ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဗန်းမော်မှတ်စု

ဗန်းမော်မှတ်စု

ဗန်းမော်ဆရာတော်ကြီး ဦးကုမာရာဘိဝံသအကြောင်း သိမှတ်ခဲ့သလောက် တိုစိတိုစိ ဖြစ်ပါတယ်။

 

ဗန်းမော်ဆိုတဲ့ စကားကို ငယ်ငယ်ကတည်းက  ကြားဖူးခဲ့ပါတယ်။ အိမ်ကနေ တစ်နေရာရာသွားဖို့ အမေ့ကို ခွင့်တောင်းတဲ့အနေနဲ့ “အမေ ကျုပ် ဒေါ်လေးတို့အိမ် သွားမလို့”ဆိုတာမျိုး အသိပေးခွင့်တောင်းတဲ့အခါ အမေ အလုပ်ရှုပ်နေတယ်ဆိုရင် ရွဲ့ပြီး ပြောလေ့ရှိပါတယ်။ “ဗန်းမော်ကြွ”တဲ့။ ဘယ်သွားသွား သွားချင်ရာသွား၊ တတ်နိုင်ရင် ဗန်းမော်မြို့အထိသွားလို့ ဆိုလိုတာပါ။

 

တကယ်တော့ ဗန်းမော်မြို့ ဘယ်မှာရှိတယ်ဆိုတာ အမေအတိအကျ မသိပါဘူး။ ရွာမှာ ဒီစကား ဘယ်လိုတွင်ကျယ်လာသလဲ မသိ။ အမေတွေ တော်တော်များ ဒီစကားကို ပြောလေ့ရှိပါတယ်။ ရွာရဲ့ idiomလို ဖြစ်နေပါပြီ။ (မင်းတုန်းမင်း လက်ထက်က ဗန်းမော်ဆရာတော်ကို ဒဏ်ခတ်တဲ့အနေနဲ့ မန္တလေးကနေ ဝေးလံတဲ့ ဗန်းမော်မြို့ ပို့လိုက်တယ်ဆိုတာကို အခြေခံပြီး ရွာမှာ “ဗန်းမော်ကြွ”ဆိုတဲ့စကား ဖြစ်လာတာလား မသိပါဘူး။)

 

ကိုရင်ဘ၀ ဦးဇင်းဘ၀နဲ့ မြို့စာသင်တိုက်တွေမှာ နေတဲ့အခါကျတော့ အဆက်အစပ် မရှိလို့ ဗန်းမော်ဆရာတော်အကြောင်း မသိခဲ့ပါဘူး။ တစ်နှစ်တော့ နွေကျောင်းပိတ်ရက် ရွာအပြန်မှာ ဗန်းမော်ဆရာတော့်အကြောင်း တစ်စွန်းတစ်စ ကြားခဲ့ရပါတယ်။ ရွာအလှူပွဲတစ်ခုမှာ ရွာကျောင်းဆရာတော်နဲ့ ပင့်သံဃာဆရာတော်တွေရဲ့ စကားဝိုင်းက “ဗန်းမော်က မာတယ်”လို့ မှတ်ချက်ချတဲ့အသံ ထွက်လာတာ ကြားလိုက်ရတာပါ။ ကောလင်းကျောင်းအမှုမှာ ဗန်းမော်ဆရာတော်က အမှန်တရားဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်တာကို ဆရာတော်တွေ အားပါးတရ ပြောနေကြတာပါ။ အမှုကြောင်း အသွားအလာကိုတော့ ရေရေလည်လည် မသိခဲ့ပါဘူး။ အမှန်ဘက်က ရပ်တည်တယ်ဆိုတဲ့ “ဗန်းဗော်”ဆိုတဲ့ ဆရာတော်ကိုတော့ ဘာမသိ ညာမသိ ကြည်ညိုမိခဲ့ပါတယ်။

 

