ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဘ၀ပေါင်းများစွာက မိဘဆရာ ဆွေမျိုး မိတ်သင်္ဂဟများ

ဘ၀ပေါင်းများစွာက မိဘဆရာ ဆွေမျိုး မိတ်သင်္ဂဟများ


သတ္တ၀ါမှန်သမျှ တဏှာကွန်ယက်အောက်က မလွတ်နိုင်ကြ။ တဏှာကွန်ယက်အတွင်း ၀င်လာသမျှသော သက်ရှိ သက်မဲ့ အားလုံးတို့သည် ကွန်ချက်မိသော ငါးများနှယ် ရုန်းမထွက်နိုင်ကြတော့ပါ။ ငါးသတ္တ၀ါများမှာ ၄င်းတို့ဝင်တိုးနေတာ ပိုက်ကွန်မှန်းလည်းမသိ။ ရှေ့တစ်ကောင်းတိုး မိနေတာမြင်လို့ နောက်အကောင်များက လွတ်အောင်ရှောင်ရမှန်းလည်းမသိ။ သနားစရာ ငါးသတ္တ၀ါများကို ကြည့်၍ “တိရိစ္ဆာန်များ ဦးနှောက်ကို မရှိဘူး၊ ဒါကြောင့်လည်း ထောင်ချောက်ထဲ တစ်ကောင်ပြီးတစ်ကောင် ၀င်တိုးနေတာကိုး” ဟု ဉာဏ်ကြီးရှင် လူသားများ ကောက်ချက်ချလေ့ရှိပါသည်။ အမှန်တော့ ဉာဏ်ကြီးရှင် လူသားတို့ ကိုယ်ကိုယ်တိုင် တဏှာပိုက်ကွန်ထဲ အကြိမ်ပေါင်းများစွာ ၀င်ဝင်တိုးနေတာကို သတိမမူမိကြပေ။

 

ထိုသို့သတ္တ၀ါမှန်သမျှ တဏှာကွန်ချက်မိနေသည်ကို ဗုဒ္ဓမြတ်စွာ ပွင့်တော်မှုမှ ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ထိုးထွင်းသိမြင်ပြီးနောက် မဟာဂရုဏာကြီးစွာဖြင့် ၄၅ ၀ါ လုံးလုံး ကယ်ထုတ်လို့ရသမျှ ကယ်ထုတ်သွားခဲ့သည်။ ဗုဒ္ဓမြတ်စွာ မရှိသည့်နောက် ဘုရား၏သားတော်များဖြစ်သည့် သံဃာတော် အရှင်မြတ်တို့က သာသနာကို လက်ဆင့်ကမ်း သယ်ဆောင်လာရင်း တဏှာကွန်ယက်မှ ရုန်းထွက်ကြဖို့ လမ်းပြပေးကြပါသည်။ သို့တိုင်အောင် ဘုရားပွင့်ချိန်မှစ၍ ယနေ့အထိ တဏှာကွန်ယက်မှ အပြီးတိုင် ရုန်းထွက်နိုင်သူ အရေအတွက်မှာ ဖန်ခွက်တွင်းကရေနှင့် သမုဒ္ဒရာရှိရေပမာဏ ကွာခြားသလောက် ကွာသည်ဟု ပြောလျှင် လွန်အံ့မထင်ပါ။

 

ပိုက်ကွန်ထဲက ငါးများကို ဉာဏ်ကြီးရှင်လူသားများက သနားသလို ထိုဉာဏ်ကြီးရှင် လူသားတို့ကိုလည်း ဘုရား ရဟန္တာတို့အဖို့ လွန်စွာသနားစရာကောင်းသော သတ္တ၀ါများ ဖြစ်နေရပြန်သည်။ သို့ပေသိ အများစုဖြစ်သော လူသားတို့သည် ငါးသတ္တ၀ါများထက်ပင် ဆိုးသည်။ တဏှာပိုက်ကွန်တွင် ပျော်ပျော်ကြီး ၀င်တိုးနေတော့သည်။ ပိုက်ကွန်တွင်း မိနေမှန်းလည်း မသိ။ ရုန်းထွက်ဖို့လည်း စိတ်မကူး။ ရုန်းထွက်ရန် နည်းသိသွားသူ အရိယာများက ကွန်ချက်မိနေသူ အချင်းချင်း ရုန်းထွက်ကြဖို့ တိုက်တွန်းကြ အကြံပေးကြ လုပ်နေသည့်တိုင် တဒင်္ဂသာကြာသည့် သုခအတုများကို အစစ်သဖွယ် ထင်မှတ်ပြီး ရုန်းထွက်ရကောင်းမှန်းမသိကြ။  လူ့ဘုံလို သုဂတိဘုံကို တစ်ဘ၀လေး ရောက်လာခိုက် ခံစားရသည့် ဝေဒယိတသုခလောက်ကို အဟုတ်ထင်နေပြီး အပါယ်ဘုံသားတွေရဲ့ ဒုက္ခကို ကိုယ်နှင့် မဆိုင်သလို မြင်နေအောင် အ၀ိဇ္ဇာ၏ လှည့်စားခြင်းခံနေကြရသည်။

