ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဖတ်စေချင်တယ်

ဖတ်စေချင်တယ်

အချိန်ယူရဦးမှာပါ

 

သင်ဘယ်လိုလူလဲဆိုတာ သိဖို့၊ ကျွန်ုပ် ဘယ်လိုလူလဲဆိုတာ သိဖို့ အလိုဆန္ဒ ရှိနေတဲ့ သင်နှင့်ကျွန်ုပ် ...နေမြင့်ရှည်ကြာ သွားလာနေထိုင် ဆက်ဆံရင်း စူးစမ်းလေ့လာကြရ ဦးမှာပါ။ အမှားအမှန် အဆိုးအကောင်း သိမြင်နိုင်တဲ့ ဥာဏ်ပညာ အဆင်အခြင် ရှိ မရှိပေါ်မှီပြီး ...
သင်နှင့်ကျွန်ုပ် အဖြေမှန်ရသည်လည်း ရှိမယ်၊ အဖြေမှန် မရသည်လည်း ရှိလိမ့်ဦးမယ်လို့တော့ သတိရှိစေချင်ပါတယ်။ (~ ဗုဒ္ဓ ~ သတ္တဇဋိလသုတ်)။

လွတ်လပ်မှုဆိုတာ


- မိမိရဲ့ လွတ်လပ်မှုဟာ သူတစ်ပါးကို အနှောင့်အယှက်ဖြစ်စေရင် အဲဒီလွတ်လပ်မှုမျိုးကို လွတ်လပ်မှုလို့ မခေါ်နိုင်ဘူး။

အကျိုးဆောင်တတ်စေချင်ပါတယ်


- အကျိုးဆောင်ပိုင်ခွင့်ဆိုတာ ကြီးကြီးကျယ်ကျယ် လုပ်ရမှမဟုတ်ပါဘူး။ ချစ်ဖွယ်စကား, ချိုမြိန်တဲ့စကား, နားဝင်ချိုတဲ့စကားပြောတတ်ရင် အချိန်တိုင်း အကျိုးဆောင်ပိုင်ခွင့်ရနေပါတယ်။
- သူ့မှာရှိတာနဲ့ သူ့ကိုအကောင်းဆုံးဖြစ်အောင်ကူညီပေးတာ မေတ္တာပါ။ မိမိဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင်လုပ်တာကိုတော့ လောဘလို့သာခေါ်ရမယ်။

ရဲရင့်လိုက်စမ်းပါ


- မိမိကိုယ်ကို မိမိ မနှောင်ဖွဲ့ပါနဲ့၊ ပင်ပန်းအောင် မလုပ်ပါနဲ့၊ ဆင်းရဲအောင် မလုပ်ပါနဲ့။
- မိမိကိုယ်ကို မိမိ သိပ်သိတဲ့ သိပ်တတ်တဲ့ပုံစံမျိုး နေထိုင်မိတတ်ကြတယ်။ တကယ်တော့ မိမိတို့မှာ အဲဒီလိုအနေအထားမျိုး ရှိမနေကြဘူး၊ သိနိုင်သလောက် သိအောင် ကြိုးစားနေခြင်းမျှသာ ဖြစ်ကြတယ်။


- မပြည်ဝသေးတာ မပြည်ဝသေးမှန်းသိရင် စိတ်ဟာလွတ်လပ်သွားတယ်၊ သိယုံနဲ့မလုံလောက်ဘူး၊ ကိုယ်သိတာ ဒီလောက်ပါပဲလို့ လိုအပ်တဲ့အခါ ၀န်ခံလိုက်တာ အနှောင်အဖွဲ့ကနေ ထွက်မြောက်ခြင်း တစ်မျိုးပဲ။ စိတ်မှာ ၀န်ထုပ် ၀န်ပိုးဖြစ်ပီး မကျန်ရစ်တော့ဘူး။ ဟန်ကိုယ့်ထားရတဲ့ ဒုက္ခကနေ ထွက်မြောက်နိုင်လိုက်တဲ့အတွက် စိတ်ဟာတည်ကြည်လာတယ်၊ ခံ့ကျန်းလာတယ်၊ ရင့်ကျက် လာတယ်။


