ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့

သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့…


``သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့`` ဤစာသားလေးကား မန်လည်ဆရာတော်ကြီး၏ မဃဒေ၀လင်္ကာသစ် စာအုပ်တွင် ပါရှိသည့် စာသားလေးဖြစ်၏။ ဗုဒ္ဓဓမ္မကို အခြေခံ စပ်ဆိုထားသည့် စာစုလေးလည်း ဖြစ်၏။ ဤစာစုအပြည့်အစုံမှာ ``သဒ္ဓါ ပညာ၊ သမာ ၀ီရိ၊ စောင်းနှယ်ညှိလော့၊ လောကီဓမ္မတာ၊ လူတို့မှာလျှင်၊ သဒ္ဓါမဆွန့်၊ ကွန့်၍ဖြိုးဝှန်၊ ဉာဏ်မလွန်နှင့်၊ သားမွန်လိမ္မာ၊ ဤအရာ၌၊ ပညာမဘက်၊ သဒ္ဓါထက်က၊ နက်၏ဆင်းရဲ၊ အမြဲမှန်စွာ၊ သဒ္ဓါနုံ့ဆွန့်၊ တွန့်၍ဉာဏ်ကွန်၊ ပညာလွန်သော်၊ ၀င်္ကံကောက်ကျစ်၊ ကျိုးမဖြစ်ဘူး၊ စင်စစ်ထိုပြီး၊ သမာဓိများ၊ ပျင်းရိပွား၏၊ အားထုတ်လွန်က၊ ပြန့်တတ်စွရှင်၊ ၀ီရိဆိုး၊ ညဉ့်ကိုနိုးမူ၊ သူခိုးဖြစ်တတ်၊ ဟူတုံလတ်၏၊ မပြတ်စိတ်က၊ သတိမလော့၊ ညီမျှသော်သာ၊ ကျိုးထင်ရာခဲ့`` (မဃဒေ၀လင်္ကာသစ်၊ ပိုဒ်၊ ၁၉၂၊ နှာ ၁၂၃) ဟူ၍ဖြစ်၏။

ဆရာတော်ကြီး၏ ဤလင်္ကာလေးကား ဘုရားဟောတရားကို ကဗျာလင်္ကာအဖြစ် ပြန်လည်တင်ပြထားခြင်း ဖြစ်၏။ လောကသားတို့၏ ပစ္စုပ္ပန် ကောင်းကျိုး၊ သံသရာကောင်းကျိုးကို ရည်ညွန်းဟောကြားထားသည့် မြတ်ဗုဒ္ဓ၏ ဤဓမ္မသည် မည်သည့်အရာမဆို အစွန်းမရောက်ကြရန် သတိပေးစကား ပြောကြားနေသကဲ့သို့ ဖြစ်၏။ တစ်စုံတစ်ခုကို ပြုလုပ်သည့်အခါ တစ်ခုတည်းကိုသာ စွဲကိုင်ပြီး မလုပ်မိကြရန်နှင့် မျှမျှတတဖြစ်စေရန်၊ တစ်ဘက်က အားကောင်းပြီး တစ်ဘက်မှာ အားနည်းနေမှု မဖြစ်စေဘဲ နှစ်ဘက်ညီမျှစေရန် ဆင်ခြင်လုပ်ကိုင်သင့်ကြောင်း ညွှန်ကြားမှုပေးထား၏။ ဤဓမ္မတွင် နှစ်ဘက်ညီနေရမည့် တရားနှစ်စုံရှိကြောင်း ဖော်ပြထား၏။ သဒ္ဓါ ပညာ ညီညွတ်မျှတစေမှုနှင့် သမာဓိ ၀ီရိယ ညီမျှနေမှုဟူသော နှစ်ဘက်ညီတရား နှစ်စုံကို ဟောကြားပေးထား၏။ ထိုတရားများကို ညီမျှစေရန် သတိတရားသည် အချုပ်ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြသတော်မူ၏။