 

ထိုသို့ လူ့ဘ၀၏တဒင်္ဂသာယာမှုများနောက် တစ်ကောက်ကောက်လိုက်ရင် သေးမင်းခေါ်ချိန်ရောက်၍ မလိုက်ချင်လိုက်ချင်နဲ့ လိုက်သွားရသည့်အချိန်၌ တန်ဖိုးရှိသော အချိန်များကို လက်လွတ်ဆုံရှုံးခဲ့ရပြီ။ သာသနာဖြင့် ကြုံခဲ့ရသည့်တိုင် စိတ်ကို တစ်ကြိမ်တစ်ခါမျှ ဖြူဖွေးသန့်စင်အောင် ၀ိပဿနာဖြင့် မလျော်ဖွတ်ခဲ့ရလျှင် အားကိုးစရာ ကောင်းမှုကုသိုလ်လည်း မယ်မယ်ရရ မရှိခဲ့လျှင် ရှိပြန်ရင်လည်း သေပေါက်ဝ တံခါးမှာ မကောင်းမှု အကုသိုလ်ကံများက အားကြီးပြီး ရှေ့ဆုံးက ပေါ်လာခဲ့လျှင် အပါယ်ဘုံကို ရောက်ကြရသည်ကများသည်ဟု မှတ်သားရပါသည်။ အပါယ်သို့ လားရောက်သွားသူမျာအနက် တဏှာတန်းလန်းနှင့် ပစ္စည်းဥစ္စာ ဇနီး သာသမီးစသော သက်ရှိသက်မဲ့ အရာတစ်ခုခုကို စွဲလမ်းသောလောဘအာရုံကြောင့် ပြိတ္တာဘ၀ပြောင်းသွားသူတို့နှင့်ပတ်သက်၍ သိနားလည်သမျှ တင်ပြပါမည်။

 

ပြိတ္တာအမျိုးအစားတို့ကို အဌကထာ၊ ဋ္ဌီကာတို့တွင် ၄ မျိုး ခွဲထားပါသည်။

(၁) ပရ ဒတ္တုပ ဇီဝိတ ပြိတ္တာ။  သူတစ်ပါး ပေးမှ စားသောက်ရသော ပြိတ္တာ

(၂) ခုပ္ပိပါသိက ပြိတ္တာ။ မစားမကေသာက်ရပဲ မပြတ်နှိပ်စက်ခံနေရသော ပြိတ္တာ

(၃) နိစၹ်ာမ တဏွိက ျပိတၱာ။ တစ်ကိုယ်လုံးပူလောင်ခြင်းကို အမြဲ မပြတ်ခံစားနေရသော ပြိတ္တာ

(၄) ကာလ ကဉ္ဖိက ပြိတ္တာ။ အသူရကယ်ဟု သီးခြားခေါ်ဆိုအပ်သော ပြိတ္တာ

ဆဂတိဒီပနီကျမ်း၊ လောကပညတ္တိကျမ်းတို့တို့တွင်မှု ပြိတ္တာ ၁၂ မျိုးခွဲထားပါသည်။

 