 ၁၉၉၆ လောက်တုန်းက မန္တလေးသာသနာ့တက္ကသိုလ် စာသင်ခန်းထဲမှာလည်း ကထိကဆရာတော် တစ်ပါးက ကောလင်းဝိနိစ္ဆယမှာ ဗန်းမော်ဆရာတော် အမှန်ဘက်က ရပ်တည်တဲ့အကြောင်း၊ အဲဒီလို ရပ်တည်တာကို မင်းကွန်းဆရာတော်ကြီးက သာဓုခေါ်တဲ့အကြောင်း အရိပ်အမြွက် ပြောပါသေးတယ်။ အဲဒီကိစ္စကို မရေလည်လို့ သူငယ်ချင်းတစ်ပါးကို မေးကြည့်တော့ “ဒီလောက် နာမည်ကြီးတာကိုတောင် မသိဘူးလား”လို့ပဲ ပြန်မေးပါတယ်။ နောက်ထပ် စုံစမ်းတော့ ခပ်ရေးရေးတော့ သိခဲ့ရပါတယ်။ လုပ်ပိုင်ခွင့်ရှိတဲ့ အုပ်စုတစ်စုက  လာဘ်ယူပြီး အမှုကို မတရားဆုံးဖြတ်တယ်၊ ဗန်းမော်ဆရာတော်က အရိုးခံအတိုင်း အမှန်ဘက်က ရပ်တည်တယ်။ အဲဒီလို ထင်ပါတယ်။ အဲဒီလိုလည်း ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ထားလိုက်ပါတော့။ ရတနာပုံခေတ်က ဗန်းမော်ဆရာတော်၊ ခု အမှန်ဘက်က ရပ်တည်တယ်ဆိုတဲ့ ဗန်းမော်ဆရာတော်။ ဒီလောက်သိရင် တော်ပါပြီ။

 

နောက်တော့ ဆရာတော်ကြီးရဲ့ ပညာရေးအကြောင်း ပြောကြသံ ကြားရပါတယ်။ ဘီအေ။ အစိုးရဓမ္မာစရိယ ကိုးကျမ်းအောင် သိရောမဏိ။ သကျသီဟ ဓမ္မာစရိယ ၀ဋံသကာ။ မင်းကွန်းဘက် သွားသွားပြီး တိပိဋက စာသင်းသားတွေကို စာချတယ်။ ဆဋ္ဌသံဂါယနာ ပါဠိဝိသောဓက။ ပညာရေးနဲ့ ပတ်သက်လို့ ဒီလောက်ဆို လေးစားအားကျဖို့ လုံလောက်ပါပြီ။

 

သက္ကရာဇ် ၂၀၀၀ကျော်ရောက်တော့ ရန်ကုန်ထေရ၀ါဒတက္ကသိုလ်မှာ ဒုတိယပါမောက္ခချုပ် လုပ်နေတဲ့ ဆရာတော်ကြီးကို မျက်ဝါးထင်ထင် ဖူးတွေ့ခွင့် ရခဲ့ပါတယ်။ဆရာတော်ကြီး ရိုးတယ်ဆိုတာကို အသွင်အပြင်ကို ဖူးလိုက်ရရုံနဲ့ ခန့်မှန်းနိုင်ခဲ့ပါတယ်။ အသွားအလာ အနေအထိုင် ဥပဓိကတော့ ရွာကကျောင်းထိုင်ဆရာတော်လောက်တောင် မခမ်းနား မထည်ဝါပါဘူး။ အရုဏ်ဆွမ်း ပြီးချိန် တက္ကသိုလ်နားက စွယ်တော်ဘုရားတစ်ပတ် လမ်းလျှောက်ထွက်တိုင်း ဆရာတော်ကြီး လမ်းလျှောက်ရာက ပြန်လာတာကို ခဏခဏ မြင်ရဖူးရပါတယ်။ အဲဒီအချိန်မှာ အရပ်အမောင်း သိပ်မမြင့် ခန္ဓာကိုယ် သိပ်မကြီးလှတဲ့ ဆရာတော်ကြီးဟာ ဆွမ်းခံထွက်လာတဲ့ နာဂလိုဏ်ဂူကျောင်းက ကိုရင်လေးတွေ တစ်အုပ်ကြီး ၀င်တိုက်တာ မခံရအောင် ပြုံးစိစိနဲ့ ဘေးကပ်ရှောင်ပေးလို့နေတတ်ပါတယ်။

 

