ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဒေါသ နှင့် အဒေါသ

 ဒေါသ နှင့် အဒေါသ 

“ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။”
“လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူ့လိုငါလည်း၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊
စိတ်မပျက်၊ သက်သက် အနာခံသတည်း။”

“ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါက ပြန်ပြုလျှင်
ငါလည်း သူ့လိုလူမိုက် ဖြစ်မှာပဲ” ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက် အားငယ်၍လည်း မနေဘဲ စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်းသည် ခန္တီပါရမီ၏ သဘောတည်း။(အရှင် ဇနကာဘိဝံသ၊ ရုပ်စုံ ဗုဒ္ဓ၀င် အမေးအဖြေ နှာ-၂၈)
ထိုခန္တီ-အရ အအေးအပူ မှက်ခြင်စသော သက်ရှိသက်မဲ့ သင်္ခါရတို့၏ မိမိအပေါ်၌ ဖောက်ဖောက်ပြန်ပြန် ဖြစ်ခြင်း(သက်ရှိတို့က နှိပ်စက်ခြင်း စော်ကားခြင်း)များကိုသည်းခံသောအခြင်းအရာအားဖြင့် ဖြစ်နေသောစိတ်စေတသိက်များကို
ကောက်ယူရ၏။

အချို့သောဆရာတို့ကမူ ဉာဏ်ဖြင့်ဆင်ခြင်၍ သည်းခံရသောကြောင့် ခန္တီ-အရ ဉာဏ်ကို ကောက်ယူလိုကြ၏။ ဉာဏ်မရှိသော်လည်း (ဉာဏ်မယှဉ်ခိုက်၌လည်း) ခန္တီဖြစ်နိုင်သောကြောင့် ထိုဝါဒကို ဋီကာဆရာတို့ မကြိုက်ကြ။ သည်းခံ၍ နေချိန်၌ ဒေါသမဖြစ်သောကြောင့် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော အဒေါသ ပြဓာန်းသော နာမ်တရားများကိုသာ ကောက်ယူလိုကြ၏။ (အဋ္ဌသာလိနီ-ဘာဋီ)
မဟာဗုဒ္ဓ၀င် ပထမတွဲ၌ “ဤခန္တီပါရမီဟူသည် ပညာပါရမီ ၀ီရိယပါရမီတို့ကဲ့သို့ ပရမတ္ထတရား သီးခြားတခုမဟုတ်၊ အမျက်မထွက်ခြင်း လက္ခဏာရှိသော အဒေါသစေတသိက်ခေါင်းဆောင်သည့် ကုသိုလ်စေတသိက် အစုပင် ဖြစ်၏။ (တနည်း) ပညာပါရမီ ၀ီရိယပါရမီတို့ကဲ့သို့ပင် ပရမတ္ထတရား သီးခြား အဒေါသစေတသိက်ပင် ဖြစ်၏။

ခန္တီဟူသည် အဒေါသစေတသိက်ပင် ဖြစ်သော်လည်း အဒေါသစေတသိက်ဟူသမျှကို ခန္တီဟူ၍ မခေါ်အပ်။ အကြောင်းကား…. အဒေါသစေတသိက်သည် (အကုသိုလ်စိတ် အဟိတ်စိတ်တို့မှ တပါးသော) သောဘဏစိတ်တို့ ဖြစ်တိုင်းဖြစ်တိုင်း ပါရှိရာ သူတစ်ပါးတို့က အမျက်ဒေါသ ထွက်ဖွယ်ရာ ပြုလုပ်ပြောဆိုသော အခါ အမျက်ဒေါသ မဖြစ်စေရန် တားဆီးသည့်အခြင်းအရာအားဖြင့် ဖြစ်သော အဒေါသကိုသာ ခန္တီဟူ၍ ခေါ်ရလေသည်။ သည်းခံခြင်းဟူ၍ ခေါ်ရလေသည်။ တပါးသော အခြင်းအရာအားဖြင့်ဖြစ်သော သောဘဏစိတ်တို့၌ ပါရှိသည့် အဒေါသစေတသိက်တို့ကိုကား ခန္တီဟူ၍သော်၎င်း၊ သည်းခံခြင်းဟူ၍သော်၎င်း မခေါ်ရသောကြောင့်တည်း။”ဟု ရှင်းပြထား၏။