ယင်းတို့အထဲတွင် ဝေမာနိက ပြိတ္တာမျိုးသည် သုခရော ဒုက္ခပါ ခံစားနေရသော ပြိတ္တာမျိုး ဖြစ်သည်။ ခုဒ္ဒကနိယာယ်၊ ပေတ၀တ္တုပါဋ္ဌိတော်လာ  တိရောကုဋပေတ ၀တ္တုသည် လူ့ဘုံမှ လှူတန်းသော ကုသိုလ်တို့သည် ဘ၀တစ်ပါးပြောင်းသွားသော ဆွေမျိုး ပြိတ္တာများအတွက် ကောင်းကျိုးဖြစ်စေကြောင်း ပြဆိုထားပါသည်။ အကျဉ်းမျှ ကောက်နုတ်ဖော်ပြပါဦးမည်။ ပြိတ္တာတို့သည် မိမိ အိမ်သို့လာကြ၍ အိမ်ခြံအပြင်ဘက်တွင်လည်းကောင်း၊ လမ်းဆုံလမ်းခွတွင်လည်းကောင်း၊ တံခါးဝတွင်လည်းကောင်း နေကြရရှာသည်။ များစွာသော ခဲဖွယ်ဘောဇဉ်တို့ကို စီမံ၍ လှူတန်းကြသော်လည်း သူတို့၏ကံအကြောင်းကြောင့် တစ်စုံတစ်ယောက်သောသူကမျှ သူတို့ကို အမှတ်မရကြချေ။ သနားတတ်သော အကြင်သူတို့သည် ကပ်ရောက်လာသော ဆွေမျိုးပြိတ္တာတို့ကို ရည်စူး၍ ဘောဇဉ်ခဲဖွယ်တို့ကို ပေးလှူ၏။

 

ထိုအခါ ဆွေမျိုးပြိတ္တာတို့သည် ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ပြုကြ၏။ အကြင်ဆွေမျိုးတို့ ပေးလှူသည့် အကြောင်းကြောင့် စည်းစိမ်ဥစ္စာတို့ ရကြ၏။ ထိုပြိတ္တာမျိုးတို့သည် လူတို့လို စီးပွါးရှာခြင်း ထွန်ယက်ရှာဖွေစားသောက်ခြင်း မရှိ။ လူ့ဘုံမှ ဆွေမျိုးတို့၏ ပေးလှူအပ်သော ကုသိုလ်အဖို့ဖြင့် မျှတကြရ၏။ ပေးလှူသော လူဘုံမှ ပေးလှူသူ ဆွေမျိုးတို့လည်း အကျိုးများကြသည်။ အသက်ရှည်ကြကုန်၏။ သို့သော် လက်တွေ့တွင်မူ လူ့ဘုံမှ ဆွေမျိုးတို့ကား ပူဆွေးနေ၏။ ငိုကြွေး မည်တမ်းနေကြ၏။ ပြိတ္တာတို့အတွက် ဘာမျှ အကျိုးမရှိ။ တမလွန်ပြောင်းသွားသူတို့ကို ရည်စူး၍ သံဃာတို့ကို လှူဒါန်းခြင်းသည် ဆွေမျိုးပြိတ္တာတို့ကို ကာလကြာရှည်စွာ အကျိုးစီးပွါးဖြစ်ထွန်း၏။ သံဃာတို့လည်း ခွန်းအားတိုးစေ၏။ သင်တို့သည်လည်း ကြီးကျယ်သော ကုသိုလ်ကို ပွါးများသည်လည်း မည်ပေ၏လို့ အဆုံးသတ်ထားပါသည်။

 

အထက်ပါ အဆုံးအမကိုကြည့်လျှင် တမလွန်ဘ၀တွင်ရောက်နေသော လက်ရှိဘ၀မှ မဟုတ် ဘ၀များစွာကတော်စပ်ခဲ့သော ပြိတ္တာတို့မှာ လူဘ၀မှာရှိသည့် ဆွေမျိုးတို့၏ ပေးလှူသည့် ကုသိုလ်ပေါ်မှီခို၍ ရှင်သန်နေကြရသည်။ ကံမကုန်သေးသရွှေ့ ဒုက္ခကိုလည်း ခံစားနေကြရသည်။ မိမိတို့က ၄င်းတို့ကို ရည်စူးပေးလှူမှသာ သုခကိုရရှာသည်။ အကုသိုလ်နည်းသူ ပြိတ္တာအချို့မှာ အမျှရသည်နှင့် နတ်သားနတ်သမီးဘ၀ဖြင့် နတ်စည်းစိမ် အပြည့်ခံစားကြရသည်။ အချို့ အ၀တ်အစား မရှိသူ ပြိတ္တာတို့မှာ အ၀တ်အစားရကြသည်။ အ၀တ်အစားမရှိ၍ မိမိဆံပင်ဖြင့် အရှက်ကို ဖုံးထားရသော ပြိတ္တာမအကြောင်း ထုတ်နုတ် တင်ပြပါဦးမည်။