အဲဒီတက္ကသိုလ်မှာ ဆရာတော်နဲ့ တစ်ခြားဆရားတော်တွေက ဟိုဘက်အဆောင်မှာ။ ဆရာဖြစ် သင်တန်းသားတွေက ဒီဘက်အဆောင်မှာ။ ကျောင်းသားတွေက ဟိုဘက်က ၀င်းထဲမှာ သီးသန့်။ ညနေ ခုနစ်နာရီ ရှစ်နာရီဆိုရင် ဆရာတော်က ပစ္စယနိဒ္ဒေသကို ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အကျယ်ကြီး အော်ရွတ်နေတာကို ကြားရတတ်ပါတယ်။ ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်လို့ ဆရာတော်က “မရွတ်ခင် နတ်တွေကို ပင့်ရတယ်။ အချိန်မှန်မှန် ရွတ်ရတယ်။ ကျယ်ကျယ်ရွတ်ရတယ်”လို့ အမိန့်ရှိပါတယ်။ နောက်ပြီး “နေ့တိုင်း ရွတ်ရတယ်။ ၀တ်မပျက်ရဘူး”တဲ့။ “တပည့်တော် ရဟန်းငယ် ဘ၀ကတည်းက ပုံမှန်ရွတ်လာတာ။ ၀တ်မပျက်ဘူး”တဲ့။ ဘာအကျိုးထူးလဲ မေးလျှောက်ကြည့်တော့ အမိန့်ရှိပါတယ်။ “ထူးခြားတာတစ်ခု။ တစ်ခါတုန်းက ပဋ္ဌာန်းလာနာတဲ့ နတ်သားတစ်ယောက်ကို တွေ့လိုက်ရတယ်။ ခန္ဓာကိုယ်က တပည့်တော်တို့ထက် ကြီးတယ်။ အ၀င်တံခါးထိပ်အထိ သူ့ခေါင်းရောက်တယ်။ ကိုယ်ရောင်ကိုယ်ဝါနဲ့။”

 

ပဋ္ဌာန်းရွတ်တာ ၀တ်မပျက်ဘူးဆိုတဲ့ ဆရာတော်ကြီး သေလုမျောပါး ငှက်ဖျားဖြစ်တုန်းကတော့ ပဋ္ဌာန်းမရွတ်နိုင်ခဲ့တာကို မှတ်မိပါသေးတယ်။ မရွတ်နိုင်တော့လည်း နာတာပေါ့။ အဲဒီတုန်းက ဆရာတော်ကြီး အာရှတော်ဝင်မှာ ဆေးကုသမှု ခံယူပါတယ်။ တပည့်ဦးဇင်းတွေ နှစ်ပါးတစ်ည နှစ်ပါးတစ်ည အလှည့်ကျ စောင့်ပေးကြပါတယ်။ လူမမာစောင့်ရင်း ဆရာတော်ကြီးရဲ့တူမ မဌေးဌေးဝင်းဆိုတဲ့ ဆရာမကို တွေ့ခဲ့ပါတယ်။ မျိုးရိုးလိုက်တာ ဖြစ်ပါလိမ့်မယ်။ ဆရာမကလည်း ဆရာတော်ကြီးလို ရိုးတာပါပဲ။ ရိုးရိုးဘွင်းဘွင်း။ မန္တလေးတက္ကသိုလ်က ဆရာမ ဆိုပေမယ့် နေပုံထိုင်ပုံ ပြောပုံဆိုပုံက မဟာမဆန်လှ။ အရပ်သူပုံစံ ကောက်စိုက်သူမ လေသံနဲ့။ ဆရာမက ဆရာတော်ကြီး နာယူဖို့ ပဋ္ဌာန်းရွတ်ပေးပါတယ်။ ဟေတုပစ္စယော အာရမ္မဏပစ္စယော . . . အကျဉ်းလောက်ပဲ ရမယ်ထင်တာပေါ့။ ပစ္စယနိဒ္ဒေသ အကုန်ရွတ်သွားတော့ တအံ့တသြ နာနေလိုက်ရတယ်။ နာရတာပေါ့ အဲဒီတုန်းက ရဖူးတဲ့ ပစ္စယနိဒ္ဒေသကို မေ့နေပြီ။ ကိုယ့်သာ အရွတ်ခိုင်းရင် ဒုက္ခ။ အဲ့ဒီတော့မှ လုပ်ထားအုံးမှပဲဆိုပြီး ပြန်ကျက်ထားရတယ်။ ဆရာတော်ကြီးက သူကိုယ်တိုင် ပဋ္ဌာန်းကြိုက်သလို သူ့မျိုးဆက်ကိုလည်း ပဋ္ဌာန်းအမွေ ပေးထားပြီးသားကိုး။