မဟာဗုဒ္ဓ၀င်တွင် ပါဠိတော်နည်းကျလည်း ဖွင့်ပြထားသေးသည်မှာ…
“ဤခန္တီပါရမီအရာ၌ ပါဠိတော်ဝယ် (သမ္မာနာဝမာနက္ခမော) မြတ်နိုးမှုပြုခြင်း မထီမဲ့မြင်ပြုခြင်းတို့ကို သည်းခံလော့-ဟူ၍ ပါရှိလေရာ ပါဠိတော်တိုက်ရိုက်အလိုမှာ ကောင်းသောအရာနှင့်တွေ့လျှင်လည်း စိတ်မတက် မကောင်းသောအရာနှင့် တွေ့လျှင်လည်း စိတ်မပျက်ပဲ သည်းခံနိုင်ရမည်ဟူ၍ အဓိပ္ပါယ် ရရှိသည်။ ဆိုလိုရင်းမှာ ကောင်းသောလောကဓံနှင့် တွေ့၍ လောဘဖြစ်လျှင်၎င်း မကောင်းသောလောကဓံနှင့် တွေ့၍ ဒေါသဖြစ်လျှင်၎င်း ထိုကောင်း-မကောင်းသောအာရုံကို သည်းခံနိုင်သည် မမည်ချေ။ ကောင်းသောလောကဓံနှင့်တွေ့၍ လောဘမဖြစ်မှ၎င်း မကောင်းသောလောကဓံနှင့်တွေ့၍ ဒေါသမဖြစ်မှ၎င်း သည်းခံခြင်းမည်သည်ဟူ၍ ဆိုလိုရင်း အဓိပ္ပါယ်ထွက်ရှိသည်။”

ခြုံငုံလိုက်လျှင် ခန္တီ-အရ အချမ်းဒဏ် အပူဒဏ်စသော မိမိမလိုလားအပ်သော အတွေ့အကြုံ အာရုံများ၊ သူတစ်ပါးတို့၏ ကိုယ်ဖြင့်စော်ကားမှု
နှုတ်ဖြင့်စော်ကားမှု-ဟူသော အမျက်ထွက်ဖွယ် အတွေ့အကြုံ အာရုံများနှင့် တွေ့ကြုံရသောအခါ ဒေါသမဖြစ်မိအောင်
အောင့်အည်းသည်းခံမှုနှင့် သူတစ်ပါးတို့၏ ချီးမွမ်းမှု ပူဇော်မှုစသော ကောင်းသောအာရုံများနှင့် တွေ့ကြုံရသောအခါ လောဘမဖြစ်မိအောင် ချုပ်တည်းထိန်းကွပ်နိုင်မှုကို ရ၏။

ဤသည်းခံခြင်း ခန္တီတရားနှင့်စပ်၍ အရှင်ပုဏ္ဏမထေရ်၏ နှလုံးသွင်းပုံမှာ အံ့သြဖွယ်ကောင်းလှ၏။ ဘုရားရှင်လက်ထက်တော်က အရှင်ပုဏ္ဏမထေရ်သည် မြတ်စွာဘုရားအထံတော်၌ သုနာပရန္တဇနပုဒ်သို့ သွားရောက်နေထိုင်လိုပါကြောင်း လျှောက်ထားသောအခါ မြတ်စွာဘုရားက “ချစ်သားပုဏ္ဏ… သုနာပရန္တ ဇနပုဒ်သားတို့သည် ကြမ်းတမ်းကုန်၏။ အကယ်၍ သူတို့က သင့်ကို ဆဲရေးခြင်းအမှုပြုခဲ့လျှင်း သင်၏စိတ် မည်သို့ဖြစ်မည်နည်း” ဟု မေးတော်မူသောအခါ ....
“မြတ်စွာဘုရား… ထိုသုနာပရန္တဇနပုဒ်သားတို့သည် လူကောင်းများသာ ဖြစ်ကြ၏၊
ငါ့ကို ဆဲရုံသာဆဲကြသည်၊ လက်သီးဖြင့် ထိုးခြင်း တတောင်ဖြင့်ထောင်းခြင်း အမှုကို မပြုရှာကြကုန်”ဟု ထိုသူတို့အပေါ်မှာ လူကောင်းများဟူ၍ နှလုံးသွင်းလျက် အမျက်ဒေါသကို သိမ်းဆည်းသည်းခံပါမည်”ဟူ၍ လျှောက်ထားလေသည်။

