ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ပညတ်နှင့် ပရမတ်…

ပညတ်နှင့် ပရမတ်…

 

ပညတ်နှင့် ပရမတ်ဟူသော စကားများကို အတော်များများ ကြားသိနေကြမည် ဖြစ်၏။ စာပေများ တွင်လည်း အရေးများသကဲ့သို့ ဆရာတော် အတော်များများကလည်း ဟောပြောပေးနေသဖြင့် ရင်နှီးနေသော စကားများ ဖြစ်၏။ သို့သော် တိကျသည့် အဓိပ္ပါယ်နှင့် ဆိုလိုရင်းကိုကား မသိသူ များလှ၏။ အများပညတ်ဟူ၍ ပညတ်နေကြ၊ အများပရမတ်ဟူ၍ ပရမတ်နေကြသော်လည်း ထိုစကားများ၏ အနက်အဓိပ္ပါယ်ကို ပြောပါဟုဆိုသော် မပြောနိုင်သူက များနေကြမည်သာ ဖြစ်၏။

 

အချို့မှာ ပညတ်ဟူသော စကား၊ ပရမတ်ဟူသော စကားများကို တွင်တွင်သုံးနေကြသော်လည်း လက်တွေ့ပိုင်းတွင် ပညတ်များဖြင့် ရှုတ်ထွေးနေပြီး စစ်မှန်သည့် ပရမတ်သဘောကို မသိသဖြင့် ပညတ်ကို ပရမတ်ဟု ထင်နေသူများအဖြစ် ရှိနေတတ်၏။ အချို့လည်း ပညတ်နှင့် ပရမတ် မကွဲ သဖြင့် ပရမတ်ယောင်ယောင် ပညတ်ယောင်ယောင်ဖြစ်ကာ လိုအပ်လျှင် အရာရာကို ပညတ်ဟု ဆိုသူများလည်း ရှိနေတတ်၏။ စင်စစ် ပညတ်နှင့် ပရမတ်ကို ၀ိပဿနာဉာဏ်ဖြင့် မခွဲခြားနိုင်သေး သမျှ လွဲမှားနေကြမည် ဖြစ်သော်လည်း သညာသိအားဖြင့်ကား ထိုအသုံးများသည့် ပညတ်နှင့် ပရမတ်တို့၏ အနက်အဓိပ္ပါယ်ကို သိထားရန် လိုအပ်လှ၏။ ထို့ကြောင့် စာပေအဖွင့်များနှင့်အညီ ပညတ်နှင့်ပရမတ်အကြောင်း အနည်းငယ် တင်ပြရခြင်း ဖြစ်ပါ၏။

ပညတ္တိအတ္ထ၊ ပရမတ္ထဟူသော စကားများကို မြန်မာမှုပြုကာ ပညတ်၊ ပရမတ်ဟု အလွယ်ပြောဆို နေကြသည့် ထိုစကားများ၏ မူရင်းအနက်အဓိပ္ပါယ်ကို ဗုဒ္ဓအဘိဓမ္မာ စာပေများတွင် ဥပမာ အမျိုးမျိုးဖြင့် ရှင်းလင်းဖွင့်ဆိုထား၏။ ဘာသာဋီကာ ကျမ်းပြုဆရာတော် အရှင်မြတ်ကလည်း ပညတ္တိ အတ္ထ၊ ပရမတ္ထတို့၏ အဓိပ္ပါယ်များကို သဂြုင်္ိဟ်ဘာသာဋီကာ ကျမ်းစာတွင် ဖွင့်ဆိုရှင်းပြထား၏။ ဘာသာဋီကာကျမ်းပြု ဆရာတော် အရှင်ဇနကာဘိဝံသက “လူနတ်ဗြဟ္မာ စသော သက်ရှိသတ္တ၀ါ အကောင်အထည် ဒြဗ်နှင့် ရေမြေတောတောင် အိမ်ကျောင်းစသော သက်မဲ့အရာဝတ္ထု ဟူသည်ကို ပညတ္တိအတ္ထဟု ဆိုကြောင်း၊ ရှေးလူကြီးသူမတို့ သမုတ်ထားအပ်သော အနက်ဒြဗ်ဖြစ်သောကြောင့် ထိုပညတ္တိအတ္ထကို သမ္မုတိအတ္ထဟုလည်း ဆိုကြောင်း” စသည်ဖြင့် ပညတ်၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြ၏။