 

 

ထေရ၀ါဒတက္ကသိုလ်မှာ ဆရာတော်ကြီး ပို့ချတဲ့ သင်တန်းကို လေးငါးကြိမ်လောက် တက်ခွင့်ရခဲ့ပါတယ်။ ကျမ်းပြုနည်း သင်တာပါ။ “ဦးဇင်းတို့ ကျမ်းပြုနည်းရအောင် တပည့်တော် ကိုယ်တွေ့နည်းလေးတွေ ပြောပြမယ်”ဆိုပြီး သင်တန်းစပါတယ်။ ကဒ်ထူစက္ကူပြားလေးတွေပြပြီး “ဒါလေးတွေက ကက်တလောက်။ ဒါလေးတွေပေါ်မှာ မှတ်စုရေးပြီး အက္ခရာစဉ်အတိုင်း ထပ်ထားရတယ်။ ဒါမှ လိုချင်တာ ပြန်ရှာတော့ လွယ်တယ်”တဲ့။ (အဲဒီနည်းကို လက်တွေ့ မလုပ်နိုင်သေးပါ။ မဖြစ်မနေ ဘွဲ့ယူဖို့ ကျမ်းရေးရတော့ ဖတ်ထားတဲ့ စာအုပ်ကို ပေါင်ပေါ်မှာဖွင့်တင်ထားရင်း လိုချင်တဲ့ စာပိုဒ်ကို ကွန်ပျူတာ စာစီလိုက်တာပါပဲ။ ကက်တလောက် ပြားလေးတွေ မထားမိခဲ့ပါ။)

 

ဆရာတော်ကြီးက ယေ ကေစိ ကုသလာ ဓမ္မာ . . .စတဲ့ ယမိုက်ပါဠိတော်ကို အင်္ဂလိပ်လို ဘာသာပြန်ပြပါတယ်။ (စာတွေတော့ မမှတ်မိတော့ပါ။) “တပည့်တော် ယမိုက်ပါဠိတော်ကို အင်္ဂလိပ်လိုပြန်တော့ ဒီလို ကက်တလောက်ပြားလေးတွေနဲ့ လုပ်တာ”တဲ့။ တစ်ပါးက “ဆရာတော် ဘာသာပြန်တာ ပြီးပြီလား ဘုရား . . .”လို့ မေးတော့ အဖြေက ၀မ်းနည်းစရာ။ “ဟိုတစ်နှစ်က ဘာသာပြန်ပြီးတော့ စာမူကို ပုံနှိပ်ဖို့ ကမ္ဘာအေးက ဒကာတွေဆီ ပေးလိုက်တယ်။ နောက်ပြန်တွေ့တော့ ပုံနှိပ်စာအုပ် ထွက်တော့မလား မေးကြည့်တယ်။ စာမူပျောက်သွားပြီ ဘုရား . . .တဲ့။” ဆရာတော်ကြီးကတော့ အရယ်တစ်ဝက်နဲ့ ပြောပြတာပါ။ နားထောင်ရသူ တပည့်တွေမှာတော့ အသည်းတွေနာလို့။ (နားထောင်ရင်း “ဒီကောင်တွေ ဆရာတော်ကြီးရဲ့ စာမူကို ရောင်းများစားလိုက်ကြသလား”လို့ ယုတ်ယုတ်မာမာ တွေးမိခဲ့ပါသေးတယ်။) ကမ္ဘာမှာတန်းဝင်လောက်တဲ့ စာမူ။

 

