ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကွာသုံးကွာ၊ ပါသုံးပါ၊ ချာသုံးချာ

ကွာသုံးကွာ၊ ပါသုံးပါ၊ ချာသုံးချာ

ကျွန်တော့ဖခင်ကြီး ပြောသော ပုံပြင်များထဲက အကြောင်းတခုကို (သီတင်းကျွတ်ရက်တွင် ရာရောက်ကန်တော့ကြသော) တူမနှင့်မြေးများ (ယခုအခါ ကျွန်တော့သမီးနှင့် အရွယ်တူများ) ဖတ်ဖို့ ပြောလိုပါသည်။

ဖခင်ကြီးက အိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုရင် မလွဲမသွေ ရှောင်ရမယ့် အချက်က ကွာသုံးသွာ၊ ပါသုံးပါ၊ ချာသုံးချာပဲ။ ဒီသုံးပါး သုံးမျိုးကို ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မိမိနှင့် လက်တွဲမယ့်သူမှာ ပါလာရင်တော့ ဝေးဝေးက ရှောင်ပေတော့။

အဲဒီ သုံးမျိုးသုံးပါး ပါနေတာကို သိပါလျက်နဲ့ အသိဉာဏ် နည်းပါးလို့ ပဲဖြစ်ဖြစ်၊ အသိဉာဏ်ရှိပင် ရှိငြားသော်လည်း မိမိရဲ့ စိတ်အလို လိုက်လို့ပဲ ဖြစ်ဖြစ်၊ မလွှဲမရှောင်သာလို့ပဲ ဖြစ်ဖြစ်၊ တဇွတ်ထိုး လုပ်လိုတဲ့စိတ်ကြောင့်ပဲ ဖြစ်ဖြစ် ဘေးဖယ်ပြီး စဉ်းစားလို့ လက်တွဲလိုက်ပြီးရင်တော့ ဘ၀မှာ အမှားနှင့် တသက်လုံး ရင်ဆိုင်ရလိမ့်မယ်၊ အိမ်ထောင်သည်ဘ၀ရောက်ပြီးမှ အမှားကို ပြင်ပါရစေလို့ဆိုရင် နောက်ကျသွားပြီ၊ အိမ်ထောင်သည်ဘ၀ဟာ တခါရေးပြီးတိုင်း တခါဖျက်ပြီး အသစ်ပြန်ပြင်ရေးနိုင်တဲ့ ကျောက်သင်ပုန်း မဟုတ်ဘူးဆိုတာ သတိချပ်သင့်တယ်။

( ကွာသုံးသွာ-ဆိုတာ )


၁။ တိုင်းပြည်နှင့် လူမျိုး ကွာလျှင်
၂။ အယူဘာသာ ကွာလျှင်
၃။ စိတ်ဓာတ်ချင်း ကွာလျှင်-တို့ပဲ ဖြစ်တယ်။


အပေါ် ၁-နှင့်-၂ က တိုင်းခြားပြည်ခြား လူမျိုးခြားနှင့် ဘာသာခြားပဲ ဖြစ်တယ်။ တခြားတိုင်းတပါးသား၊ မိမိတိုင်းရင်းသား မဟုတ်တဲ့ လူမျိုးခြားနှင့် မိမိနှင့် ဘာသာ ကိုးကွယ်ရာ မတူတဲ့ ဘာသာခြားကို ယူမိရင်တော့ မိမိဟာ ကိုယ့်တိုင်းပြည်ကို စွန့်ရလိမ့်မယ်။

 

ကိုယ့်လူမျိုးရဲ့ ဓလေ့ဘာသာ ယဉ်ကျေးမှုကို စွန့်ရလိမ့်မယ်။ အဆုံးစွန်ကတော့ နိဗ္ဗာန် အဆုံးရှိသည့် ဗုဒ္ဓဘာသာမှ အခြားတပါးသော ဘာသာတခုခုကို ကူးပြောင်းရလိမ့်မယ်။ (မိမိက မပြောင်းရစေဦး မိမိက မွေးတဲ့ သားသမီးက စပြီး အစဉ်တစိုက် ဘာသာခြားပြောင်းသွားရလျှင်) မိမိအဖို့ တဘ၀လုံးသာမက တသံသရာလုံး ရှုံးတာပါပဲ။ ဒါကြောင့် ဘာအကြောင်းပြချက်နှင့်မျှ တိုင်းပြည်နှင့် လူမျိုးကွာလျှင် ဘာသာကွာလျှင် လက်ထပ်ဖို့ ဘ၀အဖော်အဖြစ် လက်တွဲဖို့ မစဉ်းစားပါနဲ့။