 

ခလ္လာဋိယပေတိဝတ္တုတွင် ဗိမာန်၌ အ၀တ်မပါ၊ အပြင်မထွက်ဝံ့သော ပြိတ္တာမ ခမျာ ပင်လယ်ထဲတွင် ခရီးသွားကုန်သည်တို့နှင့်တွေ့ရာ ကုန်သည်တို့က ပုဆိုးပေးသော်လည်း သူ့လက်ဖြင့်ထိသည်နှင့် ပျောက်ကွယ်သွားတတ်ကြောင်း သူ့ကိုရည်စူး၍ ပေးလှူမှသာ အ၀တ်အစားရမည်ဟု အသနားခံရရှာသည်။ သို့သော် ကုန်သည်လှေပေါ်တွင် အလှူခံပုဂ္ဂိုလ် ရဟန်းမပါ သဖြင့် အခက်တွေ့နေရာ ယုံကြည်မှု သဒ္ဓါဖြင့် ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သာဝက ဥပါသကာကို ပေးလှူကလည်း ရပါသည်ဟု ပြောဆိုသဖြင့် လှေပေါ်တွင်ပါလာသော ဥပါသကာအား ရေချိုးသန့်စင်စေပြီး မြတ်သောနံ့သာများ လိမ်းကြံစေလျက် အ၀တ်တို့ကို ၀တ်စေပြီး ပြိတ္တာမအား အလှူအဖို့ဘာဂကို အမျှပေးဝေ၏။

 

ပေးလှူပြီး အခြားမဲ့၌ စင်ကြယ်သော အ၀တ်ကိုဝတ်လျက် ဗိမာန်မှ ပြုံးရွှင်စွာ ထွက်လာပါသည်။ ဗိမာန်သည်လည်း ထွန်းလင်းတောက်ပလာ၏။ သို့သော် အကုသိုလ်ကံ၏အကျိုးကြောင့် နောက် ၄ လတွင် ပြိတ္တာဘ၀မှ သေလွန်ကာ ငရဲသို့ ရောက်ရမည်ကို စိုးရိမ်ပူဆွေးရပါကြောင်း ပြောပြရှာပါသည်။

 

မဟာစည်ဆရာတော်ကြီး ဟောကြားတော်မူခဲ့သောတရားတွင် ပြိတ္တာတို့သည်လည်း ကိုယ်တိုင်ပြိတ္တာဖြစ်နေသည်တိုင် ဘ၀ကိုသာယာတတ်ကြကြောင်း၊ ဘ၀တူအချင်းချင်း အိမ်ထောင်ပြုတတ်သည်ဆိုသောကြောင့် ဘ၀တူအချင်းချင်း သာယာ တပ်မက်ကြကြောင်း၊ နေ့စံ ညခံ၊ ၇ ရက်ခံ ၇ ရက်စံစသည့် ကုသိုလ် အကုသိုလ်ပါ အကျိုးပေးနေသော ဝေမာနိကပြိတ္တာများရှိကြောင်း ကုသိုလ်အကျိုးပေးသောအခါ နတ်များလို ချမ်းချမ်းသာသာနေရကြောင်း၊ တွေ့ရှိသူတို့ကပင် သူတို့ကိုအားကျ သာယာတပ်မက်ကြကြောင်း ပါရှိပါသည်။

 

သေပြီးမှ ကံ ကံ၏အကျိုးကိုသိသော ပြိတ္တာအကြောင်းဝတ္တုကိုလည်း ဆရာတော်ကြီးဟောကြားခဲ့ပါသည်။ ဓမ္မာသောကမင်းကြီးလက်ထက် သုရဋ္ဌတိုင်းက နန္ဒကဆိုသော သူတစ်ယောက်ရှိကြောင်း ကုသိုလ်ကံမရှိ၊ အကုသိုလ်ကံမရှိ၊ နောင်ဘ၀မရှိ၊ ကံ ကံ၏အကျိုးမရှိဟူသော အယူကိုယူ ခဲ့ပါသည်။ မျက်မှောက်ဘ၀အတွက်သာ အားထုတ်ပါသည်။ သေပြီးသောအခါ ၀ိဉ္ဈာတောကြီးထဲတွင် ပြိတ္တာဖြစ်ပါသည်။ ထိုအခါကျမှ ကံ၊ ကံ၏အကျိုးရှိကြောင်း နောင်ဘ၀ရှိကြောင်းသိပြီး သာယာစရာ မဟုတ်တာတို့ကို အလိမ်ခံရကြောင်း သိပါသည်။ ထိုသူ၏သမီးဖြစ်သူ ဥတ္တရာက သောက်ရေနှင့် မုံ့တို့ကို သံဃာတော်များကပ်လှူ၍ အမျှပေးဝေပါသည်။ သာဓုခေါ်ပြီးမှ နတ်တို့၏ စားသောက်ဖွယ်ရာများကို အလိုရှိတိုင်း ရရှိသွားကြောင်း ဟောကြားထား သည်ကို ဖတ်ရှုရဘူးပါသည်။