သင်တန်းပြီးတဲ့နေ့မှာ ဆရာတော်ကြီးက စာနဲ့ပတ်သက်လို့ နားမလည်တာရှိရင် ရင်းရင်းနှီးနှီး ရဲရဲဝံ့ဝံ့ လာမေးကြပါလို့ အားပေးဖိတ်ခေါ်ပါတယ်။ “တပည့်တော်က ဆဋ္ဌသံဂါယနာမှာ တည်းဖြတ်တဲ့အလုပ် လုပ်ခဲ့တာဆိုတော့ ပါဠိတော် အဋ္ဌကထာ ဋီကာတွေ အခေါက်ခေါက်ပေါက်အောင် ဖတ်ခဲ့တာ။ စာတစ်ခုခု ဘယ်နားမှာ ရှိတယ်ဆိုတာကို လွယ်လွယ်လေးနဲ့ မှန်းနိုင်တယ်”တဲ့။ ပါဠိတော်တစ်ခုခုကို အဓိပ္ပာယ် နားမလည်လို့ သွားမေးရင် “ဒါမျိုးကျ အဋ္ဌကထာဖွင့်တာနဲ့ တွဲကြည့်မှ အဓိပ္ပာယ် ပိုရှင်းတယ်”ဆိုပြီး စာကြည့်နည်း သင်ပေးတတ်ပါတယ်။ ဆဋ္ဌသံဂါယနာ နောက်ဆုံးမျိုးဆက် ဆရာတော်ကြီး။

 

ဆဋ္ဌသံဂါယနာတင် ကျမ်းစာတွေဟာ ပါဠိတော် + အဋ္ဌကထာ + ဋီကာ ရယ်လို့ အတွဲလိုက် ရှိပါတယ်။ ပါဠိတော်ကို အဋ္ဌကထာက ဖွင့်ပါတယ်။ အဲဒီ ဖွင့်ဆိုချက်ကို ဋီကာက ထပ်ဖွင့်ပါတယ်။ ပါ-ဋ္ဌ-ဋီ အစုံလိုက်ရှိတဲ့ ကျမ်းစာတွေထဲမှာ ထေရီဂါထာပါဠိတော်အတွက် အဖွင့်အဋ္ဌကထာကျမ်း မရှိသေးလို့ ဆရာတော်ကြီး ရဟန်းငယ်ဘ၀က ရေးသားခဲ့ပါတယ်။ ပါဠိဘာသာနဲ့ ရေးသားတဲ့ အဲဒီကျမ်းကို ထေရီဂါထာအဋ္ဌကထာလို့ နာမည်ပေးသင့်ပေမယ့် မင်းကွန်းဆရာတော်ကြီးရဲ့ အကြံပေးချက်နဲ့အညီ “ထေရီအပဒါနဒီပနီ”လို့ နာမည်ပေးခဲ့ပါတယ်။ အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသနဲ့ ပြိုင်ရာရောက်မှာစိုးလို့၊ အဋ္ဌကထာဆရာကြီးကို လေးစားတဲ့အနေနဲ့ အဋ္ဌကထာလို့ နာမည်မပေးတာ ဖြစ်ပါတယ်။

 

အဲဒီကျမ်းကို တိပိဋက = နိကာယ ဥပဋ္ဌာက အဖွဲ့က ၁၉၉၂ခုနှစ် ဇန်န၀ါရီလမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ စာမျက်နှာ ၆၀၀။ အုပ်ရေ ၂၀၀၀။ ဓမ္မဒါန။ ၂၀၀၉ခုနှစ်က စစ်ကိုင်းသီတဂူဗုဒ္ဓတက္ကသိုလ်မှာ ကျင်းပတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံ (ပဉ္စမအကြိမ်)မှာ အဲဒီကျမ်းစာကို Roman Paliမူအဖြစ် ပုံနှိပ်ပြီး အခမ်းအနားနဲ့ Launchလုပ်ခဲ့ပါသေးတယ်။ အဋ္ဌကထာကျမ်းပြု ဆရာတော်ကြီး။ (ရစုသစ်မှာ တစ်ကမ္ဘာလုံး တစ်ပါးတည်းသာရှိတဲ့) တစ်ဆူတည်းသော မြန်မာ အဋ္ဌကထာဆရာတော်ကြီး။

 

