ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ထာဝရမေတ္တာရှင်သို့ တမ်းချင်း (၃)

အမေနှင့်ဝေးရာ နိုင်ငံခြားသာသနာပြု

ဤသို့ ရန်ကုန်မြို့တွင် ပရိယတ်စာပေများ သင်ယူနေစဉ်ဝယ် နွေရာသီ ကျောင်းပိတ်ချိန်တိုင်း အမေရှိရာရွာသို့ ပြန်လာကာ အမေ့ဆန္ဒကို အမြဲ ဖြည့်ဆည်းပေးခဲ့သော အမေနှင့် သားတို့၏ ဇာတ်လမ်းသည် တစ်စခန်းရပ်ရန် အကြောင်း ဖန်လာခဲ့လေပြီ။ ထိုအချိန်တွင် အဖေသည် လူ့လောကကြီးတွင် မရှိတော့ပြီ။ မိမိသည် သာာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism) ဘွဲ့ကို ရယူပြီးနောက် တာမွေမြို့နယ် နတ်ချောင်းရပ်တွင်ရှိသော ‘မဟာ သန္တိသုခ ဗုဒ္ဓသာသနာပြု စင်တာ’ ကျောင်းမှ အဂ္ဂမဟာပဏ္ဍိတ ပီနန် ဆရာတော်ကြီး ဦပညာဝံသက ဦးစီးကာ ‘နိုင်ငံခြား သာသနာပြုသင်တန်း’ အတွက် တစ်နိုင်ငံလုံးမှ သင်တန်းသားများ ခေါ်ယူနေပါ၏။

 

 ဘွဲ့ရပြီးဖြစ်ခြင်း၊ အင်္ဂလိပ်စာ ကျွမ်းကျင်ခြင်း၊ အသက်မကြီးလွန်း မငယ်လွန်းခြင်းစသော သတ်မှတ်ချက်များ ပါရှိခဲ့ပါ၏။ ဝင်ခွင့် ဖြေဆိုသောအခါ တစ်နိုင်ငံလုံးမှ သင်တန်းသား ရဟန်တော် အပါး (၅ဝဝ)ကျော်မျှ လာရောက် ဖြေဆိုခဲ့ကြပြီး၊ အင်္ဂလိပ်စာ ရေးဖြေ နှုတ်ဖြေ အောင်မြင်သော သင်တန်းသား (၂ဝ)ကိုသာ လက်ရွေးစင်အဖြစ် ရွေးချယ်ကာ နိုင်ငံခြားသာသနာပြု သင်တန်းကို (၂)နှစ်မျှ တက်ရောက်စေပြီး၊ နိုင်ငံခြား တိုင်းပြည်များသို့ သာသနာပြု စေလွှတ်ရာတွင် မိမိမှာ ထိုင်ဝမ်နိုင်ငံသို့ သာသနာပြုရန် တာဝန်ကျခဲ့ပါသည်။

 

ထိုင်ဝမ်သို့ မကြွခင် ရွာပြန်၍ အမေကို နှုတ်ဆက်စဉ် အမေပြောခဲ့သည် ကား “သားမောင်ပဉ္စင်း နိုင်ငံခြားကို သာသနာပြု ကြွသွားရင်တော့ အမေသေ တောင်မှ ပြန်လာတွေ့ဖို့ မလွယ်တော့ဘူးနဲ့ တူပါရဲ့” တဲ့။ အမေက ဝမ်းနည်း စကား ဆိုလာခြင်း ဖြစ်ပါ၏။

အမေကို မိမိပြန်ပြောခဲ့သည်ကား “အမေပြောသည့်အတိုင်း သားဟာ နိုင်ငံခြားသာသနာပြု ကြွသွားပြီဆိုလျှင် အကယ်၍ အမေသေခဲ့လျှင်သော်မှ ပြန်လာတွေ့ဖို့ရန် လွယ်ကူမှာ မဟုတ်ဘူးဆိုတာ အမှန်ပါဘဲလေ။ သို့သော် လည်း စောစောက အမေတွေးသလို မတွေးပါနဲ့။ အဲလိုမျိုး တွေးခဲ့မည် ဆိုလျှင် သားကိုစွဲလန်းမှု ဆိုတဲ့ လောဘတဏှာစိတ် အမေ့ သန္တာန်မှာ ဖြစ်ပေါ် နေတတ်ပါတယ်။