အကယ်၍ လက်သီးဖြင့် ထိုး၊ တတောင်ဖြင့် ထောင်းလျှင်လည်း “လက်သီးဖြင့် ထိုးရုံသာ ထိုးကြသည်၊ တတောင်ဖြင့် ထောင်းရုံသာထောင်းကြသည်”ဟု၎င်း၊ ခဲဖြင့်ထုလျှင်လည်း “ခဲဖြင့်ထုရုံသာ ထုကြသည်”ဟု ၎င်း၊ နောက်ဆုံး အသက်ဆုံးအောင် သတ်ဖြတ်ကြစေကာမူ “ငါ့မှာ အရတော်လေစွာ့… အရှင်ဂေါဓိက အရှင်ဆန္န အစရှိသူတို့မှာ မိမိကိုယ်ကို ဒါးဖြင့် သတ်ဖြတ်ခြင်းအမှုကို ကိုယ်တိုင်ပြုကြရသေး၏။
ငါ့မှာ ကိုယ်တိုင်မပြုရပဲ ရပေသည်ဟု နှလုံးသွင်းလျက် အမျက်ဒေါသကို သိမ်းဆည်းသည်းခံပါမည်”ဟူ၍ လျှောက်ထားသည်တွင် မြတ်စွားဘုရားက သာဓုခေါ်တော်မူ၏။ (ဥပရိပဏ္ဏာသ၊ ပုဏ္ဏောဝါဒသုတ်)

သရဘင်္ဂဇာတ်တွင်လည်း သိကြားမင်းက သရဘင်္ဂရသေ့ကို “ဤလောက၌ အဘယ်သူပြောဆိုသည့် ကြမ်းကြုတ်သောစကားကို သည်းခံရပါမည်နည်း၊ ဤအကြောင်းကို အကျွန်ုပ်အား ဖြေကြားပါလော့--ဟူ၍ မေးမြန်းရာ…

မိမိထက်မြတ်သူ မိမိနှင့်တူသူ မိမိအောက်ယုတ်သူ အားလုံးတို့ ပြောဆိုသည့် ကြမ်းကြုတ်သော စကားကိုပင် သည်းခံရာ၏။ ထိုသို့သည်းခံခြင်းကို အမြတ်ဆုံးဟူ၍ သူတော်ကောင်းတို့ ပြောဆိုကြကုန်၏---ဟူ၍ ဖြေကြားလေသည်။

တဖန် သိကြားမင်းက--
အရှင်ရသေ့… လောက၌ မိမိနှင့် တန်းတူဖြစ်သောသူ မိမိထက်မြတ်သောသူ ဤသူနှစ်ဦးတို့၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကို သည်းခံမည်ဆိုက သည်းခံနိုင်ဖွယ်ရာ ရှိပါ၏။ မိမိအောက် ယုတ်ညံ့သောသူ၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကိုကား ဘယ်လိုနည်းဖြင့်သည်းခံနိုင်ပါမည်နည်း--ဟူ၍ မေးမြန်းသောအခါ…

အလောင်းတော် သရဘင်္ဂရသေ့က---
မိမိထက်မြတ်သောသူ၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကို မြတ်သောသူဖြစ်နေသည့် အတွက် ကြောက်ရွံ့သောကြောင့် သည်းခံသော်မူ သည်းခံလေရာ၏။ မိမိနှင့်တန်းတူဖြစ်သောသူ၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကို “အကယ်၍ သည်းမခံချေက မိမိထက်သာလွန်အောင် ကြံစည်အားထုတ် ပြုလုပ်အံ့သောအပြစ်ကို မြင်၍ သည်းခံသော်မူ သည်းခံလေရာ၏။ (ထိုသည်းခံခြင်း နှစ်မျိုးကား မြတ်သော သည်းခံခြင်းမျိုး မဟုတ်ချေ၊) မိမိအောက် ဇာတ်စသည် ယုတ်ညံ့သောသူ၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကို သည်းခံခြင်းကား သည်းခံနိုင်ဖွယ်ရာ အကြောင်းထူး မရှိပါပဲလျက် သည်းခံနိုင်ခြင်းဖြစ်၍ ဤသည်းခံခြင်းမျိုးကို အမြတ်ဆုံးဟူ၍ သူတော်ကောင်းတို့ ပြောဆိုကြကုန်၏-- ဟု ဖြေကြားလေသည်။