 

ပရမတ္ထ၏ အဓိပ္ပါယ်နှင့် ပတ်သက်၍လည်း “ပရမတ္ထဟူသည် မုချဆတ်ဆတ်ဖြစ်သော အနက် သဘော၊ ဗလောင်းဗလဲ ပြောင်းလဲခြင်းသဘော မရှိသော အနက်သဘောကို ဆိုကြောင်း” စသည်ဖြင့် ရှင်းပြ၏။ ထိုပညတ် ပရမတ်တို့တွင် ပညတ်သည် အကယ်စင်စစ် ထင်ရှားမရှိလှပေ။ ပုထုဇင်တို့က အဟုတ်အမှန် ရှိသည်ဟု ထင်ကြသော်လည်း အသေအချာ ခွဲခြမ်းစစ်သည့်အခါ အမှန်တကယ်မရှိ ဖြစ်နေတတ်ပေ၏။ လူကောင်ကြီးကို စစ်ဆေးလျှင် ဆံပင်အမွေးစသည့် ကောဋ္ဌာသ အစုအဝေးကိုသာ တွေ့ရမည်ဖြစ်ပြီး လူကိုတွေ့ရမည် မဟုတ်ပေ။

 

ထို့အတူ ဆံပင်အမွေး စသည်ကို စစ်ဆေးပြန်လျှင်လည်း ဆံပင် အမွေးစသည်ကို မတွေ့ရဘဲ ရုပ်အစုအဝေးကိုသာ တွေ့ရမည်ဖြစ်၏။ ဤသည်မှာ ပညတ်ဟူသမျှတို့၏ သဘောပင်ဖြစ်၏။ လောက အမှတ်အသားများအရ ရှိသည်ဟု ဆိုရသော်လည်း ဉာဏ်ဖြင့် စစ်ဆေးကြည့်သည့်အခါ အထင်အရှား မရှိတတ်ကြပေ။ ရုပ်နာမ်ဟူသော ပရမတ်သည်သာ အမှန်ရှိနေပြီး ဉာစ်ဖြင့် စစ်ဆေးနိုင်လေ အမှန်ရှိကြောင်း ထင်ရှားလေ ဖြစ်ပေ၏။ ထို့ကြောင့် ပညတ်သည် ရှိသော်လည်း မရှိသည့်တရား၊ ပရမတ်သည်ကား ကြည့်နိုင်လေ ရှိလေတရားဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

ထို့အတူ ပညတ်သည် ဖောက်ပြန်တတ်သည့် တရားဖြစ်ပြီး ပရမတ်သည်ကား မဖောက်ပြန် တတ်သည့် တရားဖြစ်သည်မှာလည်း ထင်ရှားလှ၏။ ဥပမာအားဖြင့် လူဟူသော ခန္ဓာကိုယ်ဒြပ် အထည်ပညတ်ကြီးကို ဖျက်စီး၍ ဆံပင်တစ်ပုံ၊ အမွေးတစ်ပုံ၊ ခြေသည်းလက်သည်း တစ်ပုံ၊ အရိုးတစ်ပုံ၊ သွားတစ်ပုံ၊ အရေတစ်ပုံ စသည်ဖြင့် စုပုံထားလျှင် လူမဟုတ်တော့ပေ။ လူဟူသော ပညတ်ကြီး ဖောက်ပြန်သွားပြီ ဖြစ်၏။ ဆံပင်အမွေးစသည့် ပညတ်များသာ ရှိလေတော့၏။

 

ထို ဆံပင်အမွေးစသည့် အစုပုံများထဲမှ အရိုးဟူသော ပညတ်အစုကိုလည်း မီးရှို့ဖျက်စီးလိုက်ပါက အရိုးဟူသည် မရှိတော့ဘဲ အရိုးဟူသော ပညတ်မှ မီးသွေးပြာဟူသော ပညတ်သို့ ပြောင်းလဲသွားလေတော့၏။ ထိုမီးသွေးကိုလည်း မှုန့်မှုန့်ညက်ညက် ထောင်းထုပြန်လျှင် မီးသွေးမဟုတ်တော့ဘဲ မြေမှုန့်အဖြစ် ပြောင်းသွားပြန်၏။ ဤသည်မှာ ပညတ်ဟူသမျှတို့၏ ထာဝရမတည် ဖောက်ပြန်ပြောင်းလဲတတ်သည့် သဘောပင် ဖြစ်၏။