- မိမိကိုယ်ကို မိမိ နှောင်ဖွဲ့နေတာလည်းမသိဘူး၊ သူတစ်ပါးတို့ရဲ့ နှောင်ဖွဲ့တာခံနေရမှန်းလည်း မသိဘူးဆိုရင် မိမိရဲ့ချမ်းသာကို ဆောင်နိုင်ဖို့မလွယ်တော့ဘူး။ သူတစ်ပါးတို့ရဲ့ ချမ်းသာခြင်း ကိုလည်း ဆောင်ခြင်းငှာမဖြစ်နိုင်တော့ဘူး။

ခက်ခဲတဲ့အရာ


- လူတွေရဲ့ အလိုဆန္ဒကို အမြဲသိဖို့မလွယ်ဘူး။ ဥာဏ်နှင့်ယှဉ်တဲ့ သည်းခံမှု ထိန်းသိမ်း ချုပ်တည်းမှုတွေကြောင့် သိဖို့ရန်ခက်သလို, မာယာ သာဌေယျ အလှည့်အပတ် အကွေ့ အကောက်တွေ နေရာယူမှုကြောင့်လည်း သိဖို့ရာခက်တယ်။

လောကကို ကောင်းစေချင်သူများ


- ပုံမကျတာတွေ မဟုတ်တာတွေ တရားမမျှတတာတွေ အချိုးမကျတာတွေတွေ့လို့ ဝေဖန် ထောက်ပြသူ တွန်းလှန်သူ ဆန့်ကျင်သူတွေကိုတွေ့ရင် အမှန်တရားထွန်းကားဖို့ လောကကြီးကို ပုံစံတကျတည်ဆောက်ဖို့ စေတနာဆန္ဒရှိနေသူများလို့ လက်ခံတတ်တဲ့စိတ် ကျွန်ုပ်တို့မှာရှိဖို့ လိုအပ်ပါတယ်။


- He has a right to criticize, who has a heart to help. " အားနည်းချက်တွေ အမှားတွေ ပုံမကျတာတွေ မကောင်းတာတွေကို ဝေဖန်ထောက်ပြခြင်းဆိုတာ ကူညီလိုတဲ့ နှလုံးသားရှိသူရဲ့ အခွင့်ပဲ။ " (~ Abraham Lincoln)


ဒီအခွင့်ကိုပေးသင့်သလို ခံယူနိုင်တဲ့နှလုံးသားကိုလည်း ကျွန်ုပ်တို့တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါမှ ကြီးမြင့်တဲ့ စိတ်ထားရှိသူဖြစ်နိုင်မယ်။ လူကြီးလို့ခေါ်နိုင်မယ်။


- သို့သော် " မစူးစမ်း မဆင်ခြင်ပဲ တစ်ပါးသူတွေရဲ့ဂုဏ် တစ်ပါးသူတွေရဲ့ အပြစ်ကို ပြောဆိုတတ် သူတွေကိုတော့ မိုက်မဲသူ မလိမ္မာသူလို့ " ဘုရားရှင် မိန့်တော်မူထားတဲ့အတွက် ကျွန်ုပ်တို့ဟာ မိုက်မဲသူ မလိမ္မာသူတွေတော့ မဖြစ်သင့်ကြဘူး။

သညာရှိနှင့် ပညာရှိ


- သညာဆိုတာ သင်အံလေ့ကျက်ခြင်းကို အမှီပြုပီး ဖြစ်ပေါ်လာတဲ့တရားပါ။ အဲဒီသညာနဲ့ မိမိကိုယ်ကို မိမိ မဆုံးမနိုင်သေးသမျှ သညာရှိလို့သာဆိုရတယ်၊ ပညာရှိလို့မဆိုနိုင်ဘူး။

