ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကိုးကွယ်ခြင်းနှင့် အားကိုးခြင်းကိစ္စ


ကိုးကွယ်ခြင်းနှင့် အားကိုးခြင်းကိစ္စ
မေး။ ။ စာရေးသူ သိလိုသော ပြဿနာမှာ-
(က) မိမိကိုယ်သာ ကိုးကွယ်ရာ
(ခ) ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသာ ကိုးရာဟူသောစကားနှစ်ရပ် ဖြစ်ပါသည်။
အထက်ပါစကားနှစ်ရပ်၌ (က)အရ `အားကိုး´၊ (ခ) အရ `ကိုးကွယ်´ ဟူ၍ သုံးနှုန်းမှသာ သင့်တော်ဖွယ်ရာ ရှိမည်ထင်ပါသည်။ ငယ်စဉ်အခါက ကွယ်လွန်သူ အဆိုတော်ကြီးတစ်ဦး၏ `မိမိကိုယ်သာ ကိုးကွယ်ရာ´ ဟူသော သီချင်းစာသားလည်း နားယဉ်ခဲ့ပြီး ဖြစ်ပါသည်။ ဆရာတော်ကြီး တစ်ပါး၏ `အတ္တဒီပါ အတ္တသရဏာ= မိမိကိုယ်ကို ဆီမီးတိုင်ကဲ့သို့ ထွန်းညှိပါ၊ မိမိကိုယ်ကို ကိုးကွယ်ပါ´ဟူသော စာသားလည်း မှတ်သားရဖူးပြီး ဖြစ်ပါသည်။ အခြားအခြားသော ဘာသာရေး စာမျက်နှာတို့၌ `ကိုးကွယ်ခြင်း၊ အားကိုးခြင်း၊ အားထားခြင်း၊ လဲလျောင်းခြင်း၊ အသိအမှတ်ပြုခြင်း´ ဟူသော စကားလုံးများမှာ အဓိပ္ပါယ်ရေားထွေးမှု ရှိနိုင်ပါသည်။
သို့ပါ၍ နှောင်းလူများ ရှင်းလင်းစွာ နားလည်ကြစေရန် အလို့ငှါ အားကိုးခြင်းနှင့် ကိုးကွယ်ခြင်းတို့၏ သဒ္ဒါအနက်ကိုလည်းကောင်း၊ အဓိပ္ပါယ်အနက်ကိုလည်းကောင်း၊ မည်သို့ လက်တွေ့ကျင့်သုံးအပ် သည်ကိုလည်းကောင်း ကွဲပြားသိသာစွာ ဖြေကြားပေးကြပါရန် ပညာရှင်များအား တောင်းပန်အပ်ပါသည်။
သုတဂဝေသီတစ်ဦး
မြိုင်ကလေး။ ဘားအံမြို့။

ဖြေ။ ။ မိမိကိုယ်သာကိုးကွယ်ရာ-ဟူသော စကားရပ်၏ မူရင်းပါဠိမှာ အများသိကြသည့်အတိုင်း `အတ္တာ ဟိ အတ္တနော နာထော´ ဟု ဖြစ်၏။ ထိုပါဠိသည် ဓမ္မပဒပါဠိတော်တွင် နှစ်နေရာပါ၏။
အဋ္ဌကထာတွင် `နာထောတိ ပတိဋ္ဌာ´ဟု ဖွင့်ပါ၏။ ထိုအဖွင့်အလို နာထော=ထောက်တည်ရာတည်း-ဟု အနက်မြန်မာ ပြန်ရမည်ဖြစ်ပါသည်။ နောက်တနေရာတွင် `နာထောတိ အ၀ဿယော ပတိဋ္ဌာ´ ဟု ဖွင့်ပြန်၏။ ယင်းအလိုအရ မှီရာတည်ရာ- ဟု ပြန်ဆိုရမည်ဖြစ်၏။ ယင်းပါဠိတော်မြန်မာပြန်တွင် --
အတ္တာ ဟိ အတ္တနော နာထော၊
ကော ဟိ နာထော ပရော သိယာ။
(ဓမ္မပဒ၊ ဂါထာ-160)
မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏။ သူတစ်ပါးသည် မိမိ၏ ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်အံ့နည်း-ဟု ဘာသာပြန်ထား၏။