ဤသဒ္ဓါ၊ ပညာ၊ ၀ီရိယ၊ သတိ၊ သမာဓိဟူသော တရားငါးကို အဘိဓမ္မာတွင် ဣနြေ္ဒငါးပါးအဖြစ်ဖြင့်လည်းကောင်း၊ ဗလ (ဗိုလ်)ငါးပါး အဖြစ်ဖြင့်လည်းကောင်း ဖော်ပြကာ ဗောဓိပက္ခိယတရားများတွင် ထည့်သွင်းထား၏။ ဗောဓိဉာဏ်ကို ရရာရကြောင်း အထောက်အကူပြု တရားများအဖြစ် ဖွင့်ပြထား၏။ ဗောဓိဉာဏ်ဟူသည် သစ္စာလေးပါးကို သိကြောင်းတရားဖြစ်သဖြင့် ဤတရားများကို လက်ကိုင်ထားပြီး မှန်ကန်စွာ လိုက်နာကျင့်သုံးနိုင်ပါလျှင် လောကီအကျိုးများသာမက လောကုတ္တရာအကျိုးများအထိ ရရှိနိုင်စေမည်သာ ဖြစ်ပါ၏။ သို့သော် တစ်ခုခုလွန်ကဲသွားပါကလည်း အစွန်းရောက်ကာ လမ်းလွဲသွားတတ်ကြောင်း သတိပြုသင့်၏။

ထို့ကြောင့် ထိုတရားများကို ညီမျှစေရန် အားထုတ်ရမည်ဖြစ်၏။ မည်မျှအထိ ညီမျှရန်လိုသနည်းဆိုသော် စောင်းကြိုးကဲ့သို့ ညီရန်လို၏ဟုဆို၏။ စောင်းကြိုးမညီပါက စောင်းသံသည်လည်း ကောင်းမွန်စွာ ထွက်ပေါ်မလာနိုင်သကဲ့သို့ သဒ္ဓါနှင့် ပညာ၊ သမာဓိနှင့် ၀ီရယအတွဲများ မညီပါကလည်း ကောင်းကျိုးများ အပြည့်အ၀ အစစ်အမှန် မရှိနိုင်ဘဲ ရှိတတ်၏။ ထို့ကြောင့် စောင်းကြိုးကို ညီအောင်ညှိသကဲ့သို့ သဒ္ဓါပညာ၊ သမာဓိဝီရိယတို့ကိုလည်း ညီအောင်ညှိပေးရ၏။ ထိုတရားများညီမျှစေရန် သတိတရားဖြင့် ညှိပေးရ၏။ ထိမ်းပေးရ၏။ တည့်ပေးရ၏။ သတိဟူသည်ကား ပိုသည်မရှိ လိုသည်သာ ဖြစ်၍ သတိမရှိဘဲ မည်သည့်အရာမျှ မှန်ကန်တည့်မတ်နိုင်မည် မဟုတ်ပေ။

မှန်၏။ အတွဲညီမှ အကျိုးရ၏ဆိုသကဲ့သို့ သဒ္ဓါနှင့် ပညာအတွဲသည်လည်း ညီမျှရ၏။ ညီမျှမှသာ မှန်ကန်သည့် အကျိုးကိုဖြစ်စေမည် ဖြစ်၏။ ဤ၌ သဒ္ဓါသည် ယုံကြည်မှုဖြစ်ပြီး ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို ယုံကြည်မှုဖြစ်၏။ ပညာသည်ကား စူးစမ်းဆင်ခြင်ခြင်း ဖြစ်ပြီး အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားဝေဘန် စိစစ်ပေး၏။ ဤနှစ်ပါးတွင် တပါးပါးက အားကောင်းသွားလျှင် အစွန်းရောက်သွားတတ်၏။ သဒ္ဓါဟူသည့် ယုံကြည်မှုအားကောင်းပြီး ဆင်ခြင်တတ်သည့် ပညာအားနည်းပါက အလွဲကိုးကွယ်မိတတ်၏။ ကိုးကွယ်သင့် မကိုးကွယ်သင့် မစဉ်းစားဘဲ သူများယောင်သည့်အတိုင်း လိုက်ယောင်မိတတ်၏။ မည်သူက မည်ကဲ့သို့ဖြစ်သည်၊ မည်ကဲ့သို့ စွမ်းသည်စသည်ဖြင့် ပြောလာလျှင် မှန်မမှန် မစဉ်းစားတော့ဘဲ အပြည့်အ၀ ယုံကြည်ကိုးကွယ်မိတတ်၏။ နောင်မှ ဖွတ်ထွက်မှ တောင်ပို့မှန်း သိကြရသည့် အဖြစ်များလည်း တွေ့ကြုံကြဖူးမည် ဖြစ်၏။ ပညာမပါဘဲ သဒ္ဓါချည်းအားကောင်းသွားလျှင် ထိုသို့ဖြစ်တတ်၏။

