ့အဆုံးအမ သာသနာတော်အလိုအားဖြင့် ဒီပုဂ္ဂိုလ်မျိုးဟာ ဆုတ်ယုတ်စရာ အကြောင်းမရှိတော့ဘူး။ တိုးတက်ဖို့သာ ရှိတယ်’ လို့ မိန့်ကြားပါတယ်။ (ဒီဃ - သာမညဖလသုတ်)

♦ အကုသိုလ်ကင်းရေးဖြစ်တဲ့ "သီလခိုင်မာမှု" ကိုသာ အလေးအနက်ထားချင်နေတယ်ဆိုရင် "၀ီရိယစွမ်းအားကောင်း တယ်"လို့ ဆိုရမှာပေါ့။ သဒ္ဓါစွမ်းအားထက်သူက ဥပုသ်စောင့်သုံးရတာ၊ ကျောင်းကန်ဘုရား သွားရတာကို ၀ါသနာတစ်ခုလို ထက်သန်တယ်။ ၀ီရိယစွမ်းအားသမားက ကျောင်းကန်ဘုရားသွားတာထက် သီလ မကျိုးမပေါက်ရေးကို ပိုပြီး အားသန်တယ်။ စဉ်းစားကြည့်ရင် နည်းနည်းထူးပါတယ်။

♦ တချို့ကျတော့ ‘သတိစွမ်းအားကောင်းသူ’ တွေပါ။ ‘သတိ’ ဆိုတဲ့ ပါဠိစကားကို မြန်မာတွေက ကိုယ်ပိုင်စကားလို တရင်းတနှီး သုံးနေကြတာပါပဲ။ ဒီနေရာမှာ အဘိဓမ္မာသဘောအရပြောရရင် ‘ဘုရား’ အစရှိတဲ့ ကောင်းတဲ့အာရုံတွေကို သတိရနေတာကိုသာ ‘သတိ’ လို့ ဆိုရမယ်။ ‘ငယ်ငယ်က ဘယ်လိုဖြစ်ခဲ့တယ်’ လို့ ပြန်ပြီး သတိရတာမျိုးကိုတော့ ‘သညာ’ လို့သာ ဆိုရမယ်လို့ ပြောတာလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ဘာကိုပဲ သတိရရ သတိအားကောင်းတယ်လို့ ဆိုရမှာပါပဲ။ ကောင်းတာကို သတိရတော့ သမ္မာသတိပေါ့၊ မကောင်းတာကို သတိရတော့ မိစ္ဆာသတိပေါ့။

ဒီဒဋ္ဌဗ္ဗသုတ်မှာ ဘုရားရှင်ပြောလိုတဲ့ သတိဆိုတာကတော့ အထူးသဖြင့် မိမိရဲ့ခန္ဓာကိုယ်ပေါ်မှာ ထင်ရှားဖြစ်ပေါ် နေတဲ့ ထွက်လေ၀င်လေက စပြီး မိမိသန္တာန်မှာ ဖြစ်ပေါ်နေတဲ့သဘောတွေ၊ ခန္ဓာကိုယ်ရဲ့ပြောဆိုပြုမူ လှုပ်ရှားမှုတွေကို မပြတ်စောင့်ကြည့်သလို ဖြစ်ပေါ်နေတဲ့သတိကို ပြောလိုရင်းပါ။

အဲဒီလို သတိစွမ်းကောင်းတဲ့ ပုဂ္ဂိုလ်များကတော့ ဒီနေ့ ‘တရားအားထုတ်တယ်’ ဆိုတဲ့ နယ်ပယ်မှာ အများလက်ခံ သိမှတ်ထားတဲ့ သတိပဋ္ဌာန်အလုပ်နဲ့ ထိုက်တန်တဲ့အတွက် သတိပဋ္ဌာန်လေးပါးက စသင့်ပါတယ်တဲ့။