ဂါထာနံပါတ် (380) တွင်ကား (ကိုးစားရာအစား) ကိုးကွယ်ရာဟု ဘာသာပြန်ထားသည်ကို တွေ့ရပြန်၏။
`အရှင်ဂေါတမ၊ အကျွန်ုပ်သည် အရှင်ဂေါတမကို ကိုးကွယ်ရဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်း ကိုးကွယ်ရဟူ၍ ဆည်းကပ်ပါ၏။ သံဃာတော်ကိုလည်း ကိုးကွယ်ရဟူ၍ ဆည်းကပ်ပါ၏။ အရှင်ဂေါတမသည် အကျွန်ုပ်ကို `ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာ´ဟု မှတ်တော်မူပါ။ (ဒီ၊ မြန်၊ 1။150) (အလားတူနေရာ မြောက်မြားစွာတို့၌ လည်း ဤနည်းအတိုင်းချည်းသာ)
`ကြောက်ရွံ့ထိတ်လန့်ကုန်သော များစွာသော လူတို့သည် တောင်တို့ကိုလည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ အရံတို့ကိုလည်းကောင်း၊ အထိကရ သစ်ပင်စသော ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ကြကုန်၏။
ဤတော၊ တောင်၊ အရံ အထိကရ သစ်ပင်စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်။ မြတ်သော ကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ် ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။
အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန် ဒုက္ခသစ္စာ၊ ဆင်းရဲခြင်း၏ အကြောင်းရင်း မှန် သမုဒယသစ္စာ၊ ဆင်းရဲလွတ်မြောက်ရာအမှန် နိရောဓသစ္စာ၊ ဆင်းရဲငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအမှန် (အင်္ဂါရှစ်ပါးရှိသော မြတ်သော) မဂ္ဂသစ္စာ ဟူသော အရိယသစ္စာ လေးပါးတို့ကို ကောင်းစွာ မဂ်ပညာဖြင့် မြင်နိုင်၏။
ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်း မည်၏။ မြတ်သော ကိုးကွယ် ဆည်းကပ်ခြင်း မည်၏။ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏။ (ဓမ္မပဒ၊ ဂါထာ၊ 188 မှ 192)
အထက်ပါ ပါဠိတော်မြန်မာပြန်တို့တွင် ပါရှိသော ကိုးကွယ်ရာ ဟူသော စကားရပ်တို့သည် သရဏံ - ဟူသော ပုဒ်၏ ဘာသာပြန်များ ဖြစ်၏။
အခြားသော `နာထော´ ဟူသောပုဒ် ၊ သရဏံ- ဟူသော ပုဒ်များ ပါရှိသော ပါဠိတော်များအား ဆရာများ မည်ကဲ့သို့ ဘာသာပြန်ထားသည်ကို ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော် မြန်မာပြန်များမှ ရှာဖွေပြပါဦးမည်။