 

လူ့ဘ၀သည် လမ်းဆုံလမ်းခွသဖွယ် ဖြစ်သည်။ မိမိသွားလိုသော ခရီးကို ရွှေးချယ်ရပေမည်။ သောက်စားပျော်ပါးပြီး အချိန်ကုန်စေမလား၊ တဖက်မှာ စီးပွါးရှာ တဖက်က ဒါန၊ သီလ၊ ဘာဝနာအားထုတ်ရင်း အချိန်ကုန်စေမလား၊ သာသနာ့ဘောင်ဝင် ရဟန်းပြုရင်း တရားသက်သက်ပဲ လုပ်မလား၊ ကြိုက်ရာဆုံးဖြတ်နိုင်ပါသည်။ သေလွန်ပြီးနောက် ဆွေမျိုးတို့ပေးလှူသည့် ကုသိုလ်အဖို့ကို မျော်လင့်နေရသော ပြိတ္တာဘ၀ရောက်လျှင် ပြန်မရသော အချိန်များအတွက် ကြီးစွာနောင်တရပေလိမ့်မည်။ ဘုရားလက်ထက်တော်က ပြိတ္တာတို့နှင့် လူသားတို့ မြင်တွေ့ပြောဆိုခဲ့သည့် သာဓကများရှိသော်လည်း ယခုအခါတွင် ဒိဗစက္ခုဉာဏ်ဖြင့် မြင်တွေ့နိုင်သည့် ရဟန်းသံဃာတို့မှ လွဲ၍ သာမာန်လူသား အများစုအဖို့ ပြိတ္တာတို့ မမြင်တွေ့နိုင်။ ၄င်းတို့၏ဒုက္ခကို မသိ။ ထို့ကြောင့် အမျှပေးရကောင်းမှန်း မသိဖြစ်ကြရသည်။ သို့သော် အချို့သော ပြိတ္တာများမှာ လူ့ဘ၀က ဆွေမျိုးမိတ်ဆွေတို့ထံ အသံ အနံ့အိပ်မက် တစ်ခုခု ပေးပြီး သူ့အတွက် ကုသိုလ်ပြု အမျှပေးဝေဖို့ တောင်းခံကြရရှာသည်။

 

ဤနေရာတွင် အလျဉ်းသင့်၍ လွန်ခဲ့တဲ့ ၉ နှစ်လောက်က အတွေ့အကြုံတစ်ခုကို တင်ပြပါဦးမည်။ ထိုစဉ်က ကျွှန်တော်သည် တာဝန်အရ နယ်မြို့တစ်မြို့တွင် သင်တန်းတစ်ခုတက်ရောက်နေချိန် ဖြစ်သည်။ ကျွှန်တော်နေသည့်အခန်းက သင်တန်းသားများအတွက် သီးသန့် တစ်ယောက်ခန်း၊ ရေချိုးခန်း အိမ်သာတွဲလျက် ရှိပါသည်။ တစ်နေ့တွင် ည ၁၀ နာရီ အချိန်ခန့်လောက် ဖြစ်မည်။ ကျွှန်တော် စာဖတ်နေသည်။ ဘေးကပ်လျက် အခန်းများမှ သင်တန်းသားများလည်း ကိုယ်စီ စာကြည့်နေကြသည်။ ကျွှန်တော့် နှားခေါင်းတည်း သွေးညီနံ့လိုလို ညီစို့စို့အနံ့တစ်ခု ရသည်။ တော်တော်ခံရခက်သည့်အနံ့ ပျို့အန်ချင်လောက်အောင်ပင်။ ကျွှန်တော် အခန်းမှာ ပစ္စည်းလည်း များများ မရှိ။ လှည့်ပတ်ကြည့်သည်။ ကြွက်သေကောင်များရှိသလား။ ရှာသာရှာရတာ ကျွှန်တော်နေတာ တစ်နှစ်ရှိပြီ။ ကြွက်ဆိုလို တစ်ကောင်းမျှ မတွေ့။ အဆောင်ကလည်း အသစ်လို့ပဲ ပြောရမည်။   ရေချိုးခန်း အိမ်သာအတွင်းလည့်ပတ်ကြည့်သည်။ ဘာတစ်ခုမျှ ထူးထူးခြားခြား မတွေ့။ ပုံမှန်ပင်။ သို့နှင့် အခန်းပြင်ကလာသည်ထင်၍ အပြင်ထွက်ကြည့်သည်။ ဘာနံ့မှ မရ။ အခန်းချင်းကပ်လျက်နေသူတို့ကို မေးကြည့်သည်။ ဘာနံ့မှ မရဟုဆိုသည်။ အခန်းထဲပြန်ဝင်သည့်အခါ အနံ့ထွက်နေတုန်း၊ တော်တော်ဆိုးသည်။ ကျွှန်တော့်အခန်းတစ်ခန်းထဲ ဖြစ်နေသည်။