 

တကယ့်တစ်ကယ် တွေးရမှာက အမေသေခါနီးလို့ သားကို သတိရခဲ့လျှင် ‘သြော် ငါ့သားဟာ ဘုရားသားတော် သာသနာ့ဝန်ထမ်း ရှင် ရဟန်း ဖြစ်သည့်အတွက် သာသနာအတွက် လောကအတွက် အများအတွက် သာသနာပြုနေပါလား’လို့ သတိရ အောက်မေ့လိုက်ပါ။ အဲဒီလို သတိရလိုက် လျှင် အမေ တစ်ယောက်အနေနှင့် သားကို သတိရနေခြင်း ဖြစ်သော်လည်း သားအပေါ် စွဲလန်းတဲ့ လောဘတဏှာ မဖြစ်တော့ဘဲ၊ သာသနာပြုရဟန်းတော် တစ်ပါးအပေါ် သဒ္ဓါကြည်ညိုစိတ် ဖြစ်ပေါ်လာပါ လိမ့်မယ်။ ထို့ကြောင့် အမေ သေခါနီးမှာ သားပြန်မလာနိုင်ပေမဲ့လည်း အမေက သားရဟန်းကို သတိရနေ ခြင်းအတွက် အမေ့သန္တာန်မှာ ကုသိုလ်ကောင်းမှုစိတ်များ ဖြစ်ပေါ်လာပြီး၊ အမေ ကောင်းရာ သုဂတိဘုံဘဝ ရောက်စေရန် အဲဒီကောင်းမှု ကုသိုလ်စိတ်တွေက အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်”ဟု အမေကို တရားနှလုံးသွင်းတတ်ရန် သင်ကြား ညွှန်ပြပေးခဲ့ပါသည်။

 

အမေ့အလွမ်းပြေ ရွာတစ်ခေါက်

 

ဤသို့ဖြင့် မိမိသည် ထိုင်ဝမ်ကို သာသနာပြုကြွလာခဲ့ပြီး (၃)နှစ်ကြာ သောအခါ ရွာတွင် လမ်းကူးတံတား ဆောက်လုပ် လှူဒါန်းခြင်းအတွက် ပန္နက်ချ အခမ်းအနား ပြုလုပ်ရန်နှင့် သားရဟန်းကို မတွေ့တာကြာ၍ တွေ့ချင်လှသော မိခင်ကြီး၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် အမိမြေသို့ တစ်ခါ ပြန်ခဲ့ရပါ၏။ ထိုင်ဝမ်နိုင်ငံသား ဧည့်သည်(၁၅)ယောက်တို့ကလည်း မြန်မာနိုင်ငံတွင် သံဃာ (၅ဝဝဝ) ဆွမ်းဆပ်ကပ် လှူဒါန်းလိုကြခြင်း၊ ဘုရားဖူးလိုခြင်းကြောင့် မိမိနှင့် အတူ လိုက်ပါလာခဲ့ကြ၏။ ထိုထိုင်ဝမ် ဧည့်သည်များ ကိစ္စကို ပြီးစီးအောင် ကူညီ လုပ်ဆောင်ပြီးမှသာလျှင် အမေရှိရာရွာသို့ ပြန်လာနိုင်ပါ၏။

 