စာတတ်တယ်ဆိုတာ


- စာတတ်တယ်ဆိုတာ အာဂုံနှုတ်တက်ဆောင်နိုင်ရုံမျှကို ခေါ်တာမဟုတ်ဘူး။ နားလည် သဘောပေါက်အောင် ကြည့်ရှုနိုင်စွမ်းကိုခေါ်တာ။ (~ မဟာဂန္ဓာရုံဆရာတော်)

မနှောင်ဖွဲ့ပါနဲ့


- ပုဂ္ဂိုလ်တစ်ဦးကို စိတ်တည်ကြည်လွတ်လပ်မှုရစေချင်တယ်။ မိမိရဲ့ အပြုအမူ အပြောအဆိုကြောင့် အနှောင်အဖွဲ့တစ်ခု မဖြစ်စေချင်ဘူး။ မိမိလည်း စိတ်တည်ကြည်လွတ်လပ်မှုနဲ့ နေထိုင်လိုပါတယ်။ အနှောင်အဖွဲ့ဖြစ်စေမည့် ဘာကိုမှ ဘယ်သူ့ကိုမှ မပြုစေ မပြောစေချင်ပါဘူး။ လွတ်မြောက်ကြပါစေ။

ဘယ်အချိန်ဟာ အောင်မြင်တဲ့အချိန်လဲ


-Suffering arises out of desire not to suffer." " ဒုက္ခမဖြစ်လိုတဲ့ ဆန္ဒကြောင့် ဒုက္ခဖြစ်ရတာပါ။"


- တစ်လောကလုံး ရင်ဆိုင်နေကြရတဲ့ ဒုက္ခဟူသမျှဟာ လိုချင်ခြင်းကြောင့် ရရှိလာတဲ့ ဒုက္ခ များသာဖြစ်ကြတယ်။ မလိုချင်ပဲနှင့် ရရှိလာတဲ့ အရာတွေမဟုတ်ကြဘူး။


- လောကမှ မလွတ်မြောက်နိုင်သေးတဲ့ အောင်မြင်မှုမှန်သမျှဟာ အောင်မြင်မှု အစစ်အမှန် မဟုတ်ဘူး။ အောင်မြင်မှု ကျော်စောမှု ထင်ပေါ်မှုအတွက် အလုပ်လုပ်နေသူမှန်သမျှရဲ့ စိတ်ဟာ တဏှာကြောင့် ဆာလောင်နေတယ်၊ စိုးရိမ်နေတယ်၊ မ၀ံ့မရဲဖြစ်နေတယ်၊ မလိုမကျဖြစ်နေတယ်၊ သူတစ်ပါးလက်ခံအောင်ကြိုးစားဖို့ ကြောင့်ကြဗျာပါရများနေတယ်၊ တွေဝေနေတယ်၊ တုန်လှုပ် နေတယ်၊ မငြိမ်းချမ်းဘူး။


- တဏှာကြောင့် လိုနေတဲ့လောကကြီးက မိမိလိုချင်တာ ပေးနိုင်မည့်သူထံ သွားကြ လာကြတယ်။ မိမိလိုချင်တာ မပေးနိုင်ဘူးလို့ အထင်ရောက်တဲ့အခါ ဖယ်ခွါသွားကြမှာပါပဲ။ လိုချင်တာ ပေးနိုင် မယ်လို့ ယူဆတဲ့ တစ်ပါးသူတွေထံချဉ်းကပ်ဖို့ပေါ့။ အဲ့ဒီအခါမျိုးမှာ မတုန်လှုပ်ပါနဲ့။ ဒါဟာ လောက သဘာဝတစ်ခုပါ။ တစ်ပါးသူတို့ရဲ့ လက်ခံခြင်းဟာ လွတ်မြောက်လိုသူတွေအတွက် အနှောင်အဖွဲ့ တွေပါ။ အနှောင်အဖွဲ့ခံနေရတယ်လို့ သဘောမပေါက်နိုင်လောက်အောင် လိုချင်မှုတဏှာရဲ့ လှည့်ကွက်ကို သတ္တ၀ါတွေခံကြရတယ်။ တဏှာမရှိတော့တဲ့ အချိန်ရောက်မှ စိတ်ဟာလွတ်လပ် သွားမယ်၊ ငြိမ်းချမ်းသွားမယ်။