ယုံကြည်မှုဟူသည်ကလည်း အခက်သားပင်။ ယုံမိပြီဆိုလျှင် ဇွတ်မှိတ်ပြီး ယုံမိတတ်ကြ၏။ ပညာဉာဏ်အားနည်းပြီး အစွဲတရားကြီးသူများဖြစ်လျှင် ပို၍ပင် ယုံကြည်မှု အားကောင်းတတ်၏။ ထိုသူများသည် ယုံကြည်မိလျှင် အပြည့်အ၀ ယုံကြည်မိတတ်ကြသဖြင့် မျက်ကန်းယုံကြည်မှုဟုပင် ပြောရလောက်အောင် ဖြစ်တတ်၏။ မျက်မှောက်ခေတ်တွင် ထိုသို့ ပညာအားနည်းပြီး သဒ္ဓါအားကောင်းသူများကို အမြောက်အများ တွေ့နေရ၏။ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာ အများစုသည် ထိုသို့ဖြစ်နေ၏။ အားကိုးရာအစစ်ကို ပယ်ပြီး ရေလိုက်လွဲနေကြသည်ကို တွေ့ရ၏။

ဘုရားကအောက် မျောက်ကအထက်ဆိုသကဲ့သို့ အိမ်တွင် ဘုရားစင်ထက် နတ်စင်က တောက်ပနေ၏။ ပန်းသစ်သီး အရက်တို့ဖြင့် ဝေဆာနေ၏။ ရတနာသုံးပါးထက် အတွင်းအပြင်နတ်များကို ပို၍ယုံကြည်မှု၊ အားကိုးမှုဖြစ်နေကြ၏။ သဒ္ဓါတရားသည် တစ်လွဲအားကောင်းနေကြ၏။ မိမိတို့လုပ်ရပ်သည် သဘာဝကျမကျ၊ ယုတ္တိရှိမရှိ၊ မှန်မမှန် မစဉ်းစားမိကြဘဲ ဇွတ်အတင်း ယုံကြည်နေမိကြတော့၏။ ပညာအားနည်းပြီး သဒ္ဓါအားကောင်းနေမှုက အလွဲတွေကို ကိုးကွယ်မိစေလေတော့၏။ အချို့ဆိုလျှင် ရတနာသုံးပါးထက် ဘိုးတော်၊ ဘွားတော်၊ မယ်တော်၊ အသေထွက်၊ အရှင်ထွက်၊ ဗေဒင်ယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင် ဂိုဏ်းဆရာများအထိ ကိုးကွယ်အားကိုးရာများ အဖြစ် အားကိုးတကြီး ယုံကြည်လာနေကြ၏။