 ထို့ကြောင့် ရွာတွင် အမေက ကြာကြာလေး နေစေချင်သော်လည်း ကြာကြာမနေနိုင်ခဲ့ပါ။ တစ်ပါတ် မျှသာနေကာ ပြန်လာခဲ့ရပါ၏။ အရင်လို မအားလပ်တော့ပြီ ဖြစ်သော သားရဟန်းကို အမေ ခွင့်လွှတ် နားလည်ပါလိမ့်မည်။ (၂ဝဝ၇)ခုနှစ်တွင် မိမိ ဦးဆောင်ကာ ဆောက်လုပ်လှူဒါန်းခဲ့သော ရွာအဝင် လမ်းကူးတံတားမှာ ပြီးဆုံးခဲ့ပါ၏။ တံတားဖွင့်ပွဲတွင် ပြန်လာလိုသော်လည်း အခွင့်မသာတော့ပြီ။ သို့သော် မိခင်ကြီး၏ အလိုဆန္ဒအရ တံတားထိပ်တွင် အများသူငါ နားနေ အပန်းဖြေနိုင်ရန်အတွက် ဇရပ်နှင့် ရေချမ်းစင်တို့ကိုလည်း ဆက်လက် လှူဒါန်း ပေးခဲ့ပါ၏။ ယခင်ကလို သားရဟန်း ရွာကို မကြာမကြာ ပြန်မလာနိုင် သော်လည်း သားရဟန်းကို အကြောင်းပြု၍ အမေပြုလုပ်ဖြစ်သော တံတား ဇရပ် ရေချမ်းစင် အလှူတို့ပင် မဟုတ်ပါလော။ မိမိနိုင်ငံခြား သာသနာပြု(၈)နှစ် အတွင်း မိခင်ကြီးနှင့် သားရဟန်းတို့ ပြန်တွေ့ကြရသည်မှာ ထိုတစ်ကြိမ်မျှသာ ဖြစ်ပါသည်။

 

ကျေးဇူးမြင်းမိုရ် ကွယ်ပျောက်သောနေ့

 

ထိုင်ဝမ်တွင် သာသနာပြုကာ နေလာခဲ့သည်မှာ (၈)နှစ်ကြာခဲ့လေပြီ။ တစ်နေ့သောအခါ မိမိနေ့ဆွမ်း ဘုဉ်းပေးနေစဉ် မြန်မာနိုင်ငံမှ တယ်လီဖုန်းဖြင့် “အမေ မကျန်းမမာ ဖြစ်၍ ဆေးရုံ တင်ထားရသည်”ဟု အကြောင်းကြား လာခဲ့ပါ၏။ ဆွမ်းစားပြီးသောအခါ မည်သို့ စီစဉ်ရလျှင် ကောင်းမလဲဟု အထပ်ထပ် အခါခါ စဉ်စား ရပါတော့၏။

 

အဘယ့်ကြောင့်ဆိုသော် ထိုအချိန်ဝယ် ဤနိုင်ငံတွင် နေထိုင်ခွင့်ဖြစ်သော P.R.ကဒ်သည် သတ်တမ်းတိုးရန် တစ်ပါတ် သာ ကျန်တော့သည့် အချိန်ဖြစ်ပါ၏။ အကယ်၍သာ ထိုအချိန် မြန်မာနိုင်ငံသို့ ပြန်မည်ဆိုလျှင် တစ်ပါတ်အတွင်း ထိုင်ဝမ်သို့ အရောက်ပြန်လာရပေလိမ့်မည်။ သို့မဟုတ်ပါက ထိုင်ဝမ်သို့ မည်သည့်အခါမျှ ပြန်လာ၍ ရတော့မည် မဟုတ်ပါ။ မည်သို့ပင် ဖြစ်စေတော့။ မိခင်ကြီး၏ နောက်ဆုံး အချိန်ဖြစ်၍ မိမိ အရောက်ပြန်မည်ဟု ဆုံးဖြတ်ကာ ပြင်ဆင်စရာရှိသည်များ ပြင်ဆင်နေစဉ် ညနေပိုင်းသို့ ရောက်သောအခါ ထပ်မံ တယ်လီဖုန်း ဆက်လာသည်ကား “အမေဆုံးပြီ” တဲ့လေ။

 