သတိပဋ္ဌာန်လေးပါးရဲ့ အကျယ်ကတော့ ဟောပြောချက်၊ ရေးသားချက်တွေ အတော်စုံပါတယ်။ လေ့လာကြရမှာပါ။ အတိုချုပ်ကတော့ ထွက်လေ၀င်လေ ရှုရှိုက်မှုလေးကိုပင် မပြတ်သတိရှိအောင် အားထုတ်မှုမျိုး၊ သွားသတိ၊ လာသတိ၊ စားသတိ၊ အိပ်သတိ ဆိုတာမျိုး၊ လောဘ ဒေါသစတဲ့ တရားဆိုးတွေပဲဖြစ်ဖြစ်၊ သဒ္ဓါ၊ ၀ီရိယ၊ အလောဘ၊ အဒေါသ စတဲ့ တရားကောင်းတွေပဲဖြစ်ဖြစ် မိမိသန္တာန်မှာ ဖြစ်ပေါ်နေတာကို ဖြစ်ပေါ်နေမှန်းသိအောင် သတိပြုရတဲ့အလုပ်ပါ။

လူဆိုတာ ကုသိုလ်ကံမျိုးစေ့နဲ့ ဖြစ်လာကြသူများပီပီ၊ အပြစ်ကင်းခြင်းနဲ့ ကောင်းကျိုးချမ်းသာကိုသာ နှစ်သက်လက်ခံတတ်ခြင်းဆိုတဲ့ ကုသိုလ်ရဲ့ လက္ခဏာနှစ်ပါးက အခြေခံလူ့ဗီဇအဖြစ်နဲ့ ပါရှိလာတာဖြစ်လို့ မကောင်းတဲ့တရားတွေ ဖြစ်ပေါ်နေတာကို သတိထားရှိလာရင်လည်း ‘ဒါဟာ အပြစ်မကင်းတဲ့တရား၊ ကောင်းကျိုးချမ်းသာကို မပေးနိုင်တဲ့တရား’ ဆိုတာ သိပြီး ပြုပြင်ရကောင်းမှန်းသိလာတဲ့အတွက် သတိရှိသူတိုင်း အသိက နောက်ကလိုက်ပြီး ဖြစ်ပေါ်လာမြဲ ဓမ္မတာဖြစ်ပါတယ်။ သတိမပါဘဲ ဘယ်လိုအသိမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း ဘုရားရှင်က အသိပညာအကြောင်း ဟောတော်မူတိုင်း ‘သတိသမ္ပဇည = သတိနဲ့ အသိ’ ဆိုပြီး တွဲလျက် ဟောတော်မူတာပါ။

သတိစွမ်းအားကောင်းလို့ သတိပဋ္ဌာန်အလုပ်ကို စပြီး အားထုတ်ရာက သတိတရားတွေ ပိုပြီး အားကောင်းလာပြီဆိုရင် ကျန်တဲ့ သဒ္ဓါ၊ ၀ီရိယ၊ သမာဓိ၊ ပညာ၊ စွမ်းအားတွေလည်း သူ့အချိုးအစားအလိုက် အားကောင်းလာတာပါပဲ။ နောက်ဆုံး ပညာဉာဏ် အားပြည့်လာပြီဆိုရင်တော့ ရည်မှန်းချက်ကိစ္စကို အပြီးတိုင် အဆုံးအဖြတ်ပေးသွားပါတယ်။

လူတွေမှာရှိတဲ့ နောက်ထပ်အစွမ်းတစ်ခုကတော့ ‘သမာဓိဗလ = သမာဓိစွမ်းအား’ ပဲ ဖြစ်ပါတယ်။ သမာဓိစွမ်းအားကောင်းတဲ့ ပုဂ္ဂိုလ်များကတော့ ‘ဈာန်လေးပါး’ က စသင့်တယ်လို့ မြတ်စွာဘုရားက ဟောညွှန်ပါတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင် အတော်များများဟာ ‘ဈာန်’ နဲ့ ‘အဘိဉာဏ်’ တို့ကို အတူတူလို မှတ်ထင်နေတတ်ကြပါတယ်။ အမှန်ကတော့ ‘ဈာန်’ ဆိုတာ …..
‘စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန်၊ ဈာန်ဟု ခေါ်သတတ်’ ဆိုတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ လင်္ကာအတိုင်းပါပဲ။
ပညတ်အာရုံ တစ်ခုခုအပေါ်မှာ စိတ်ကို တခြားလွင့်မသွားအောင် စိုက်စိုက်စူးစူး ရှုနေတဲ့ အလုပ် ဖြစ်ပါတယ်။
အဘိဓမ္မာမှာတော့ ‘ဧကဂ္ဂတာ’ တရားလို့ သုံးပါတယ်။ အာရုံတစ်ခုတည်းအပေါ်မှာသာ မပြတ်ကျရောက်နေတဲ့တရားလို့ ဆိုလိုတာပါပဲ။