- တဏှာကင်းတဲ့အချိန်ဟာ အောင်မြင်တဲ့အချိန်ပဲ။ တဏှာကင်းသွားတဲ့အချိန်မှာ လွတ်မြောက်ခွင့် ရကြတယ်။ လွတ်မြောက်နိုင်ကြပါစေ။ (~ အရှင်ရေ၀တ)

မှန်ကန်တဲ့နည်းလမ်း


- ရန်သူတွေကို ဖျက်ဆီးချင်နေသူတွေအတွက် အကောင်းဆုံးနည်းလမ်းပေးလိုက်မယ်။ မိတ်ဆွေဖွဲ့ လိုက်ပါ။
- မိတ်ဆွေဖွဲ့လိုက်ရင် ရန်သူဆိုတာကို သတ်ဖြတ်ဖျက်ဆီးအဆုံးစီရင်လိုက်တာပါ။

ဆုံးရှုံးမှု


- တန်ဖိုးမသိရင် တန်ဖိုးရှိတဲ့သူတွေကို ဆုံးရှုံးရတတ်ပါတယ်။ 

လူ့တန်ဖိုးသိအောင်လုပ်ပါ


- လူ့တန်ဖိုးဟာ သက်မဲ့ပစ္စည်းအောက် မရောက်သင့်ဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သက်မဲ့ ပစ္စည်းလောက်တောင် တန်ဖိုးမထားဘူးဆိုရင် ဒီလောကကြီးကို လူ့တန်ဖိုးသိတဲ့ လောကလို့ မခေါ်နိုင်ဘူး။ သက်မဲ့ပစ္စည်းနဲ့ ဂုဏ်သိက္ခာကို အလဲအလှယ်လုပ်နေကြတာ, သက်မဲ့ပစ္စည်းအတွက် ငြင်းခုန် စကားများနေကြတာ, သက်မဲ့ပစ္စည်းအတွက် သက်ရှိတွေကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေကြတာ ဘာကိုတန်ဖိုးထားကြတာလဲ၊ ဒီလိုလူတွေဟာ လူမဖြစ်ကြသေးဘူး၊ အသိဥာဏ်မရှိတဲ့ တိရစ္ဆာန်အတင့်မှာပဲ ရှိနေကြသေးတယ်။

ကျွန်ုပ်၏ဆန္ဒ


- မိမိနေထိုင်တဲ့တိုင်းပြည်, မိမိနေထိုင်တဲ့နေရာ, မိမိနေထိုင်သီတင်းသုံးတဲ့ ကျောင်းတိုက်ဟာ ဘယ်လိုတိုင်းပြည် ဘယ်လိုနေရာ ဘယ်လိုကျောင်းတိုက်မျိုးပေါ့လို့ ဂုဏ်ယူစွာပြောဆိုလိုတဲ့စိတ် ကိန်းဝပ်လာတဲ့သူတွေကို တွေ့ချင်သလိုပါပဲ အဲဒီလိုနေထိုင်နေကြတဲ့ ပုဂ္ဂိုလ်တွေကြောင့်လည်း နေရာဟာ ဂုဏ်တင့်နေတာကို နေမြင့်ရှည်ကြာမြင်လိုလှပါတယ်။

အသစ်တဖန် မွေးဖွားခွင့်ပြုပါ


- လူဆိုတာ အသိဥာဏ်ရှိတဲ့သူ, ကောင်းချင်တဲ့သူ, တိုးတက်ချင်တဲ့သူပါ။ သတိလွတ်ကင်းလို့ တစ်ချိန်ကမှားခဲ့ပေမယ့် မိမိကိုယ်ကိုပြန်လည်ပြုပြင်ပီး ဖြစ်နေတဲ့ပုဂ္ဂိုလ်တွ လောကမှာ များစွာ ရှိနိုင်ပါတယ်။ ဒါကြောင့် နေ့သစ်တွေမှာ တွေ့ဆုံရတဲ့သူတွေကို ဘ၀သစ်တဖန် မွေးဖွားလာတဲ့ သူတွေအဖြစ် ကြည့်တတ်အောင်လေ့ကျင့်မယ်။