ပတိဋ္ဌာ ၀ုယှတေ သြဃေ ၊
မြတ်စွာဘုရား ၊ အရှင်ဘုရားသည် သြဃလေးဖြာ၌ မျောပါကုန်သော သတ္တ၀ါတို့၏ ထောက်တည်ရာ ဖြစ်တော်မူပါပေ၏။
တွဥှိ နာထော အဗန္ဓုနံ။
အရှင်ဘုရားသည်သာလျှင် အဆွေမရှိသော သတ္တ၀ါတို့၏ အားကိုးရာ ဖြစ်တော်မူပါပေ၏။
ဘယဋ္ဋိတာနံ သရဏံ၊
ဘေးဖြင့် နှိပ်စက်ခံရသော သတ္တ၀ါတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါပေ၏။
မုတ္တိတ္ထီနံ ပရာယဏံ ၊
လွတ်မြောက်ရေးကို အလိုရှိကုန်သော သတ္တ၀ါတို့၏ လဲလျောင်းရာ ဖြစ်တော်မူပါပေ၏။
(သဗ္ဗကိတ္တိကတ္ထေရအပါဒါန်၊ ဂါထာ-314)
အနာထာနံ ဘ၀ံ နာထော၊
အရှင်ဘုရားသည် ကိုးကွယ်ရာမဲ့သူတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါပေ၏။
ဘီတာနံ အဘယပ္ပဒေါ=ဘေးမှကြောက်နေသူတို့အား ဘေးမဲ့ကို ပေးတော်မူပါ၏။
ဝိဿာမဘူမိ သန္တာနံ = ပင်ပန်းသူတို့၏ အပန်းဖြေရာ ဖြစ်တော် မူပါပေ၏။
သရဏံ သရဏေသိနံ = ကိုးကွယ်ရာကို ရှာဖွေသူတို့၏ ကိုး ကွယ်ရာ ဖြစ်တော်မူပါ၏။
( ၀ဂီင်္ီသတ္ထေရအပဒါန်၊ ဂါထာ-111)
တုဝံ နာထော မဟာဝီရ = ကြီးသောလုံလရှိတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားသည် (ကျွန်ုပ်တို့၏ ) ကိုးကွယ်ရာပါတည်း။
သရဏံ ဟောဟိ စက္ခုမ = ပညာစက္ခုရှိတော်မူသော မြတ်စွာဘု ရား၊ ( ကျွန်ုပ်တို့၏ ) ကိုးကွယ်ရာ ဖြစ်တော်မူပါ။ ( ကျွန်ုပ်တို့၏ ) ကိုးကွယ်ရာ ဖြစ်တော်မူပါ။ ( ဗုဒ္ဓ၀ံသ၊ပဒုမုတ္တရဗုဒ္ဓ၀င်၊ ဂါထာ-16)
အထက်ပါ မြန်မာပြန်များကို လေ့လာကြည့်လျှင် ´နာထော`နှင့်
´သရဏံ`ဟူသော ပုဒ်နှစ်ပုဒ်လုံးကို ကိုးကွယ်ရာဟုသာ ပညာရှင်တို့ ဘာသာပြန်ထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။
ဘာသာဋီကာ ဆရာတော်ကမူ= အတ္ထ သရဏာ= မိမိဟူသော အားကိုးရာ ရှိကုန်သည်၊ (မိမိကိုသာ အားကိုးကုန်သည်) အနညသရ ဏာ-မိမိမှတစ်ပါး အခြားသူဟူသော အားကိုးရာ မရှိကုန်သည်၊ (မိမိမှ တစ်ပါး အခြားသူကို အားမကိုးကုန်သည်)စသည်ဖြင့် သရဏ ပုဒ်ကို အများပြန်သလို ကိုးကွယ်ရာဟု မပြန်ဆိုဘဲ အားကိုးရာဟုပြန်ဆိုတော် မူ၏။ ဤသို့လျှင် နာထပုဒ်ကိုရော သရဏပုဒ်ကိုပါ အားကိုးရာဟုလည်း ကောင်း၊ ကိုးကွယ်ရာဟု လည်းကောင်း၊ ပညာရှင်များ လက်သင့်သလို ပြန်ဆိုရေးသားကြသည်ကို ထောက်၍ အားကိုးရာနှင့် ကိုးကွယ်ရာဟူ သော စကားနှစ်ရပ်မှာ အနက်အဓိပ္ပယ်အားဖြင့် များစွာမခြားနားဟူ၍ ပင် မှတ်ရမည်ဖြစ်၏။