 

နောက်ဆုံး စာပဲဆက်ကြည့်နေလိုက်သည်။ အနံ့ကတော့ မပျောက်။ မကြာပါ။ မျက်နှာကျက်ပေါ်မှ တဒုံးဒုံးနှင့် အသံတွေ ထွက်လာသည်။ ကျွှန်တော် ကြွက်တွေ လျောက်ပြေးနေတာဟု ထင်လိုက်သည်။ မျက်နှာကျက်ပေါ်မှာ ကြွက်သေရှိနေတာဖြစ်မယ်ဟု ကောက်ချက်ချလိုက်သည်။ စာဆက်ကြည့်နေစဉ် တဒုံးဒုံးနှင့် ထပ်ကြားပြန်သည်။ စိတ်ထဲမှာ သွားလေသူ သူငယ်ချင်းကို သတိတစ်ချက်ရသွားသည်။ ထိုအခါမှ သူ့အသုဘလိုက်ပို့ခဲ့သည့် ရက်ကို ပြန်တွက်ကြည့်သော် တစ်ပတ်မပြည့်သေး။ သေသည့်နေ့မှစတွက်လျှင် တစ်ပတ်ပြည့်တော့မည်။ “သူ မကျွှတ်မလွတ် ဖြစ်နေလားမသိ” ဟု တွေးမိပြီး “သူငယ်ချင်း ကောင်းရာသုဂတိရောက်ပါစေ၊ ကျွှန်တော်ပြုခဲ့သမျှ ကုသိုလ် အစုစုကို အမျှ ပေးဝေပါတယ်။ သူငယ်ချင်း သာဓုခေါ်နိုင်ပါစေ။ အမျှရ၍ ကောင်းရာသုဂတိရောက်ပါစေဟု” သူကို အာရုံပြုပြီး လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်သည်။ ကျွှန်တော်စိတ်ထဲမှာလည်း မတင်မကျ ဖြစ်နေသည်။ သို့သော် သူပြိတ္တာဘ၀ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ သူ့အတွက်ရည်စူး၍ မနက်ဖြန် ထိုမြို့ရှိ တန်ခိုးကြီးဘုရားကြီးသို့သွားပြီး သူ့အတွက် ရည်စူးပြီး ဒါနသွားလုပ်ဦးမည်ဟု ဆုံးဖြတ်လိုက်သည်။ သိပ်မကြာပါ။ အနံ့လည်း လုံးဝပျောက်သွားသည်။ အသံတွေလည်း မကြားရတော့။

 