ကြားဖူးနားဝဖြစ်နေတဲ့ ‘မြေလျှိုးမိုးပျံ’ ဆိုတာက အဘိဉာဏ်ရဲ့ကိစ္စပါ။

♦ ထားပါတော့။ "သမာဓိစွမ်းအား" ကိုဆက်လိုက်ရအောင်။ သမာဓိစွမ်းအားကောင်းတဲ့ ပုဂ္ဂိုလ်များဟာ ဘုရားဂုဏ်၊ တရားဂုဏ်စတဲ့ တစ်ခုချင်းစီကို လိုက်ပြီး အာရုံပြုနေရတာမျိုးတို့၊ အကုသိုလ်ကင်းရေး၊ ကုသိုလ်ပွားရေး စတဲ့ အာရုံအမျိုးမျိုးနောက်လိုက်ပြီး လုပ်နေရတာတို့ကို ၀ါသနာမပါပါဘူး။ ပထ၀ီကသိုဏ်း စတဲ့ အာရုံတစ်ခုခုအပေါ်မှာသာ စူးစိုက်ရှုမှတ်နေရတဲ့ဈာန်အလုပ်ကို ပိုပြီး စိတ်အားသန်ကြပါတယ်။ ဒါကြောင့် သမာဓိစွမ်းအားကောင်းရင် ဈာန်လေးပါးတို့က စသင့်တယ်လို့ ဟောတော်မူတာပါ။

ဈာန်လေးပါးနဲ့ စလို့ သမာဓိစွမ်းအားကောင်လာတာနဲ့အမျှ ကျန်တဲ့စွမ်းအားတွေလည်း အားပြည့်လာတာပါပဲ။ ဈာန်က ထတဲ့အခါ (ဈာန်အာရုံကို အာရုံမပြုတော့တဲ့အခါ) ၀င်စားခဲ့တဲ့ဈာန်မှာ ပါဝင်တဲ့ တရားအစိတ်အပိုင်းများ ကို သတိက သုံးသပ်မိလာပြီး အသိကလည်း မြင့်သည်ထက် မြင့်လာပါတယ်။ နောက်ဆုံး ပညာစွမ်းအား အထွတ်အထိပ်လည်း ရောက်တဲ့အခါ ၀ိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာ အဆင့်ဆင့်တက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွားကြတာပါပဲ။

♦နောက်"ပညာစွမ်းအား"ကောင်းတဲ့ ပုဂ္ဂိုလ်များဆိုရင်တော့ ‘သစ္စာလေးပါး က စသင့်တယ်’
လို့ ဘုရားရှင်က ဟောညွှန်ပါတယ်။
သစ္စာလေးပါးက စရတယ်ဆိုပေမယ့် အဓိကအားဖြင့်တော့ ‘တရားရှာကိုယ်မှာတွေ့’ ဆိုတဲ့ အတိုင်း ဒုက္ခသစ္စာဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးက စရမှာပါ။

အစွမ်းငါးပါးတို့ဆိုတာ တစ်ခုချင်းစီ သီးခြားရယ်လို့ ဖြစ်ရိုးထုံးစံ မရှိပါဘူး။
ဦးဆောင်ရာကို ပဓာနနည်းနဲ့ အမည်တပ်ကြပေမယ့် ငါးမျိုးလုံး ပူးပေါင်းပါဝင်ပြီး ကိုယ့်ကိစ္စကိုယ် ဆောင်ရွက်ကြတာပါ။ ဒါကြောင့် ဒီဖြစ်ရပ်မျိုးတွေမှာ ‘သတိပဋ္ဌာန်အလုပ်မပါဘူး’ လို့ ပြောစရာမရှိပါဘူး။ သတိကလည်း သူ့အလုပ်သူ လုပ်ဆောင်ပြီး ပူးပေါင်းပါဝင်တယ်လို့ သဘောကျကြရမှာပါ။ စွမ်းရာက စပြီး အစွမ်းပြနိုင်တဲ့အထိ စောင့်စားနိုင်စွမ်းပါ
အားဖြည့်ဖို့တော့ လိုပါတယ်။

အစွမ်းရှိသမျှ အစွမ်းပြနိုင်ကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ၏ ဘုန်းရယ်၊ ကံရယ်၊ ကုသိုလ်ရယ် မှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။
----------------------*----------------------
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊…

Honey Lay

Views: 199

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service