လယ်တီဆရာတော် ဖွင့်ဆိုတော်မူအပ်သော ကိုးကွယ်ခြင်း အဓိပ္ပါယ်ကို မဂ္ဂင်္ဂဒီပနီမှ ထုတ်ပြပါဦးမည်။
`သဗ္ဗေ သတ္တာ ကမ္မပ္ပဋိဿရဏာ` ဟူသောပါဌ်၌ ကိုးကွယ်မှု့ဆို သည်ကား အားကိုးအားထားပြုမှု့၊ ဒုက္ခဘေးတို့မှ ကွယ်ကာပုန်းအောင်း ရာပြုမှု့ကို ဆိုလိုသည်။ လောက၌ အသက်ရှည်ခြင်းကို အလိုရှိကြကုန် သော လူတို့သည် ထမင်းရေစာကို အားကိုးအားထား ပြုကြရကုန်၏။ ထမင်းရေစာသည် လူတို့ ငတ်မွတ်ခြင်းဘေးကို ကွယ်ကာနိုင်၏။ ငတ် မွတ်ခြင်းဘေးကို မတွေ့လိုသောလူတို့သည် ထမင်းရေစာကို လက်ရှိပြု ကြရကုန်၏။ ထမင်းရေစာ ပြည့်စုံစွာရှိသောသူတို့၌ ငတ်မွတ်ခြင်းဘေး မလာနိုင်။ ထို့ကြောင့် သတ္တ၀ါတို့သည် ငတ်မွတ်ခြင်းဘေးအတွက် ထမင်းရေစာကို ကိုးကွယ်ကြရကုန်၏။ ထို့အတူ အနာရောဂါအတွက် ဆေးဝါးကို ကိုးကွယ်ကြရကုန်၏။ ဆေးဆရာကို ကိုးကွယ်ကြရကုန်၏။ ရန်သူအတွက် လက်နက်ကို ကိုးကွယ်ကြရကုန်၏။ ဤနည်းအတူ လောက၌ ကိုးကွယ်ရာ ခပ်သိမ်းတို့ကို အကုန်မျှော်လေ။
ကိုးကွယ်မှု့ဆိုသည်ကား ရှိခိုးပူဇော်မှု့ကိုသာ ဆိုသည်မဟုတ်၊ အားကိုးအားထားပြုမှု့၊ ကွယ်ရာကာရာပြုမှု့ အလုံးစုံသည် ကိုးကွယ် မှုချည်းပင်တည်း။ ဘုရား တရား သံဃာ ဆရာသမားစသော မိမိထက် မြတ်သော သူတို့ကိုမူကား ရှိခိုးပူဇော်၍ပင် ကိုးကွယ်ကြရကုန်၏။ ယခု ဘ၀၌ ပစ္စည်းမရှိခဲ့လျှင် ခဏချင်း ဒုက္ခရောက်တတ်၏။ ထိုဒုက္ခမှ ကြောက်ကြကုန်သဖြင့် ပစ္စည်းတို့ကို ရစေနိုင်သော လုပ်မှု့ ဆောင်မှု့ အသိ အလိမ္မာ ဥာဏ်ပညာဟူသော ကံကို အားကိုးကြရကုန်၏။ ဒါန သီလ စသော ကုသိုလ်ကံမျိုး မရှိခဲ့လျှင် နောက်ဘ၀၌ အပါယ်သို့ကျ၍ ဒုက္ခကြီးစွာရောက်တတ်၏။ ထိုဒုက္ခမှ ကြောက်ကြသဖြင့် နောက်ဘ၀၌ လူအဖြစ် နတ်အဖြစ်ကို ပေးနိုင်သော ဒါန၊သီလအစရှိသောကုသိုလ်ကံ ကို အားထုတ်ကြရကုန်၏။