မိမိနိုင်ငံခြား မကြွလာခင်က အမေကြိုတင် ပြောခဲ့သလိုပင် အမေ၏ နောက်ဆုံးခရီးတွင် အမေ့အနားကို သားရဟန်း အရောက်မလာနိုင်ခဲ့ပြန်ပြီ။ သို့သော် တစ်ခုတော့ ဖြေသာပါသေး၏။ တယ်လီဖုန်းဖြင့် ‘ဝိပဿနာ ဘာဝနာ ကို ဆင်ခြင်ပွါးများ နှလုံးသွင်းရန်’ မကြာမကြာ သတိပေးခဲ့မိတာ၊ ‘အကယ်၍ သေခါနီး သားကို သတိရလျှင်သော်မှ သားဟူသောအသိ စွဲလမ်းမှု တဏှာကို ဖယ်ရှားပြီး၊ သာသနာပြု ရဟန်းတော်ဟူသော သတိတရားလေးကို လက်ကိုင် ထား၍ ဘာဝနာညာဏ်များ ဖြစ်ပွါးအောင် အထပ်ထပ် ဆင်ခြင်ပါ’ဟု အမြဲသတိပေးခဲ့လေတော့ မိခင်ကြီးသည် မိမိအမြဲသတိပေးသလို ဆင်ခြင် နှလုံးသွင်းမည်မှာ ဧကန်ပင်။ သို့ဆိုလျှင် မိခင်ကြီး၏ လားရာသည်လည်း ကောင်းမွန်ရာ  သုဂတိဘုံဘဝသို့သာဟု သားရဟန်း ယုံကြည်နေပါသည်။

 

အမေ မသေ

 

“အမေ ဆုံးတယ်” တဲ့၊

တယ်လီဖုန်းသံလာတော့၊ ကပျာကယာ စာသင်ရပ်ပါလို့၊

အလောင်းစင် မိခင်မြတ်ဆီသို့၊ ဦးညွတ်လို့ ရောက်ခဲ့ပါ။

မကြာသေးခင်က၊ သူ့မြေးတွေ ကိုယ်တိုင်ချီလျက်

ကော်ဖီကို ဖျော်ကာတိုက်စဉ်မှ၊ မူးမေ့ကာ အမေလဲသည်ဟု

ကြေကွဲဖွယ် သည်စကားကိုလ၊

ဖခင်အို မျက်ရည်များရယ်နဲ့၊ ပြောကြားခဲ့ရာ။

ရွာပြန်လျှင် အမေကြိုလို့၊ စားလိုရာ အမေကျွေးပါတဲ့

အေးမြတဲ့ မိမျက်နှာ၊ ခုခါတော့ ပျောက်ဆုံး။

သို့လည်းလေ၊ မေ့သား သည်လိုဖြေမပေါ့

သည်ရပ်မြေ မြန်ဒေသဆီက၊ မိခင်တွေ ဟူသမျှကိုလ

မွေးမိခင် ထင်ကာမှတ်မယ်ပေါ့

မြန်မာ့ ဤရေမြေ၌၊ အမေ မသေသေးချေဟု

သားလူပေ စိတ်ဖြေတွေးလို့ရယ်၊ ဆွေးရိပ်ကိုဖုံး။ ။ ( တင်မိုး)

 

အမေဆုံးပြီဆိုသော သတင်းကြားကြားချင်း ရဟန်းတစ်ပါးဖြစ်၍ မျက်ရည် မကျမိသော်လည်း “သြော် လောကထဲမှာ မိမိက ပြုလုပ်ပေးစရာ၊ ကျေးဇူးဆပ် စရာ အမေအဖေတို့ တစ်ယောက်မှ မရှိတော့ပါလား”ဟူသော အသိက အဘယ်အရာနှင့်မျှ အစားထိုး၍ မရနိုင်တော့လောက်အောင် အဆုံးကြီး ဆုံးရှုံး ခဲ့ရလေပြီတည်း။ ရင်ထဲတွင်လည်း တစ်ခုခု လိုနေသလို ဟာလာဟင်းလင်း။ မိမိသည် ရဟန်းတစ်ပါးဖြစ်၍ ရဟန်းလိုတွေးမိကာ အမေ မရှိတော့မှဖြင့် မိမိသည်လည်း ပြန်ရန် မလိုတော့ပြီတည်း။

 