သိကြားမင်း၏ ခန္တီတရားမှာလည်း မှတ်သားဖွယ်ကောင်း၏။
တခါက တာဝတိံသာ အသုရာစစ်ပွဲ၌ တာဝတိံသာနတ်တို့က နိုင်ရာ ဖမ်းမိလာသော ဝေပစိတ္တိ အသုရိန်ကို သုဓမ္မာသဘင်၌ တုပ်နှောင်ထား၏။ ဝေပစိတ္တိသည် သိကြားမင်း သုဓမ္မာသဘင်ဝင်တိုင်း ထွက်တိုင်း အမျိုးမျိုးဆဲရေး၏။
သိကြားမင်းကလည်း သည်းခံ၏။ ဤအဖြစ်ကို မြင်ရသော မာတလိက ဝေပစိတ္တိ၏ ကြမ်းတမ်းသောစကားကို မျက်မှောက်ကြားနေရပါလျက် သည်းခံနေသည်မှာ “ကြောက်သောကြောင့်လော” “အားနည်းသောကြောင့်လော” ဟု မေး၏။ “ငါသည်းခံသည်မှာ ကြောက်သောကြောင့်လည်းမဟုတ်၊ အားနည်းသောကြောင့်လည်း မဟုတ်၊ ငါကဲ့သို့သော ပညာရှိသည် လူမိုက်နှင့် ဘယ်မှာ ဖက်ပြိုင်ပါအံ့နည်း” ဟု ဆို၏။

လူမိုက်မည်သည်မှာ သူ့ကိုမတားမနှိပ်လျှင် သာ၍ပင် ကဲလာမည်ဖြစ်သောကြောင့် ပညာရှိသည် သူမိုက်ကို ပြင်းထန်သောဒဏ်ဖြင့် နှိပ်ကွပ်မြစ်တားသင့်ကြောင်း
မာတလိက ဆိုပြန်သော်

“သူတစ်ပါး အမျက်ထွက်သည်ကို သိ၍ အမျက်ငြိမ်းနေသူ၏ ထိုငြိမ်းခြင်းသည်ပင် လူမိုက်ကို မြစ်တားခြင်းမည်ကြောင်း” သိကြားမင်းက ပြောဆို၏။

“ဤသို့ သည်းခံခြင်း၌ အပြစ်ကို တွေ့ရပါသည်၊ သိကြားမင်း… လူမိုက်သည် ငါ့ကိုကြောက်၍သည်းခံသည်ဟုထင်သောအခါ ပြေးနေသောနွားကို နွားများဖိလိုက်သကဲ့သို့ မိမိကို ဖိတတ်ပါသည်” ဟု မာတလိက လျှောက်တင်ပြန်၏။

ထိုအခါ သိကြားမင်းက အကျယ်တ၀င့် တရားပြသည်မှာ “ငါကြောက်၍ သည်းခံသည်ဟု ထင်လိုထင် မထင်လိုနေ၊ ခန္တီထက် သာလွန်သော အကောင်းဆုံးကိုယ်ကျိုးကို ငါမမြင်၊ အားနည်းသူမှာ အမြဲသည်းခံတတ်ရာ အားရှိသူဖြစ်လျက် အားမဲ့သူအား သည်းခံသောသူ၏ သည်းခံခြင်းမျိုးကို အမြတ်ဆုံးဟု ပညာရှိတို့ ဆိုကြသည်။ လူမိုက်၏အားမျိုး ရှိနေသူဖြစ်လျှင် ထိုအားမှာ အားမဟုတ်သည်ကို အားဟု ဆိုခြင်းပင်။ တရားစောင့်သူ၏ အားကို ထိုသို့ပြောနိုင်သူ လှုပ်ရှားစေနိုင်သူ မရှိ။

“ကိုယ့်အား အမျက်ထွက်သူကို ပြန်စိတ်ဆိုးသူမှာ ထိုသူအောက် ယုတ်ညံ့သူသာဖြစ်သည်။စိတ်ဆိုးသူကို ပြန်စိတ်မဆိုးသူမှာ အောင်နိုင်ခဲသောစစ်ပွဲကို
အောင်သူဖြစ်တော့သည်။ သူတစ်ပါး စိတ်ဆိုးသည်ကို သိလျက် သည်းခံပြေငြိမ်းသူသည် မိမိသူတစ်ပါး နှစ်ဦးသားလုံး၏ အကျိုးကို ကျင့်သူပင်။ ထိုမိမိသူတစ်ပါးအကျိုးကို ပြီးစေသူကို တရားမသိသူ လူမိုက်တို့က ဗာလဟု ထင်မှတ်ကြသည်”။