လူမျိုးတူ ဘာသာတူပင် ဖြစ်စေဦးတော့ စိတ်ဓာတ်ချင်း ကွာလျှင်လည်း တမိုးအောက်မှာ နှစ်ယောက်အတူနေဖို့ မစဉ်းစားပါနဲ့။ တယောက်က ရုပ်ရှင် ဂီတ စတဲ့ အပျော်အပါး ကြိုက်တယ်၊ တယောက်က ၀ါသနာမပါဘူးဆိုလျှင် အကြိုက်မညီတာကြောင့် သမီးရည်းစားဘ၀မှာ ဟန်ဆောင်အလိုလိုက်ပေးနေပေမဲ့ အိမ်ထောင်သည် ဖြစ်လာပြီဆိုလျှင် အပြစ်မြင်လာမှာ သေချာတယ်။

 

အလားတူပဲ အခြားကိစ္စများစွာမှာ အကြိုက်မတူ စရိုက်မတူတာတွေရှိလျှင် စောစောကတည်းက စဉ်းစားသင့်ပါတယ်။ အရက်ကြိုက်တဲ့ ယောက်ျားကလေး တယောက်ဟာ ရည်းစားသည်ရှေ့မှာ မသောက်ပေမဲ့ ကွယ်ရာမှာ သောက်မှာပါပဲ၊ ငါ့ကို ချစ်လို့ အရက်တောင် မသောက်တော့ဘူးလို့ ထင်ရင် မှားပါလိမ့်မယ်။

 

ငါပြောတာ နားထောင်တယ်၊ ငါနှင့် ရပြီးရင် ပြင်ပြီး ယူမယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဖန်တီးပေးနိုင်တဲ့၊ အနိုင်ရနေတဲ့သူအဖြစ် ထင်မိရင်တော့ အိမ်ထောင်မကျမီသာ ဟန်ဆောင်ထားတဲ့ မင်းသားခေါင်းအဖြစ် တွေ့ရတော့မှာမို့ မိမိကိုယ် မိမိ အထင်ကြီးပြီး စိတ်ဓာတ်ချင်း စရိုက်ချင်း မတူတဲ့သူနဲ့ လက်တွဲဖို့ လုံးဝ မစဉ်းစားတာအကောင်းဆုံးပါပဲ။

( ပါသုံးပါ-ဆိုတာ)
၁။ အနာရောဂါ ပါလာလျှင်
၂။ အကြွေး ပါလာလျှင်
၃။ အပိုစားမည့် (လူပိုတွေ) ပါလာလျှင်-တို့ပဲ ဖြစ်တယ်။


အနာရောဂါ ပါလာလျှင်ဆိုတာ ရှင်းပါတယ်။ နှလုံးရောဂါ အစရှိတဲ့ ရောဂါသည်တွေကို သနားပြီး လက်ထပ်တာမျိုး၊ ယခုခေတ်တွင် AIDS ကဲ့သို့ ရောဂါမျိုးနှင့် အခြားရောဂါကြီးမျိုး ရှိနေသူတို့ကို ဇွတ်မှိတ် လက်ထပ်တာမျိုးပါ။ ခေတ္တခဏ နာဖျားမကျန်း မဟုတ်သော နာတာရှည်ရောဂါမျိုး ရှိသူတို့ အကျုံးဝင်ပါတယ်။