အမေကား ဆုံးသွားခဲ့လေပြီ။ ကျန်ရှိသည့် သဂြိုဟ်ရန်ကိစ္စကိုမူ အစ်မ ညီမများကို အဝေးကနေ တယ်လီဖုန်း ဖြင့်သာ စီစဉ်ပေးကာ ကုန်ကျစရိတ် အားလုံးကို မိမိကပင် မိခင်ကြီး၏ နောက်ဆုံး ခရီးအတွက် လှူဒါန်းခဲ့ပါသည်။ မိခင်ရော ဖခင်ပါ လောကထဲတွင် မရှိကြတော့၍ လူတို့ထုံးစံ အမွေခွဲဝေခြင်း ကိုလည်း အဝေးကနေပင် ဖုံးဖြင့် ဆက်သွယ်ကာ စီစဉ်ပေးခဲ့ရပါ၏။ ပစ္စည်းဥစ္စာ အမွေ အတွက်ကြောင့် မိသားစုအာလုံး စိတ်ဝမ်း မကွဲကြစေရန် “ပစ္စည်းဥစ္စာ သည် လူ့ဘဝမှာ အရေးကြီးဆုံး ဖြစ်သော အဓိကအရာမဟုတ်။ သာမညသာ ဖြစ်ကြောင်း၊ မိသားစု ချစ်ခြင်း မေတ္တာသည်သာ လူ့ဘဝမှာ အရေးကြီးဆုံး ဖြစ်သော အဓိကအရာဖြစ်ကြောင်း၊ ပစ္စည်းဥစ္စာဟူသည်မှာ သုံးစရာသာဖြစ်၍ မိသားစုမေတ္တာသည်သာ ချစ်စရာ ဖြစ်ကြောင်း၊ သို့သော် ယခုခေတ်လူတို့လို သုံးစရာကို ချစ်နေကြပြီး၊ ချစ်စရာကို အသုံးပြုမိတာမျိုး မဖြစ်စေရန် လိုအပ် ပါကြောင်း” တရားပြကာ ဆုံးမခဲ့ရပါ၏။ မိမိက ရဟန်းဖြစ်၍ မိဘ၏ အမွေ ပစ္စည်းကို လက်ခံခြင်း မပြုခဲ့ပေ။ အစ်မညီမတို့ကိုသာ အညီအမျှ ခွဲဝေကာ ယူစေခဲ့ပါသည်။

 

ထို့ပြင် ရွာဦးကျောင်း၌ ပြန်လည်ပြုပြင် တည်ဆောက်နေသော ဓမ္မာရုံတွင် ဘုရားခန်းနှင့် ဘုရားရုပ်ပွါးတော်၊ ပဉ္စဝဂ္ဂီ(၅)ပါးရုပ်ပွါးတော် စသည်တို့အတွက် မိမိက ဦးစီးမတည်ကာ အစ်မညီမများကို တစ်ဦးလျှင် တစ်သိန်းစီ ထည့်ဝင်စေ လျှက် လူ့လောကဝယ် မရှိတော့ပြီဖြစ်သော မိဘများအတွက် ရည်မှန်း၍ ကုသိုလ်ပြု လှူဒါန်းကာ အမျှပေးဝေခဲ့ကြပါ၏။ အကယ်၍ သားသမီးများကို သံယောဇဉ် တွယ်မိ၍ အမေအဖေတို့သည် မကျွတ်မလွတ်ကြသေးလျှင် ကျွတ်လွတ်ကာ ကောင်းရာဘုံဘဝသို့ ရောက်ပါစေကြောင်း ဆုမွန်ကောင်း လည်း တောင်းပေးခဲ့ကြပါသည်။

 

အမေ့အတွက် ကျေးဇူးဆပ်

 

မိဘ မရှိတော့သော ရပ်ရွာသို့ ခြေဦး မလှည့်လိုတော့၍ မိမိမြန်မာပြည်ကို မပြန်ခဲ့သည်မှာ (၆)နှစ် ကျော်ခဲ့ပေပြီ။ ယခုမူ မိခင်ကြီး ရှိစဉ်က လှူဒါန်း ဆောက်လုပ်ခဲ့သော တံတားသည် (၂ဝ၁၂)ခုနှစ် မုန်တိုင်းဝင်စဉ်က ရေတိုက် စားသွား၍ ယခုအခါ သုံးမရတော့ဟု သတင်းကြားသောအခါ “သြော်.. ရွာသူ ရွာသားများ၏ ကံအကျိုးပေးကား နည်းလှသည်။ မိမိပင် ကယ်မ၍ မရနိုင်တော့ လေပြီ”ဟု နှလုံးသွင်းကာ အကူအညီ မပေးတော့ရန် ဆုံးဖြတ်ချတ်ချမိပါ၏။