သက်တမ်းရှိသလောက် ရပ်တည်သွားစမ်းပါ


- တစ်လောကလုံး တရားပျက်နေကြရင်တောင် တရားမပျက်စေရဘူး။ လူမိုက်တွေအကြောင့် စဉ်းစားပီးစိတ်မပျက်ပါနဲ့။ ဆူးနွယ် ချုံရှုပ်တွေပေါများတဲ့ တောကြီးထဲက သစ်ပင်ကြီးဟာ ဆူးနွယ် ချုံရှုပ်တွေမည်မျှပင်ရှိနေပါသော်လည်း သက်တမ်းရှိသလောက် သူရဲ့ဘ၀ကို ငါဟာသစ်ပင်ကြီးပါလို့ ကွဲကွဲပြားပြား ရပ်တည်သွားသလိုပဲ ... မိမိအကြောင်း မိမိသိတဲ့ပုဂ္ဂိုလ်ဟာ ဆူးနွယ် ချုံရှုပ် ကဲ့သို့သော ကျေးဇူးမဲ့ပြုတတ်သူတွေ ရှိနေပါသော်လည်းပဲ သက်တမ်းရှိသလောက် ငါဟာ ကျေးဇူးပြုသူတွေရဲ့ ကျေးဇူးကိုသော်လည်း ပြုနေသူပါလို့ မပြောသော်လည်း ပြောသကဲ့သို့ မိမိဘ၀ကို ကွဲကွဲပြားပြားရပ်တည်သွားမယ်။

ညီညွတ်ဖို့ဆိုရင်


- ညီညွတ်ဖို့ဆိုရင် တစ်ဦးနဲ့တစ်ဦး ကဲ့ရဲ့ခြင်းကို မပြုလုပ်ပါနဲ့၊ ကဲ့ရဲ့ခြင်းဟာ သွေးကွဲခြင်းရဲ့ သပ်လျှိုမှုဖြစ်တယ်။ ညီညွတ်ဖို့အတွက် တစ်ဦးကိုတစ်ဦး ပြုပြင်ဖေးမရမယ်။
- ပြုပြင်ဖေးမခြင်းဟာ ညီညွတ်သွေးစည်းခြင်းရဲ့ စည်းကြိုးဖြစ်တယ်။ မအောင့်အီးနိုင်လို့ သူတစ်ပါးအကြောင်းကို ပြောချင်ရင် ကောင်းတာလေးတွေကို ရွေးပြောပါ။  

(~ ဘဒ္ဒန္တပညာဘောဂ (ဆဌသင်္ဂီတိထေရ)
- စေတနာကို မကြည့်ပဲ လူပြောသူပြောမျှကို ကြည့်မယ် အလေးဂရုပြုမယ်ဆိုရင် အမှန်ကိုသိခွင့်ရဖို့ မလွယ်တော့ဘူး။

ခွင့်လွတ်ခြင်းဆိုတာ


- ခွင့်လွှတ်ခြင်းဆိုတာ စိတ်ခွန်အား နှုံ့သူတွေရဲ့ အလုပ်မဟုတ်ဘူး။ ခွင့်လွှတ်ခြင်းဆိုတာ စိတ်ခွန်အားကြီးမြင့်သူတို့ရဲ့ အရည်အချင်းသာဖြစ်တယ်။ ဒါကြောင့် The weak can never forgive. Forgiveness is the attribute of the strong. လို့ မဟတ္တဂန္ဓီကြီးက ဆိုခဲ့တယ်။


* ဖားအောက်တောရ နိုင်ငံတကာ သာသနာပြုကျောင်းတော်ကြီးမှ ဓမ္မဒါနလက်ကမ်းစာစောင်အား ပြန်လည်ကူးယူဖြန့်ဝေခြင်း ဖြစ်ပါသည်။ *

by သံ စဉ်

Views: 129

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service