နောက်ထပ် ကြီးကျယ်တဲ့ ဆရာတော်ကြီးရေးတဲ့ ကျမ်းကတော့ မြန်မာကနေ ပါဠိလို ပြန်ဆိုရေးသားတဲ့ကျမ်း ဖြစ်ပါတယ်။ မဟာစည်ဆရာတော်ကြီးရဲ့ ၀ိပဿနာရှုနည်းကျမ်း (ပ+ဒု)ကို ပါဠိဘာသာပြန်ဆိုတဲ့ ကျမ်းဖြစ်ပါတယ်။ အဲဒီကျမ်းနဲ့ ပတ်သက်လို့ ဆရာတော်ကြီး အမိန့်ရှိတာက “တပည့်တော်က မဟာစည်ဆရာတော်ကြီးကို ကြည်ညိုလို့ ဘာသာပြန်တာ”တဲ့။ အဲဒီကျမ်းကိုလည်း Roman Paliမူအဖြစ် ပုံနှိပ်ပြီး ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံ (ပဉ္စမအကြိမ်)မှာ Launchလုပ်ခဲ့သေးတယ် ထင်ပါတယ်။

 

-------------------------------------

 

တစ်ခါတော့ အိမ်တစ်အိမ်က ဆွမ်းစားပင့်လို့ နောက်ပါသံဃာ သုံးပါးနဲ့အတူ ဆရာတော်ကြီး ကြွရောက်ချီးမြှင့်ပါတယ်။ လမ်းမှာ နှုတ်သွက်ပြီး စပ်စုတဲ့ ဦးဇင်းတစ်ပါးက မေးလျှောက်ပါတယ် - “တပည့်တော်တို့ ပထမဗန်းမော်ဆရာတော် ဦးပဏ္ဍိတ ဆိုတာကိုပဲ စာထဲမှာ ဖတ်ဖူးလို့ သိတာဘုရား . . .။ ခု ဆရာတော်ကြီးက ဘယ်နှစ်ဆက်မြောက် ဗန်းမော်ဆရာတော်လဲ ဘုရား . . .။” ဆရာတော်ကြီးက ဖြေပါတယ် - “တပည့်တော်က ကိုးဆက်မြောက်။”

 

ဆွမ်းစားကွမ်းစား ရှိတဲ့အခါ ဆရာတော်ကြီး ပြောလေ့ရှိတဲ့ ပြုံစရာလေး။ ထုံးစံအတိုင်း ဆွမ်းဘုဉ်းပေးပြီးတော့ အချိုပွဲကပ်ပါတယ်။ ဆွမ်းလုပ်ကျွေးတဲ့ ဒကာဒကာမတွေက “ကော်ဖီထပ်ထည့်ပါအုံး ဘုရား”လို့ လျှောက်တော့ ဆရာတော်ကြီးက ကော်ဖီပုံပြင် ပြောပြပါတယ်။

“တစ်ခါတုန်းက လူတစ်ယောက်က ကော်ဖီနှစ်ခွက်သောက်လိုက်တယ်။ အဲဒီတော့ ဘေးက သူ့ကို ကဲ့ရဲ့တာပေါ့။ 'ကော်ဖီနှစ်ခွက်သောက်တာ တောသားမို့ ကော်ဖီနှစ်ခွက် သောက်တာ'တဲ့။ သူကလည်း တောသားဖြစ်ရမလားဆိုပြီး မခံချင်လို့ နောက်ထပ်တစ်ခွက်ထပ်သောက်ပြီး ပြောလိုက်တယ် - 'ကဲ ဒီလို တစ်ခွက်ထပ်သောက်လိုက်တော့ မြို့သားပြန်ဖြစ်ရော'တဲ့။ ဦးဇင်းတို့လည်း ကော်ဖီနှစ်ခွက် မသောက်ကြနဲ့။ တောသားလို့ အပြောခံရလိမ့်မယ်။ သောက်ချင်ရင် မြို့သားဖြစ်အောင် သုံးခွက်သောက်ကြ။”

 

ဆရာတော်ကြီး ကျန်းမာပါစေ။

ရိုသေမြတ်နိုးစွာဖြင့်

 

:)

ရှင်အာစာရ

 

 

 

Views: 157

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service