အကြွေးပါလာလျှင်ဆိုတာ လက်မထပ်မီကတည်းက အကြွေးတင်နေလျှင် သည်အိမ်ထောင်ဟာ အညွှန့်လူဖို့ အတော်ခဲယဉ်းသွားပါပြီ။ အကြွေးသဘာဝ ရိုးရိုး ဆပ်ရသော အကြွေးနှင့် အတိုးပါ ဆပ်ရသော အကြွေးရှိတာမို့ အတိုးတက်အကြွေးမျိုးဆိုလျှင် အိမ်ထောင်သည်ဘ၀မှာ ပြေဖို့ ကြေဖို့ ခက်ပါပြီ။ ဤနေရာတွင် အကြွေးနှင့် ၀ယ်ယူ ၀တ်ဆင်တတ်တဲ့ အမျိုးသမီးတို့၏ စရိုက်ဟာ အိမ်ထောင်သည်တို့ အတွက် ၀န်ထုပ်ဝန်ပိုးတခု ဖြစ်ပါတယ်။ ဒီလို မိန်းကလေးမျိုးကို ရှောင်သင့်ပါတယ်။

အပိုစားမည့် (လူပို) ပါလာလျှင် အထူး သတိပြုသင့်ပါတယ်။ လူပိုပါလို့ ကျွေးမွေးနိုင်သည် ဖြစ်စေဦး၊ စကားပိုလာသည့် အတွက် ရှင်းရတဲ့ပြဿနာက အဆိုးဆုံးပါပဲ။ လင်မယားနှစ်ယောက်ကိစ္စမှာ အတူလာနေမည့် ညီ-ညီမ၊ အမေ အဖေက အစ အားလုံးဟာ စားသောက်ရုံသက်သက်နဲ့ ပြီးမသွားဘဲ စကားပိုတွေကြောင့် လင်မယားကြား စိတ်ဝမ်းကွဲပြီး ချစ်ခင်မှုကို ပျက်ပြားစေပါတယ်။ အိမ်ထောင်ပြုပြီးလျှင် အကောင်းဆုံးက နှစ်ယောက်တည်းနေဖို့ ဖြစ်နိုင်အောင် အားထုတ်ဖို့ပါပဲ။

 

နှစ်ဖက်မိဘများ ရှိလို့ တဖက်ဖက်မှာ နေတာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေမှာ သေချာပါတယ်။ ယောက်မ၊ ခယ်မ၊ ယောက္ခမ စတာတွေဟာ တယောက်ကို တယောက် အကောင်းမြင်ခဲပါတယ်။ ဝေးဝေးက ပေးကမ်းနေပြီး အခါကြီး ရက်ကြီးနှင့် တခါတရံသာ အတူနေသင့်တဲ့ ဥပဒေအရ (လူ့စည်းကမ်းအရ) တော်ရတဲ့ ဆွေမျိုး in-law တွေပါ၊ ဒါကြောင့် အပိုလူ ပါလာလျှင် အစောကြီးကတည်းက နားလည်မှု ရယူပြီး မိမိဘ၀ မိမိနှစ်ယောက်တည်း ထူထောင်ဖို့ စဉ်းစားပြင်ဆင်သင့်ပါတယ်။

( ချာသုံးချာ )


အရေးအကြီးဆုံးဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေးလို့ ဆိုရမယ့် (အထူးသဖြင့် အိမ်ထောင်ကို ဦးဆောင်မှု ပေးရမယ့် အမျိုးသားများအတွက် အဓိကဖြစ်တဲ့) အချက်ချာ သုံးချာဆိုတာ-
၁။ ပညာရေး ချာလျှင်
၂။ စီးပွားရေး ချာလျှင်
၃။ လူမှုရေး ချာလျှင်-တို့ပဲ ဖြစ်တယ်။
အချက် ၁-ပညာရေးက အဓိကပါပဲ၊ ၁-ချာလျှင် ၂-နှင့်-၃ က ကျိန်းသေ ချာမှာပါပဲ၊ (တခါတရံ လူမှုရေးတော်ပြီး ပညာနှင့် စီးပွားချာတာ ရှိတတ်ပေမဲ့ ခြွင်းချက်ပါပဲ) အဓိကမှာ ပညာပါပဲ။

 