တစ်ဘ၀တစ်နှစ်စာ အဆင်ပြေစေရန် ဘုရားပစ်၊ တရားပစ်၊ သံဃာပစ်ပြီး သံသရာနှစ်စေမည့် အရာများနောက်ကို ပညာမပါသည့် ယုံကြည်မှုဖြင့် အားကိုးတကြီး လိုက်နေကြ၏။ ထိုသို့ အလွဲကိုးကွယ်မိကြသဖြင့်လည်း နောင်ဘ၀မဆိုထားဘိ ယခုဘ၀တွင်ပင် အမှားများ၊ ဒုက္ခများနှင့် ကြုံတွေ့နေကြသည်ကိုလည်း တွေ့နေရ၏။ နတ်ကတော်ရိုက်လို့၊ ဘိုးတော်ကိုင်လို့၊ ဗေဒင်ဆရာ မွှေလို့စသည်ဖြင့် ဒုက္ခရောက်ခဲ့ကြသူများလည်း အများအပြားပင်ဖြစ်၏။ ပညာအားနည်းပြီး ယုံကြည်မှုအားကောင်းကြသဖြင့် ဆရာအလွဲကို ကိုးကွယ်မိကြ၏။ ဆရာတစ်ပါး လွဲချော်သွားက တပည့်အများ အပါယ်လား၏ဟု ဆိုသကဲ့သို့ ဆရာအမှားကြောင့် သံသရာအထိ ဒုက္ခတွေဖြစ်ခဲ့ကြ၏။ ဤသည်မှာ သဒ္ဓါဟူသည့် ယုံကြည်မှုအားကောင်းပြီး ပညာအားနည်းသောကြောင့်ဖြစ်၏။

အချို့ကား ပညာအားကောင်းကြ၏။ ပညာအားကောင်းသဖြင့် အရာရာမှာ တွေးတောဆင်ခြင်နေသည်သာ များနေ၏။ ဝေဖန်ပြောဆိုမှုများနှင့်သာ အချိန်ကုန်နေ၏။ လက်တွေ့မလုပ်ဖြစ်ဘဲ ဒဿနဆန်ဆန် အတွေးများဖြင့်သာ ဟိုလိုလိုဒီလိုလို ဖြစ်နေတတ်ကြ၏။ တစ်ခါတစ်ရံ ``ကုသိုလ်ကောင်းမှုဆိုတာ လုပ်စရာမလိုပါဘူး၊ စိတ်ထဲရှိရင် ပြီးတာပဲ``ဟု ပြောတတ်ကြ၊ ဆင်ခြင်ပေးတတ်ကြ၏။ ပညာအားကောင်းသဖြင့် ကောက်ကျစ်စဉ်းလဲမှုများလည်း ဖြစ်စေကြ၏။ သဒ္ဓါအားနည်းပြီး ပညာအားကောင်းသဖြင့် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်ကို ကြည့်ကြည့် ဝေဖန်အကြည့်၊ အဆိုးမြင် အကြည့်များကသာ ဦးဆောင်နေကာ မကောင်းသည့်ဘက်ကိုသာ ဦးတည်နေမိတတ်ကြ၏။

ထို့ကြောင့် သဒ္ဓါအားနည်းပြီး ပညာအားကောင်းလျင်လည်း စဉ်းလဲကောက်ကျစ်တတ်၏ဟု ဆိုခြင်းဖြစ်၏။ နွားနို့ပို့သည့်ကုလားကြီး နွားနို့လှူသကဲ့သို့ ဖြစ်မိတတ်ကြ၏။ ကုလားကြီးသည် နွားနို့ပို့သွားစဉ် စက်ဘီးမှောက်ပြီး နွားနို့အိုးကြီးပါ မြေပြင်ပေါ်ကျမှောက်သွား၏။ ထိုအခါမှ နွားနို့ပို့ကုလားကြီးက ``မှောက်သွားသည့် နွားနို့အိုး ရွှေတိဂုံဘုရားအား လှူပါ၏``ဟု ဆိုကာ လှူလိုက်လေသတဲ့..။ စဉ်းစားကြည့်စေချင်၏။ ကုလား၏ နွားနို့အလှူသည် ကုသိုလ်ဖြစ်မဖြစ်။ တစ်ခါတစ်ရံ ယုံကြည်မှုအားနည်းပြီး စူးစမ်းဆင်ခြင်မှု အားကောင်းလျှင် ကုလားကြီး နွားနို့လှူသကဲ့သို့ ဖြစ်တတ်၏။ ဆိုလိုသည်မှာ သဒ္ဓါအားနည်းပြီး ပညာအားကောင်းလျှင်လည်း လမ်းလွဲပြီး အစွန်းရောက်တတ်ကြောင်း ဆိုလိုရင်းဖြစ်၏။