လုပ်မှု့ ဆောင်မှု့ အသိ အလိမ္မာ ဥာဏ်ပညာဟူသော ပစ္စုပ္ပန်ကံမှု့ သည် ပစ္စပ္ပန်ဒုက္ခမှ ကယ်တင်နိုင်၏။ ဒါန-သီလ အစရှိသော ကုသိုလ် ကံမှု့သည် နောက်ဘ၀၌ အပါယ်ကျခြင်းဒုက္ခမှ ကယ်တင်နိုင်၏။ ယခု ဘ၀ဒုက္ခအတွက် ပစ္စပ္ပန်ကံအမှု့ကို အားကိုးကြရကုန်၏။ အားထုတ်၍ လုပ်ဆောင်ကြရကုန်၏။ ထို့ကြောင့် `သဗ္ဗေ သတ္တာကမ္မပ္ပဋိဿရဏာ`
ဟု ဟောတော်မူသည်။
ဤမျှဆိုလျှင် ကိုးကွယ်ဟူသော စကားလုံး၏ သဘောအဓိပ္ပယ် ပေါ်လွင်လောက်ပြီ ထင်ပါသည်။ မေးခွန်းရှင် ဖော်ပြထားသော `အားကိုးခြင်း၊ အားထားခြင်း၊ လဲလျောင်းခြင်း၊ အသိအမှတ်ပြုခြင်း` ဟူသော စကာလုံးများ (အနက် အဓိပ္ပယ်များ) သည် ကိုးကွယ်ခြင်း ဟူသော စကားလုံးတွင် အားလုံးအကြုံးဝင်သည်ဟု မှတ်သားသင့် ပါသည်။ ကိုးကွယ်ခြင်းဟူသော စကားလုံးကို သုံးစွဲရာ၌ ပန်း၊ ရေချမ်း စသည်တို့ဖြင့် ရှိခိုးပူဇော်ခြင်းမျိုးကိုသာ ထင်မြင်သည်ဟု ဆိုလျှင်လည်း `မိမိကိုယ်သာ အားကိုးရာ`ဟူသောနေရာမျိုး၌ ကိုးကွယ်ရာဟု မသုံး ဘဲ အားကိုးရာဟုသာ သုံးစွဲသင့်သည် မှန်ပါသည်။
ဆက်လက်၍ မည်သို့လက်တွေ့ကျင့်သုံးအပ်သည်ဟူသော အပိုင်းကို အနည်းငယ် သုံးသပ်လိုပါသည်။ ဘုရားရှင်သည် ကိုယ်အား ကိုယ်ကိုးဖို့ ဟောတော်မူရာ၌ `ရဟန်းတို့၊ သင်တို့သည် မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိကုန်သည်ဖြစ်၍၊ မိမိမှတစ်ပါး ကိုးကွယ်ရာ ရှိကုန်သည်ဖြစ်၍နေကုန်လော့`ဟူ၍လောက်သာ ဟောတော်မူလျှင် အဓိပ္ပယ်မရှင်းလှပါ။ ဆက်လက်၍ `တရားသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိကုန်သည်ဖြစ်၍၊ တရားမှတစ်ပါး အခြားကိုးကွယ်ရာမရှိကုန် သည်ဖြစ်၍ နေကုန်လော့`ဟု ဆက်၍ ဟောတော်မူလိုက်သောအခါ အဓိပ္ပါယ်ရှင်းလင်းသွားပါသည်။
ကိုယ့်အားကိုယ်ကိုးဟူရာ၌ ကိုယ့်တရားကို ကိုယ်အားကိုးဖို့၊မိမိ သန္တာန်၌ တရားရှိအောင် ကျင့်ဆောင်ဖို့ ဟောတော်မူလိုရင်းဖြစ်ပါ သည်။ မိမိသန္တာန်၌ တရားရှိအောင် မည်ကဲ့သို့ ကျင့်ဆောင်ရမည်နည်း ဟူမူ သတိပဋ္ဌာန်တရား ပွားများအားထုတ်ရန် ဆက်လက်၍ ဟောတော်မူပါ သည်။ (ဒီနိကာယ်၊ ပါထိက ၀ဂ်ပါဠိတော်၊ စက္က၀တ္တိသုတ်)
ဆက်လက်၍ ပါဠိစကားလုံးများကို အဓိပ္ပယ်ကောက်ယူမှု့ မမှားယွင်းစေရန် ရှင်းလင်းချက်ထုတ်ပါဦးမည်။ အတ္တဒီပါ၌ ဒီပ အရ ဤနေရာတွင် ဆီမီးတိုင်ကို မယူရပါ။