ပရမတ်သဘောသည်ကား မည်သည့်အချိန်၊ မည်သို့သော အရာများတွင်မှ ပြောင်းလဲ ဖောက်ပြန်ခြင်း သဘောမရှိလှပေ။ ဥပမာအားဖြင့် ရုပ်နာမ်တရားတို့တွင် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော ဓာတ်ကြီးလေးပါး သဘောတရားများ ပါရှိ၏။ ပထ၀ီဓာတ်သည် ခိုင်မာခြင်း (ကက္ခဠ) သဘောရှိ၏။ ထို့ကြောင့် မည်သည့် ရုပ်နာမ်တွင်မဆို ထိုသဘောကို တွေ့ရမည် ဖြစ်၏။ အထက်တွင် ဆိုခဲ့သည့် မြေမှုန့်တွင်လည်း ဤပထ၀ီဓာတ်မှုန့်များ များစွာပါရှိ၏။ ထိုပထ၀ီဓာတ်၏ ခိုင်မာခြင်း (ကက္ခဠ) သဘောကို ဖွဲ့စည်းခြင်း (အာဗန္ဓ) သဘောသို့ ပြောင်းလွဲသွားအောင် ပြောင်း၍ မရပေ။

 

ထို့အတူ စိတ်၏အာရုံကို သိခြင်း (၀ိဇာနန) သဘောကို တွေ့ထိခြင်း (ဖုသန)စသော သဘောသို့ လည်းကောင်း၊ ဖဿ၏ တွေ့ထိခြင်း (ဖုသန) သဘောကို ခံစားခြင်း (အနုဘာဝ)စသော သဘောသို့လည်းကောင်း စသည်ဖြင့် ပြောင်းလဲသွားအောင် မည်သူမျှ မပြုလုပ်နိုင်ပေ။ နိဗ္ဗာန်၏ ငြိမ်းအေးခြင်း (သန္တိ) သဘော၏ မဖောက်ပြန်မှုကား ဆိုဖွယ်မရှိလှပေ။ အလားတူပင်။ လောဘ စသည် တို့သည်လည်း လိုချင်မှုစသော သဘောမှ မပြောင်းလဲ၊ အလောဘစသည် တို့သည်လည်း မလိုချင်မှု သဘောမှ မပြောင်းလဲကြဘဲ မိမိ၏ မဖောက်ပြန်ခြင်း ပရမတ်သဘောအတိုင်း တစ်သမတ်တည်းပင် တည်ရှိနေလေ၏။ ကောင်းလျှင်လည်း ကောင်းသည့်အတိုင်း၊ မကောင်းလျှင် လည်း မကောင်းသည့်အတိုင်းသာ တည်ရှိနေပေ၏။ ဤသည်မှာ ပရမတ်ဟူသမျှတို့၏ မဖောက်ပြန်ခြင်း၊ မပြောင်းလဲခြင်း သဘောပင် ဖြစ်ပါ၏။

စင်စစ် ပညတ်နှင့် ပရမတ်တို့သည် ဆက်စပ်နေသည့် တရားများဖြစ်ပြီး အသီးသီး အမှီပြုကာ အကျိုးပြုနေသည့် တရားများဖြစ်၏။ ပညာရှင်တို့အဆိုအရ နှမ်းမှ ဆီကို ထုတ်ယူရသကဲ့သို့ ပရမတ်အနှစ်ကိုလည်း ပညတ်မှပင် ဉာဏ်ဖြင့် ထုတ်ယူကြရမည်သာ ဖြစ်၏။ ဥပမာအားဖြင့် လူဟူသော ပညတ်ကို ဉာဏ်ဖြင့် ခွဲဖျက်၍ ဆံပင်တခြား၊ အမွေးတခြား၊ ခြေသည်းလက်သည်း တခြား၊ သွား၊ အရေ၊ အရိုး၊ အကြော စသည် တခြားအဖြစ် ခွဲကြည့်လျှင် လူဟူသည့် ပုံသဏ္ဌာန် မရှိဘဲ ဆံပင်၊ အမွေး စသည်သာ ရှိမည်ဖြစ်၏။