ပညာဆိုရာမှာ အတန်းပညာက လူတယောက်ရဲ့ အသိဉာဏ်၊ အတွေးအခေါ်၊ ဆင်ခြင်တုံတရားနှင့် ကိုယ်ရည်ကိုယ်သွေးကို မြင့်မားစေတာမို့ ပညာတတ်တယောက်ဖြစ်ဖို့ လိုပါတယ်၊ ပညာကို အဆင့်ဆင့် မခွဲဘဲ သုံးနှုန်းတာမို့ သက်မွေးဝမ်းကျောင်းပညာ (ဥပမာ စက်ပြင်၊ ယာဉ်စက်ပြင်၊ လျှပ်စစ်ပြင်၊ နာရီပြင်မှစသော သက်မွေးပညာ တမျိုးမျိုး တတ်တာမျိုး၊ ရောင်းတတ် ၀ယ်တတ်တာမျိုးမှအစ) အကျုံးဝင်ပါတယ်။

 

အဓိကမှာ ပညာ ဆုံးခန်းတိုင်သောသူ ဖြစ်ပြီး အသိဉာဏ် ဆင်ခြင်တုံ မြင့်မားတာမျိုး ဖြစ်လျှင် အကောင်းဆုံးပါပဲ၊ ပညာ ပြည်ဝသောသူ များစွာဟာ စီးပွားရေးမှာ ချာတာ နည်းပါတယ်၊ မချမ်းသာပေမဲ့ မဆင်းရဲပါဘူး၊ (ဘွဲ့ရတာချင်း တူလျှင် သက်မွေးဝမ်းကျောင်း ပညာဘွဲ့ ဖြစ်တဲ့ စက်မှု၊ ဆရာဝန်၊ လေကြောင်း၊ ရေကြောင်းသိပ္ပံ၊ သူနာပြု၊ စီးပွားရေး စတဲ့ ပညာတတ်များက အလုပ်ရတာ၊ ဘ၀ဖူလုံတာ၊ ၀င်ငွေကောင်းတာ တွေ့ရမှာပါပဲ)။

ပညာရေးနှင့် စီးပွားရေးဟာ ဆက်စပ်နေပါတယ်။ တခုမြင့်လာလျှင် ကျန်တခုဟာ အချိုးတူ မြင့်လာပါတယ်။ တခု နိမ့်ကျနေလျှင် ကျန်တခု နိမ့်ကျဖို့ သေချာပါတယ်။ ပညာမတတ်ဘဲ ချမ်းသာနေတဲ့ လူတွေကို တွေ့ရပေမဲ့ ပညာမတတ်ခဲ့လျှင် ငွေပင် ရှိစေဦးတော့ ပွဲလယ် မတင့်တယ်ပါဘူး။ ပညာနှင့် သက်မွေးဝမ်းကျောင်းမှု မပြုဘဲ ချမ်းသာလာတဲ့သူ အများစုဟာ အနေအထိုင်၊ စရိုက်၊ ဟန်ပန်တွေမှာ ပညာတတ်သူကို မမီနိုင်ဘဲ ငွေပေါတာက လွဲပြီး အသိဉာဏ် နည်းတတ်ပါတယ်။

ဤတွင် ကျွန်တော့်ဖခင်ကြီးပြောသော ကွာသုံးကွာ၊ ပါသုံးပါ၊ချာသုံးချာ-ကို ဖခင်ကြီးတို့ခေတ်က အပြောအဆိုများကို ယနေ့ခေတ် လူငယ်များ နားလည်အောင် ပြောစကားဖြင့် ပြင်ဆင် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့်တူမနှင့် မြေးမလေးများကို အကြောင်းပြု၍ သက်တူ ရွယ်တူနှင့် ဘ၀တူများ ဆင်ခြင်နိုင်ကြရန် အကျိုးရှိသော စကားကို ပြောရပါသည်။

အပြစ်တင်ခြင်းသည် အကျိုးမရှိပါ၊ ထို့ကြောင့် အပြစ်တင်မည့်အစား ချစ်ခင်စွာ ဆိုအပ်သော ဤအကြောင်းများကို ဆင်ခြင်၍ အကောင်းကို ရွေးချယ်နိုင်ပါစေ၊ အမှန်ကို တွေ့ပါစေဟု ဆုတောင်းပါသည်။

မောင်ကောင်းမြင့်
(အပျိုစင် ၂၀၀၅-ခု ဖေဖော်ဝါရီလ)

Views: 145

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service