အတ္တဒီပါတိ မဟာသမုဒ္ဒဂတဒီပံ ၀ိယ အတ္တာနံ ဒီပံ ပတိဋ္ဌံ ကတွာ ၀ိဟရထ။( ဒီ၊ဋ္ဌ ၊2 ၊ 138) (အတ္တဒီပါတိ= အတ္တဒီပါဟူသည်ကား၊ မဟာသမုဒ္ဒဂတဒီပံ ၀ိယ= မဟာသမုဒ္ဒရာ၌ဖြစ်သော ကျွန်းကဲ့သို့၊ အတ္တာနံ=မိမိကို၊ ဒီပံ=ကျွန်းကို၊ပတိဋ္ဌံ =တည်ရာကို၊ ကတွာ=ပြု၍၊ ၀ိရဟထ=နေကုန်လော့။)ဟူသော မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ အဖွင့်အရလည်းကောင်း၊ အတ္တဒီပါတိ အတ္တာနံ ဒီပံ တာဏံ လေဏံ ဂတိ ပရာယဏံ ပတိဋ္ဌံ ကတွာ ၀ိဟရထာတိ အတ္ထော။ အတ္တသရဏာ တိ ဣဒံ တေဿဝေ၀၀စနံ။ (ဒီ၊ ဋ္ဌ၊ 3၊ 29) (အတ္တဒီပါတိ=ကား အတ္တာနံ=မိမိကို၊ ဒီပံ=မှီရာကျွန်းကို၊ တာဏံ=စောင့်ရှောက်တတ်သော အရာကို၊ လေဏံ=ပုန်းအောင်းရာကို၊ ဂတိ= ဖြစ်ရာကို၊ ပရာယဏံ= လဲလျောင်းရာကို၊ ပတိဋ္ဌံ= တည်ရာကို၊ကတွာ=ပြု၍၊ ၀ိဟရထ=နေကြ ကုန်လော့၊ ဣတိ အယံ=ဤသည်ကား၊ အတ္ထော=အတ္တဒီပါဟူသော ပုဒ်၌ အနက်အဓိပ္ပါယ်တည်း။) ဟူသော စက္က၀တ္တိသုတ် အဋ္ဌကထာ အဖွင့် အရလည်းကောင်း မုချအားဖြင့် ကျွန်းကိုရ၍ ဥပစာအားဖြင့် တည်ရာကို ရပါသည်။ ပကတိကျွန်းကို ရေအယဉ် မလွှမ်းမိုးနိုင်သ ကဲ့သို့ မိမိကို ကာမောဃ စသော ရေအယဉ် မလွှမ်းမိုးအောင်၊ တစ်နည်းအားဖြင့် သံသရာတည်းဟူသော ရေအယဉ် မလွှမ်းမိုး အောင် ကျင့်ဆောင်ပါဟု ဆိုလိုပါ၏။`အတ္တာ`ဟူသည် ပြောရိုးစဉ် အားဖြင့် `မိမိ`ဟု ဆိုအပ်သော ခန္ဓာကိုယ်ကြီးတစ်ခုလုံးတည်း။ ဤနေရာ၌ ထိုခန္ဓာကိုယ်ကြီးကို မဆိုလိုပါ။ ပရမတ္ထတရားကိုယ်အား ဖြင့် မိမိ၏ ကိုယ်တွင်း၌ဖြစ်သော `တရား`ကို အတ္တာဟု ဆိုလိုသည်။ ဤသို့လျှင် ပြီးစေအပ် ဖြစ်စေအပ်သော ထိုတရားသည် အသင်တို့၏ သမုဒ္ဒရာအလယ်၌ မှီရာကျွန်းသဖွယ် ဖြစ်လိမ့်မည်ဟူလို။ ထို့ကြောင့် ဓမ္မဒီပါ စသည်ကို ဆက်၍မိန့်ဆိုတော်မူသည်။
ဘာသာဋီကာ ဆရာတော်၏ အမှာကိုရှုပါဦး။
`မိမိကိုယ်ကို အားကိုးရာဖြစ်အောင် တရားတည်းဟူသော အားကိုးရာရှိအောင် ရဟန်းသည် `ကာယာနုပဿနာ ဘာဝနာကို ပွားများ၍သော်လည်း နေရ၏၊ ဝေဒနာနုပဿနာဘာဝနာ၊ စိတ္တာနု ပဿနာဘာဝနာ၊ ဓမ္မာနုပဿနာဘာဝနာကို ပွားများ၍သော်လည်း နေရ၏။ ဤသို့ပွားများ၍နေလိုလျှင် လိုချင်မှု့ `အဘိဇ္ဈာ`ကိုလည်း ကောင်း စိတ်ဆင်းရဲမှု့ `ဒေါမနဿ´ကိုလည်းကောင်း ပယ်ဖျောက် နိုင်၏။ ထိုသို့ပယ်ဖျောက်နိုင်လျှင် မိမိကိုယ်ကို မှီရာကျွန်းသဖွယ် ဖြစ်အောင်၊ တရားတည်းဟူသော အားကိုးရာရှိ အောင် နေရာ ရောက်သည်ဟု မိန့်တော်မူလိုသည်။`