 

တဖန် နောက်မှပြန်လည် သုံးသပ်မိသည်ကား “သူတော်ကောင်း စိတ်ဓာတ် ဟူသည် တစ်ခြားသူတို့၏ ကံအကြောင်းတရား စသည်တို့ကို စဉ်းစားလေ့ မရှိပါပေ။ မိမိလုပ်နိုင်သည်ကို လုပ်ပေးရန်၊ ကူညီနိုင်သည်ကို ကူညီပေးရန်သာ အဓိက ဖြစ်ကြောင်း” ဘုရားအလောင်း သူတော်ကောင်းတို့၏ ထုံးကို နှလုံးမူ ကာ မိခင်ကြီး မရှိတော့သော်လည်း မိခင်ကြီး ဖြစ်စေချင်၊ လုပ်စေချင်သော တံတားဖြစ်၍ မိမိဆက်လက်ကာ ပြန်လည်ပြုပြင် တည်ဆောက်ပါဦးမည်။ ဤသည်ပင် မိခင်ကြီးအတွက် ကုသိုလ်ကောင်းမှု ပြုလုပ်ပေးခြင်း ဖြစ်သလို၊ ရွာသူရွာသား လူအများအတွက် မိမိပြုလုပ်ပေးသော ကုသိုလ် ကောင်းမှုလည်း ဖြစ်ပါလိမ့်မည်။

 

အမေ့ကို ဖူးမဝ၊ ဦးချလို့ ကန်တော့မယ်

 

တစ်ခါတစ်ခါ အမေ့ကို သတိရ တမ်းတမိတဲ့အခါ ကဗျာဆရာ တင်မိုး၏ ‘လမင်းမေမေ’ ကဗျာလေးကို ဆိုညည်း ညည်းမိလေသည်။

“သံသရာတစ်ကွေ့၊ ပြန်ကာတွေ့ရင်ဖြင့်၊

အမေ့ကို ဖူးမဝ၊ ဦးချလို့ ကန်တော့မယ်။

နိဗ္ဗာန်ဝင် နောက်ဆုံးတံခါးအထိ၊

အမေ့အနားမှာပဲ တစ်ဖဝါးမကွာ နေချင်တယ်။

ခွင့်လွှတ်တော့ အမေရယ်၊ဝေးနယ်က မေ့သား။

အမေက တစ်နေရာ၊ သားရဟန်းက အဝေးမှာ ခွဲခွါနေခဲ့ကြရ၏။ ထို့ကြောင့် အမေ့ ဆန္ဒကို သားရဟန်း သိသော်လည်း ဖြည့်စွမ်းခြင်းငှါ မတတ်နိုင်ခဲ့ပါပေ။ ခွင့်လွှတ် နားလည်ပေးပါတော့ အမေ။

 

မိမိသည် ဘုရားသားတော် ရဟန်းတစ်ပါး ဖြစ်ပါ၍ အမေ၏ အနန္တ ကျေးဇူး တရားကို သိသော်လည်း အမေ့အနားမှာနေ၍ ကိုယ်ဖိရင်ဖိ မပြုစုနိုင်ခဲ့ပေ။ ရေပူရေချမ်း မကမ်းလှမ်းနိုင်ခဲ့ပေ။ အမေ၏ ရင်အပူကို ဖေးမကူနိုင်ရှာခဲ့ပေ။ အမေသေခါနီးသော်မှ အနားတွင်နေကာ အမေ့လက်ကို ဆုပ်ကိုင်လို့ အားမပေး နိုင်ရှာခဲ့ပေ။ သို့သော် သားရဟန်းသည် အမေ့အတွက်ရေးသော၊ အမေ မသေခင်က ရေးရန်တိုက်တွန်းခဲ့သော “အမေ့မေတ္တာ ဤသည့်စာ” ဖြင့် အမေနှင့် အမေများအတွက် မိဘများ၏ ဂုဏ်ကျေးဇူးတို့ကို တစ်စိတ် တစ်ဒေသ ထုတ်ဖော်တင်ပြ၍ အမေ အဖေ၏ အနှိုင်းမဲ့ဂုဏ်ကို အာရုံပြုပြီး၊ ဦးနှိမ်မာန်လျှော့ ကာ ကန်တော့လိုက်ပါသည်။