 

ထိုဆံပင်စသည် များသည်လည်း ပညတ်များသာ ဖြစ်၏။ ဆံပင်စသည်ကို ထပ်၍ စစ်ဆေးကြည့်လျှင် သေးငယ်သည့် အဋ္ဌကလာပ် ရုပ်လေးများသာ ပူးတွဲပေါင်းစပ်နေသည်ကို တွေ့ရမည်ဖြစ်၏။ ထို့ကြောင့် ဆံပင်စသည့် အခေါ်အဝေါ်များသည် အမှန်တကယ် မရှိသည့် ပညတ်များဖြစ်ပြီး ထိုဆံပင်စသည်တို့တွင် အမှန်ရှိသည်မှာ သေးငယ်သည့် အဋ္ဌကလာပ် ရုပ်လေးများခေါ် ပရမတ်များသာ အမှန်ရှိနေသည်များ ဖြစ်ကြောင်းတွေ့ရမည် ဖြစ်၏။ ဤသို့သော ရုပ်ကလာပ်များဖြစ်သည့် ပရမတ်သဘောများအထိ မြင်အောင် ထုတ်ယူကြရမည်သာ ဖြစ်ပါ၏။

ထို့အပြင် လူဟူသောဒြဗ်တွင်လည်း အာရုံကို သိတတ်ထိတတ် ခံစားတတ်သည့် စိတ် ဝေဒနာ ဖဿစသည့် နာမ်ပရမတ်များလည်း ရှိနေသည်ကို တွေ့ရမည်ဖြစ်၏။ အစစ်အမှန် ထုတ်ယူရမည် ဆိုလျှင် လူဟူသော သက်ရှိပညတ်မှ ရုပ်နာမ်ဟူသော ပရမတ်ကို ထုတ်ယူကြရမည် ဖြစ်၏။ ထို့အတူ သတ်မဲ့ပညတ် တို့တွင်လည်း တောဟူသည် သစ်ပင်အများ စုပေါင်းနေသော အရာဝတ္ထု များသာ ဖြစ်ပြီး ထိုသစ်ပင်များကို တစ်ခုချင်း ခွဲခြားကြည့ှ်လျှင် တောဟူသည် ပြစရာ မရှိလှပေ။ ထိုသို့သော သက်မဲ့ပညတ်များမှလည်း အဋ္ဌကလာပ်ရုပ်ဟူသော ပရမတ်သဘောကို ထုတ်ယူကြရ မည်သာ ဖြစ်ပါ၏။ ဤသို့လျှင် သက်ရှိသက်မဲ့ ပညတ်များမှ ရုပ်နာမ်ဓမ္မဟူသော ပရမတ်သဘောကို ထုတ်ယူကြရန် တိုက်တွန်းကြခြင်း ဖြစ်၏။

စင်စစ် ထိုသို့တိုက်တွန်း သမှုပြုကြသော်လည်း ထိုပညတ်နှင့် ပရမတ်သဘောကို အမှန်အစစ်သိရန် မလွယ်လှပေ။ အထူးသဖြင့် ပုထုဇင်တို့သည်ကား ပရမတ်၏ သဘောအမှန်ကို မသိနိုင်ကြပေ။ အကောင်အထည် ပုံဟန်များက ဖုံးအုပ်ထားသဖြင့် ပညတ်များအပေါ်တွင်သာ စိတ်အစဉ် ကျက်စား နေလေ့ရှိကြပေ၏။ အရိယာသူတော်ကောင်း များသည်သာ လူကောင်နတ်ကောင် အရာဝတ္ထု စသည့် အထည်ဒြဗ်များကိုခွာ၍ ရုပ်နာမ်ဓမ္မဟူသော ပရမတ်သဘောကို သိနိုင်ကျက်စားနိုင်ပေ၏။ ထို့ကြောင့် ပုထုဇင်များအနေဖြင့် မည်မျှပင် ပညတ်ပရမတ် ကွဲသည်ဟုဆိုသော်လည်း ထိုကွဲပြား သိမှုသည် ပညတ်သိမျှသာ ဖြစ်နေပြီး အရိယာ အဖြစ်ရောက်မှသာ ပညတ်ကိုခွါ၍ ပရမတ်အသိဖြင့် သိနိုင်ကြကြောင်း ဆိုခြင်းဖြစ်၏။