No man is an Island, entire of it self ;
Every man is a piece of the Continent, a part of the main;

အထက်ပါစကားရပ်ပါ Island ဟူသော စကားလုံးအရ ထောက်တည်ရာ ဟူသော အဓိပ္ပါယ်ကို မယူဘဲ တသီးတခြားဟူသော အဓိပ္ပါယ်ကို ယူထားသဖြင့် `မိမိကိုယ်ကိုကျွန်းသဖွယ်ဖြစ်အောင်ကျင့်`
ဟူသော စကားနှင့် မည်သူမျှ ကျွန်းမဟုတ်ဘူး`ဟူသော စကားနှစ် ရပ်တို့ ဆန့်ကျင်ဘက်မဟုတ်ပါ။
မကောင်းမှုကို မိမိပြုခဲ့လျှင် မိမိသည်ပင် ညစ်နွမ်းရ၏။ မကောင်း မှုကို မိမိမပြုခဲ့လျှင် မိမိသည်ပင် စင်ကြယ်၏။ စင်ကြယ်သော ကုသိုလ် နှင့် မစင်ကြယ်သော အကုသိုလ်သည် တခြားစီသာဖြစ်၏။ သူတစ် ယောက်သည် အခြားသူတစ်ယောက်ကို ( ကိလေသာ အညစ်အကြေး မှ စင်ကြယ်အောင်) မသုတ်သင်နိုင်။ ( ဓမ္မပဒ၊ ဂါထာ-165)
အာနန္ဒာ- ယခုအခါ၌လည်းကောင်း၊ ငါဘုရား ကွယ်လွန်သော အခါ၌လည်းကောင်း၊ သူတစ်ပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခို အားကိုး ကြလျက် အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော် ကို မှီခိုအားကိုးကာနေကြမည့် ရဟန်းအားလုံးတို့သည် သိက္ခာသုံးပါး ကို အလိုရှိသော ရဟန်းအားလုံးတို့ထက် အမြတ်ဆုံး ဖြစ်ကြပေလိမ့် မည်ဟု (မိန့်တော်မူ၏)။(ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်နှင့် စက္က ၀တ္တိသုတ်။ မဟာဝဂ္ဂသံယုတ်၊ ဂိလာနသုတ်။စုန္ဒသုတ်။ ဥက္ကစေလ သုတ်)
သံသရာမှ ထွက်မြောက်အောင် မည်သူမျှ မည်သူကို မကယ်နိုင် ပါ။ ကယ်နိုင်ပါသည်ဟု ဆိုလျှင်လည်း လူပျင်းများ လူအ-များကို လိမ် ညာ လှည့်စားကာ မြှူဆွယ်ခြင်းသာဖြစ်ပါလိမ့်မည်။ ထို့ကြောင့် အထက်ပါ ဒေသနာနှစ်ခုကို မှတ်သားဆင်ခြင်ကာ မိမိကိုယ်ကို အား ကိုးရာဖြစ်အောင် ကိုယ်စီကိုယ်င ကျင့်ဆောင်ကြိုးစားနိုင်ကြပါစေ။

အရှင်ကောဝိဒ(ယော)

http://myatpanyagon.blogspot.com/ မှကူးထားသည်။

Views: 73

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service