ထို့ကြောင့် လောကီကောင်းကျိုး၊ လောကုတ္တရာ ကောင်းကျိုးအမှန်ဖြစ်လိုလျှင် သဒ္ဓါနှင့်ပညာ ညီမျှရန်လိုကြောင်း ဆိုခြင်းဖြစ်၏။ တစ်ခုခုအားကောင်းသွားလျှင် အစွန်းရောက်တတ်သဖြင့် နှစ်ဘက်ညီရန် လိုကြောင်း ဟောတော်မူခြင်းဖြစ်၏။ ထိုတရားနှစ်ခု ညီမျှရန်အတွက်ကား ကြားမှသတိတရားက ထိန်းပေးရ၏။ သဒ္ဓါအားကောင်းပြီး ပညာအားနည်းနေလျှင် ပညာအားကောင်းလာစေရန်၊ ပညာအားကောင်းပြီး သဒ္ဓါအားနည်းနေလျှင် သဒ္ဓါအားကောင်းလာစေရန် သတိတရားဖြင့်ချိန်ကာ ထိုတရားနှစ်ခု ညီမျှအောင် ပြုလုပ်ပေးရ၏။ ဤကား သဒ္ဓါပညာ နှစ်ပါးညီရာညီကြောင်း နှစ်ဘက်ညီတရား တစ်ခုဖြစ်၏။

ထို့အတူပင်။ သမာဓိနှင့် ၀ီရိယအတွဲလည်း ညီရန်လိုအပ်လှ၏။ သမာဓိဟူသည် တည်ကြည်ခြင်းဖြစ်ပြီး ၀ိရီယကား လုံ့လအားထုတ်မှုဖြစ်၏။ သမာဓိသည် ပျင်းရိခြင်း ကောသဇ္ဇ၏ ဘက်တော်သားဖြစ်ခြင်းကြောင့် သမာဓိအားကောင်းပြီး ၀ီရိယ အားနည်းနေလျှင် စိတ်အစဉ်ကို ပျင်းရိခြင်း ကောသဇ္ဇတရားက လွှမ်းမိုးဖိစီးသွားတတ်၏။ ဤအတူ ၀ီရိယသည်လည်း စိတ်ပျံ့လွင်မှု ဥဒ္ဓစ္စ၏ အသင်းအပင်း ဘက်တော်သားဖြစ်သဖြင့် ၀ီရိယအားကောင်းပြီး သမာဓိအားနည်းနေလျှင် စိတ်အစဉ်ကို ပျံ့လွင့်မှု ဥဒ္ဓစ္စတရားက လွှမ်းမိုးဖိစီးတတ်၏။

ထို့ကြောင့် ``သမာဓိလွန်သော် ကောသဇ္ဇ၊ ၀ီရိယလွန်သော် ဥဒ္ဓစ္စ``ဟု ဆိုခြင်းဖြစ်၏။ သမာဓိကို ၀ီရိယနှင့် ယှဉ်တွဲပေးလိုက်သော် ယင်းသမာဓိသည် ပျင်းရိခြင်း ကောသဇ္ဇသို့ ကျရောက်ရန် အခွင့်မရနိုင်၊ ၀ီရိယကို သမာဓိနှင့် ယှဉ်စပ်ပေးလိုက်သော် ယင်းဝီရိယသည် စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စုသို့ ကျရောက်ရန် အခွင့်မရနိုင်တော့ပေ။ ထိုသို့ သမာဓိ ၀ီရိယ ညီမျှနေပါက အစွန်းရောက်မှု မရှိတော့ဘဲ ကောင်းကျိုးကိုသာ ဖြစ်စေနိုင်ပေ၏။ ထိုတရားများညီမျှရန်အတွက် သတိကပင် ထိန်းသိမ်းပေးရမည်ဖြစ်၏။