 

အမေနှင့် အမေများသို့

 

အမေအကြောင်းကို ကြားရ၊ ဖတ်ရလျှင် သားရဟန်းသည် လောကထဲ ဝယ် အမေမရှိတော့သော်လည်း အမေကို သတိရမြဲ။ မည်သို့သော အကြောင်း နှင့်မျှ မျက်ရည်ကျလေ့မရှိသော သားရဟန်းသည်ပင် အမေဇာတ်လမ်း ကြည့်မိ တိုင်း၊ အမေ့မေတ္တာဘွဲ့ ဇာတ်လမ်း ဖတ်မိတိုင်း ဝမ်းနည်းမျက်ရည် လည်ရ မြဲပင်။ ထိုကြောင့် အမေ မသေခင်က အမေ ရေးစေချင်သော အမေ့မေတ္တာ အကြောင်းကို အမေ့အတွက် ရေးမိပြန်ပါကောလေ။ ဒါပေမဲ့ သားရဟန်း ရေးသော “အမေ့မေတ္တာ ဤသည့်စာ”ကို တမလွန်ဘဝသို့ ရောက်နေပြီ ဖြစ်သော အမေကတော့ မြင်နိုင်၊ သိနိုင်၊ ဖတ်နိုင်တော့မည် မဟုတ်ပါပေ။

 

သို့သော်လည်း မပြီးဆုံးသေးသော အမေ့မေတ္တာဘွဲ့ကို လောကထဲရှိ အမေများနှင့် အမေကိုချစ်သော သားသမီးများအတွက် သားရဟန်း ဆက် လတ်ကာ ရေးနေပါဦးမည်။ အမေအတွက် သားရဟန်း လုပ်ရမည့် တာဝန်တစ် ရပ်ဟု ခံယူကာ လုပ်နေပါဦးမည်။ ရှိပါစေတော့ အမေအတွက် သားရဟန်း၏ နှလုံးသွေးနှင့် ရေးသော အမေ့မေတ္တာ ဤသည့်စာကို အမေ မဖတ်နိုင်လျှင် သော်မှ လောကထဲမှာ ရှိနေကြသော သူ့အမေ၊ ခင်ဗျားအမေ၊ တစ်ခြားသတို့၏ အမေ စသည့်စသည့် အမေများစွာ ကျန်ရှိနေကြပါသေး၏။ ထိုအမေများသည် ဤစာကို ဖတ်မိ သိရှိလျှင်လည်း အမေကိုယ်တိုင် ဖတ်သလို၊ အမေကိုယ်တိုင် သားရဟန်း၏ ခံစားချက်ကို နားလည်ကာ အသိအမှတ်ပြုသလို အတူတူပင် ခံစားရပါလိမ့်မည်။

 

သားရဟန်းသည်လည်း အမေကမွေး၍ လူ့လောကထဲသို့ ရောက်ခဲ့ရ၏။ အမေက ကျွေးး၍ လူလားမြောက်ခဲ့ရ၏။ အမေ၏ ညွှန်ပြမှုဖြင့် လူတစ်လုံး သူတစ်လုံး ဖြစ်ခဲ့ရ၏။ အမေ၏လမ်းညွှန်မှုဖြင့် ခရောင်းလမ်းကို ကျော်လွှား၍ ပန်းခင်းလမ်းကို လျှောက်လှမ်းကာ ပန်းလေမွှေးကို ရှူရှိုက်ခဲ့ရသလို စမ်းရေအေးကို သောက်သုံးခွင့် ရခဲ့၏။ အမေမြှင့်၍ သားရဟန်းဘဝ တင့်တယ် ထယ်ဝါခဲ့ရ၏။ သားရဟန်းသည် အမေ့ခြေရင်းတွင် နေထိုင်ကာ ကြားနာ မှတ်သားခဲ့ရသော ဇာတ်၊ နိပါတ်တော်၊ ပုံပြင် သာဓက အဆုံးအမများသည် လည်း သားရဟန်း နှလုံးသားတွင် ထာဝစဉ် စွဲထင် လျက် ရှိခဲ့ပါပြီ။ သားရဟန်း ဘဝ တစ်ခုလုံးသည်ပင် အမေကျေးဇူးတရားနှင့် ကင်းသောအရာ၊ အမေ့ မေတ္တာမှ ကွက်ကျန်ခဲ့သောအရာ တစ်ခုမျှ ရှိမည် မထင်ပါလေ။