နောက်တစ်နေ့ နံနက်စောစော အိပ်ယာထ၍ ဘုရားကြီးဆီသို့ ထွက်လာခဲ့သည်။ ကျွှန်တော် ဘုရားဝတ်ပြု ငါးပါးသီလဆောက်တည်၊ သူ့အမည်ဖြင့် ရွှေသင်္ကန်း အလှူငွေထည့်သည်။ ထို့နောက် သူကို ရည်စူပြီး အမျှပေးဝေသည်။ ကျွှန်တော်စိတ်မှာ ကျေနပ်သွားသည်။ သူကောင်းရာသုဂတိ ရောက်သွားပြီဟုပဲ မှတ်ယူလိုက်သည်။ ဘုရားကြီး စံကျောင်းမှအထွက် မိတ်ဆွေဇနီးမောင်နှံ စုံတွဲနှင့် ဆုံမိရာ “ဘုရားလာဖူးကြတာလား”ဟု နုတ်ဆက်လိုက်ရာ “ ဟုတ်တယ်ဗျာ.. ကိုဝင်းတင့်ကြီးအတွက် လာလှူတာလေ” ဟုပြောရင်း အလှူငွေ ဖြတ်ပိုင်းလေးကို ပြသည်။ ကျွှန်တော်လည်း အံ့သြ၀မ်းသာသွားပြီး “တိုက်တိုက်ဆိုင်ဆိုင်ဗျာ..ကျွှန်တော်လည်း သူအတွက် တကူးတက လာလှူတာ.. ဒီမှာလေ” ဟု ပြောရင် ဖြတ်ပိုင်းလေး ပြလိုက်မိသည်။ “ ကောင်းတယ်ဗျာ..အကြံတူနေကြတာကိုး” ဟုပြောရင်း ဇနီးမောင်နှံ ၂ ဦး နုတ်ဆက်ထွက်ခွါသွားသည်။ ကျွှန်တော် စိတ်ထဲတွင် သူငယ်ချင်း သူတို့ဆီသွားပြီး သူအတွက် အလှူအမျှဝေဖို့ သတိပေးခဲ့သေးသလားဟု  သူတို့နှစ်ဦးကို ငေးကြည့်ရင်း အတွေးများစွာဖြင့် ကျန်ရစ်ခဲ့သည်။

 

နောင်တွင် ဒေါက်တာအောင်ကျော်(သွာ/ဆရာဝန်) ရေးသော ထူးအတွေ့အကြုံဆန်းများနှင့် တစ္ဆေဇာတ်လမ်းများဆိုသော စာအုပ်ကို ဖတ်ကြည့်မိရာ ရေးသားထားသော ဖြစ်ရပ်အချို့နှင့် ကျွှန်တော်အတွေ့အကြုံမှာ ဆင်ဆင်တူနေပါသည်။ ထို့ကြောင့် ကုသိုလ်ကိုယ်တိုင်ပြုနိုင်သော လူ့ဘ၀၏ တန်ဖိုးကို အသိအမှတ် မပြုပဲ မနေနိုင်ဖြစ်ရသည်။  ၀ိပဿနာကို ထိထိခိုက်ခိုက် မလုပ်မိပဲ အချိန်တွေ ဖြုန်းတီးပစ်နေခြင်းကြောင့် သေပြီးနောက် ကြီးစွာ နောင်တရမည်အရေးကိုလည်း ပို၍ သတိပြုမိလာပါသည်။ အမှန်တော့ ကုသိုလ်ကောင်းမှု မည်မျှပြုပြု လားရာ ဂတိအတွက် အာမခံချက် မရှိပေ။ စေတီပေါင်း ၈၄၀၀၀ တည်ခဲ့သော အာသောက မင်းကြီးပင် သေလျှင် စပါးကြီးမြွေ ဖြစ်ရသေးသည်။ မိမိတို့ ပြုခဲ့သမျှသော ကုသိုလ်တို့အပေါ် ယုံကြည်စိတ်ချထား၍ မဖြစ်။ အနည်းဆုံး စူဋ္ဌသောတာပန်အဆင့်ရောက်မှသာ ရှေ့တစ်ဘ၀ အာမခံချက်ရှိမည်။

 

ထို့ကြောင့် သံသရာ တစ်လျောက်လုံး တဏှာစက်ကွင်းက မလွတ်ခဲ့သမျှ ဤလူ့ဘ၀ရခိုက် တဏှာစက်ကွင်းက အလွတ်ရုန်းထွက်ပြီး အသင်္ခတနိဗ္ဗာန်တွင် တစ်ကြိမ်တစ်ခါ ခိုဝင်လိုက်သည်နှင့် အပါယ်သို့ နောင် ဘယ်တော့မှ မရောက်တော့ပါ။ ထိုသို့ မိမိကိုယ်တိုင် သံသရာကထွက်ရန် ကြိုးစားရင်း တဖက်တွင်လည်း မိမိပြုသမျှ ကုသိုလ်အစုစုတို့ကို မျော်လင့်နေရှာသော မိဘ ဆရာသမား ဆွေမျိုး မိတ်သင်္ဂဟတော်စပ်ခဲ့သည့် ပြိတ္တာများကိုလည်း မေ့မထားကြ စေလို။