စင်စစ် ဤသဒ္ဓါ၊ ပညာ၊ သတိ၊ သမာဓိ၊ ၀ီရိယဟူသော ဣနြေ္ဒငါးပါးသည် ဘာဝနာတရားအားထုတ် နေသည့်သူများအတွက် မဖြစ်မနေ ညီညွတ်နေရမည့် တရားများဖြစ်၏။ တရားအားထုတ်စဉ်သာ မဟုတ် လောကီအလုပ်များတွင် အမှားနည်းပြီး အကျိုးဖြစ်ထွန်းကာ အစွန်းမရောက်စေရန် အတွက်လည်း ဤတရားများ၏ ညီညွတ်မှုက အထောက်အပံ့ပြုပေးနေ၏။ သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့် ၀ီရိယကို အတွဲညီစွာ မျှမျှတတ ကျင့်သုံးနိုင်လျှင် မိမိတို့ အလိုရှိသည့် လောကီလောကုတ် ကောင်းကျိုးများကိုသာ ဖြစ်စေနိုင်ပေ၏။ ထိုအတွဲများ ညီညွတ်မှု၏ အချုပ်ကား သတိတရားပင်ဖြစ်ပါ၏။ သတိသည်ကား သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့်ဝီရိယ ညီမျှရေးအတွက် အခါခပ်သိမ်း အမြဲတမ်း အလိုရှိအပ်သော တရားဖြစ်၏။ သတိတရားသည် အခါခပ်သိမ်း နေရာတိုင်းတွင် အားကောင်းမှသာလျှင် သင့်မြတ်လှပေ၏။

အချုပ်အားဖြင့် လောကတွင် အစွန်းရောက်ပြီး တစ်ခုတည်းကိုသာ လွန်လွန်ကဲကဲဖြစ်နေပါက လမ်းလွဲနေမည်ဖြစ်သဖြင့် မည်သည့်အရာမျှ အစွမ်းမရောက်စေရန် သတိပြုကြရမည်ဖြစ်၏။ အထူးသဖြင့် လောကီကိစ္စများ၊ လောကုတ္တရာ အလုပ်များတွင် သဒ္ဓါဟူသည့် ယုံကြည်မှု၊ ပညာဟူသည့် စူးစမ်းဆင်ခြင်မှုကို ညီမျှစွာ ဆောင်ရွက်ကြရန်နှင့် ပျင်းရိခြင်း၏ ဘက်တော်သား တည်ကြည်မှုဟူသော သမာဓိနှင့် ပျံ့လွင်ခြင်း၏ ဘက်တော်သား ဥဒ္ဓစ္စဟူသော ၀ီရိယတို့ကို ညီမျှစွာ ဆောင်ရွက်ကြရန် အထူးလိုအပ်လှ၏။

အတွဲမညီဘဲ သဒ္ဓါဟူသည့် ယုံကြည့်မှုအားကောင်းပြီး စူးစမ်းဆင်ခြင်ခြင်း ပညာအားနည်းပါက အလွဲကိုးကွယ်မိတတ်ပြီး ပညာအားကောင်းပြီး သဒ္ဓါအားနည်းပါက စဉ်းလဲကောက်ကျစ်တတ်၏။ ထို့အတူ တည်ကြည်မှု သမာဓိအားကောင်းပြီး ကြိုးစားအားထုတ်မှု ၀ီရိယ အားနည်းပါက ပျင်းရိတတ်ပြီး ၀ီရိယအားကောင်းပြီး သမာဓိ အားနည်းပါကလည်း ပျံ့လွင့်တတ်၏။ ထို့ကြောင့် ထိုအတွဲများညီမျှစေရန် ညှိပေးသည့် အရာကား သတိတရားသာဖြစ်သောကြောင့် ``စောင်းကြိုးပမာ ညီမျှရမည့် သဒ္ဓါ ပညာ သမာ ၀ီရိယ`` တရားများကို သတိတရားလက်ကိုင်းထားပြီး ညီမျှအောင် ကြိုးစားသင့်လှပေသည်သာ ဖြစ်ပါကြောင်….။

စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

Views: 279

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service