 

ထာဝရမေတ္တာရှင်

 

လောကထဲတွင် လူသားဟူ၍ တည်ရှိနေသမျှကာလပတ်လုံး အမေများ သည်လည်း ဆက်လက်တည်ရှိ နေဦးမည်သာ။ အမေများရှိနေသ၍ သား သမီးများ အပေါ်ထားသော အမေ့မေတ္တာတို့သည်လည်း ဆက်လက် ရှင်သန် တည်ရှိ နေဦးမည်သာတည်း။ ထိုသို့ဆိုလျှင် အမေ့မေတ္တာသည် ကမ္ဘာလောက ထဲတွင် ထာဝရတည်ရှိနေသောကြောင့် ထာဝရမေတ္တာဟု ခေါ်ဆိုနိုင်သလို ထိုမေတ္တာမျိုး ပိုင်ဆိုင်သော အမေများကိုလည်း ထာဝရ မေတ္တာရှင်များဟု ခေါ်ဆိုနိုင်သည်သာတည်း။

 

သားရဟန်း၏ အမေသည် လောကထဲတွင် မရှိ တော့သော်လည်း လောကထဲတွင် ထိုသို့သော ထာဝရ မေတ္တာရှင် အမေများ ဆက်လက်ကာ တည်ရှိနေသောကြောင့်လည်းကောင်း၊ အမေ သေသော်လည်း အမေ၏ မေတ္တာ ကရုဏာတရားတို့သည် သားသမီးများအပေါ် ဆက်လက် လွှမ်းခြုံနေဆဲ ဖြစ်သောကြောင့်လည်ကောင်း၊ သားသမီးတို့၏ ရင်ထဲ နှလုံးသားထဲဝယ် အမေနှင့်ပတ်သက်သော အရာအားလုံးတို့သည် မည်သည့် အခါမျှ ပျောက်ပျက်၍ မသွားဘဲ၊ ထာဝရ တည်ရှိနေဆဲဖြစ်သောကြောင့် လည်းကောင်း “အမေ ဘယ်တော့မှ မသေ”ဟု ဆိုနိုင်သည်သာတည်း။

 

ထိုထိုသို့သော ထာဝရ မေတ္တာရှင် အမေနှင့် လောကထဲရှိ အမေများ အားလုံးအတွက် သားရဟန်းသည်လည်း ဓမ္မ တရားနည်းလမ်းအားဖြင့် ကျေးဇူး ဆပ်ခြင်းဟူသော သာသနာပြုလုပ်ငန်းများကို အသက်ရှင်နေသမျှ ကာလ ပတ်လုံး ကိုယ်အား ညာဏ်အားရှိသမျှ ကြိုးစားလုပ်ဆောင်ရင်း အမေ၏ ကျေးဇူးကြွေးကို ဆက်လက်ကာ ပေးဆပ်နေဦးမည်သာ။ သားရဟန်း၏ ရင်ထဲ နှလုံးသားထဲတွင် အမေ့မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တရားတို့သည် လည်း ဆက်လက် ရှင်သန်နေဦးမည်သာ။ သားရဟန်း နေ့စဉ် နေ့တိုင်း ပြုလုပ်သမျှ ကုသိုလ် ကောင်းမှုတို့၏ အဖို့ဘာဂကိုလည်း အမေ အဖေနှင့် လောကထဲမှ ထွက်ခွါ သွားကြသော အမေ အဖေအားလုံးအတွက် အမျှပေးဝေ နေဦးမည် သာတည်း။

 

အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism)

Views: 220

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service