ဤသိကြားမင်း၏စကားမှာ သည်းခံသူ ဂုဏ်ရည်ဖွဲ့ပင်ဖြစ်ရာ
လောကရေး ဓမ္မရေး နှစ်ဖက်၌ပင် တိုးတက်လိုသူတိုင်း မှတ်သားလိုက်နာအပ်ပေသည်။ (သပြေကန် ပရိတ်ကြီးနိသျသစ်) အထက်ပါ ဒေသနာများ သာဓကများအရ သည်းခံရာ၌ အတိုင်းအတာ မရှိပါ။ အဆုံးစွန်ထိ သည်းခံရမည်ပင် ဖြစ်၏။ သို့ရာတွင် ပုထုဇဉ်တို့၏ သည်းခံနိုင်စွမ်းအားသည်ကား ဘုရားလောင်းမှတစ်ပါး များသောအားဖြင့် အတိုင်းအတာရှိတတ်ပါသည်။ ထိုအတိုင်းအတာထက် ကျော်လွန်လာလျှင် သည်းမခံနိုင်ကြသောကြောင့် (ပဋိပက္ခကို ရှောင်လွှဲခြင်း, ဥပဒေနှင့်အညီ အရေးယူစေခြင်း စသည့်အခြားနည်းလမ်းများကို အသုံးမပြုနိုင်တော့ဘဲ) လက်တုန့်ပြန်ကြသောကြောင့် သူ့အပြစ်က ကိုယ့်အပြစ်ဖြစ်ကာ ဒုက္ခပင်လယ် ဝေကြရ၏။

သည်းမခံတတ်သူ၌ အပြစ်ငါးပါး၊ သည်းခံသူ၌ အကျိုးငါးပါးရှိကြောင်း အင်္ဂုတ္တရနိကာယ် အက္ကောသက၀ဂ်၌ ဟောတော်မူထား၏။ ထိုတွင် သည်းမခံနိုင်သူအပြစ်များကား…
(၁) လူအများ မချစ် (အမုန်းခံရ)ခြင်း၊
(၂) ရန်များခြင်း၊
(၃) (လွန်စာသနားဖွယ် ဆင်းရဲသို့ရောက်ကြောင်း) အပြစ်များခြင်း၊ (၄) တွေတွေဝေေ၀ သေရခြင်း၊
(၅) သေသော် အပါယ်ရောက်ရခြင်း-တို့ ဖြစ်၏။

ထိုမှပြန်သောအားဖြင့် သည်းခံသူ၌
(၁) လူအများချစ်ခင်ခြင်း၊
(၂) ရန်မများခြင်း၊
(၃) အပြစ်မများခြင်း၊
(၄) မတွေမဝေသေရခြင်း၊
(၅) သေသော်နတ်ပြည်ရောက်ရခြင်းဟူသော အကျိုးငါးပါးရ၏။

အထက်ပါအကျိုး-အပြစ်တို့တွင် နောက်ဆုံးတစ်မျိုးမှတစ်ပါး ကျန်လေးပါးစီသည် မျက်မှောက်ဘ၀မှာပင် တွေ့ကြုံရမည့် အကျိုးအပြစ်များဖြစ်၏။ သည်းခံနိုင်လျှင် အထက်ပါအကျိုးများ ရမည်၊ သည်းမခံနိုင်လျှင် အထက်ပါအပြစ်များ ရမည်မှာ မငြင်းဆိုနိုင်သော အချက်ဖြစ်၏။

ခန္တီပရမံ တပေါ တိတိက္ခာ၊ = တိတိက္ခာဟုအမည်ရသော
သည်းခံမှု = ခန္တီတရားသည် မြတ်သော အကျင့်တည်း။ (ဒီ၊၂၊၄၂။ ခု၊၁၊၄၁။)
ခန္တီဗလံ ဗလာနီကံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။ = သည်းခံခြင်း = ခန္တီခွန်အားတည်းဟူသော စစ်သည်ဗိုလ်ပါ ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏ
(= မကောင်းမှုမှ အပပြုအပ်ပြီးသော ပုဂ္ဂိုလ်)ဟု
ငါဘုရား ဟောကြားတော်မူ၏။ (ခု၊၁၊၇၀။၃၇၆။)
ခန္တျာ ဘိယျော န ၀ိဇ္ဇတိ။ = သည်းခံခြင်းထက် လွန်မြတ်သော အကျိုးတရားကား မရှိ။ (သံ၊၁၊၂၂၃၊၊)

အထက်ပါဘုရားဒေသနာများကို ကြည်ညိုသောစိတ်ထားဖြင့် ခန္တီတရားကို စွမ်းအားရှိသလောက် ဖြည့်ကျင့်ဆည်းပူးနိုင်ကြပြီး ခန္တီ၏ အကျိုးတရားတို့ကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ကြကာ ခန္တီနှလုံး အစဉ်သုံးပြီး ရွှင်ပြုံးနိုင်ကြပါစေ….။

အရှင်ကောဝိဒ (ယော)

Views: 187

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service