 

အချုပ်အားဖြင့်ဆိုရသော် သရဏဂုံ သီလဆောက်တည်လျက် ဒါနကုသိုလ် ဘာဝနာကုသိုလ်တို့ ပြုလုပ်ပြီးတိုင်း အမျှပေးဝေသည့်အခါ  “ ဤသို့ ပြုရသော ဒါနကုသိုလ် ဆောက်တည်ရသော သရဏဂုံသီလကုသိုလ် ပွါးများအပ်သော ဘာဝနာကုသိုလ် အစုစုတို့၏ အဖို့ဘာဂကို ဘ၀ပေါင်းများစွာက မိဘ ဆရာသမား ဆွေမျိုး မိတ်သင်္ဂဟ တော်စပ်ခဲ့ဘူးသော ပြိတ္တာအပေါင်းအားလည်း အမျှပေးဝေပါ၏။ အမျှရကြ၍ ၀မ်းမြောက်သာဓုခေါ်ကြပါကုန်” ဟု အမျှဝေတိုင်း ထည့်သွင်း ရွတ်ဆိုပေးကြစေလိုပါသည်။ အချို့က ထင်ကြမည်။ ပြိတ္တာဘုံမှာ ကိုယ့်ဆွေမျိုးများ မရှိနိုင်။ ဘုရားဟောလည်း ရှိပါသည်။ သံသရာနှင့်ချီကြည့်လျှင် ပြိတ္တာဘုံတွင် ဆွေမျိုးပြိတ္တာ မရှိဆိုသည်မှာ ဖြစ်နိုင်ပါမည်လား။ လှူဒါန်းသည့်အခါတွင်လည်း ဘုရားအမှူးပြုသော သံဃာအားလုံးကို ရည်မှတ်၍ လှူဖို့ လိုပါသည်။ “ငါစားရမှာတွေ ဒုဿီလကြီး စားသွားပြီ”ဟု ဆွေမျိုး ပြိတ္တာက အိပ်မက်လာပေးသော ပုံဝတ္တုများလည်း ဖတ်ဘူးပါသည်။

 

သနားစရာကောင်းပါသည်။ သူတို့ခမျာ ရောက်အောင်ပေးလှူနိုင်မှလည်း စားရ၊ ၀တ်ရ၊ သုခခံစားရ ရှာပါသည်။ သာဓုခေါ်ပြီး ကံကုန်၍ လူပြည် နတ်ပြည်များသို့ ရောက်သွားကြလျှင်လည်း မိမိနှင့် မိဘ ဆရာသမားတော်စပ်ခဲ့ပါက ကျေးဇူးဆပ်ရာရောက်သလို ဆွေမျိုး မိတ်သင်္ဂဟ တော်စပ်ခဲ့ပါကလည်း ဒုက္ခနွံမှ ကယ်တင်ပေးလိုက်ရသဖြင့် “ညာတကာနဉ္စ သင်္ဂဟော”ဆိုသော မင်္ဂလာတရားနှင့် ညီပါသည်။ ထို့ကြောင့် ကျွှန်တော်တို့ ပေးမှ ကျွှေးမှ စားရသည့် သတ္တ၀ါများထဲတွင် မျက်စိဖြင့် မြင်တွေ့ရသော အိမ်တွင် မွေးထားသော တိရိစ္ဆာန်များသာမက မမြင်ရသော အပါယ်ဘုံသား ပြိတ္တာများလည်း ရှိနေကြောင်း အမျှပေးတိုင်း မှတ်မှတ်ရရ ယုံယုံကြည်ကြည်ဖြင့်  ပေးဝေကြဖို့ အကြံပြု တိုက်တွန်းလိုက်ရပါသည်။

 

(မှတ်ချက်။   ဘ၀တစ်ပါးပြောင်းသွားသော သူငယ်ချင်း၏ အမည်အား ပြောင်းလွဲ ဖော်ပြထားပါသည်။ ဤဆောင်ပါးအား မြန်မာမိသားစုဖိုရမ် အင်တာနက်စာစောင်တွင်လည်း ဖော်ပြထားပါသည်။)

နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

ပြေဇော်

 

Views: 316

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service