ထင်ရှားသည့် သာဓကတစ်ခုအားဖြင့် ပြရလျှင် “လူသွားသည်”ဟူသည့် သဘောကို ပုထုဇင်တို့က လူအထည်ကိုယ်ကြီး သွားသည်ဟု ထင်မြင်ကြမည် ဖြစ်၏။ အရိယာတို့ကား ထိုသို့မမြင်။ “လူသွားသည်”ဟု ဆိုရာတွင် အမှန်စင်စစ် လူကောင်းကြီးသွားသည် မဟုတ်၊ သွားနိုင်သည့် လူကောင်ကြီးဟူသည် မရှိ၊ သွားလိုသော စိတ်ဆန္ဒ ဖြစ်ပေါ်လာမှုကြောင့် ၀ါယောဓာတ် လွန်ကဲပြီး လိုရာသို့ ပို့ပေးနိုင်သည့် သတ္တိထူး ၀ိညတ်ရှိသည့် စိတ္တဇရုပ်များ ဖြစ်ပေါ်လာကာ ထိုဝိညတ်နှင့်တကွ ၀ါယောဓာတ်တို့၏ တွန်းထိုးလှုပ်ရှားမှုကြောင့်သာ ရုပ်ကလာပ် အစုအဝေးတို့၏ နေရာမှ ရွေ့လျားမှု ဖြစ်ခြင်းသာ ဖြစ်သည်ဟု မြင်ကြ၏။ ဤကား ပညတ်အသိရှိသည့် ပုထုဇင်များ၏ ပညတ်အမြင်နှင့် ပရမတ်အသိရှိသည့် အရိယာတို့၏ ပရမတ်အမြင် ကွဲပြားမှုပင် ဖြစ်ပါ၏။ ထို့ကြောင့် ထိုသို့သော အမြင်အသိ မတူမှုများကြောင့် ပညတ်နှင့် ပရမတ်တို့သည် သိရှိကွဲပြားရန် ခက်ခဲလှကြောင်း ဆိုခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ ပညတ်နှင့် ပရမတ်တို့သည် သဘောသွားချင်း မတူသကဲ့သို့ အကျိုးပြုပုံချင်းလည်း မတူညီကြောင်း ဆိုလိုပါ၏။ ပညတ်သည် ဖောက်ပြန်ပြောင်းလဲတတ်သည့် သဘောရှိပြီး ပရမတ်သည် မဖောက်မပြန် တစ်သမှတ်တည်း တည်နေသည့် သဘောရှိကြောင်း သိစေလိုရင်း ဖြစ်ပါ၏။ ထိုသို့ သဘောသွားချင်း မတူသော်လည်း ဆက်စပ်မှု ရှိနေသဖြင့် ပညတ်သဘောမှ ပရမတ် သဘောတရားများကို ထုတ်ယူကြရန်နှင့် ပညတ်သိမှ ပရမတ်အသိ အထိရောက်ရန် အားထုတ်ကြရမည် ဖြစ်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။

 

 ပညတ်အစွဲမှသည် ပရမတ်ကွဲသည်အထိ ကြိုးစားကြရန် ဖြစ်ပါ၏။ ပညတ်မှသည် ပရမတ်ကို ထုတ်ယူရမည် ဖြစ်သဖြင့် ပညတ်ကို ပယ်ရမည်မဟုတ်ဘဲ ပညတ်ကို ပညတ်အတိုင်းထားကာ ပရမတ်အမြင်ဖြင့် မြင်နိုင်ရန် အားထုတ်ရမည်သာ ဖြစ်ပါ၏။ ထိုသို့ မဟုတ်လျှင် ပရမတ် အမှန်လည်းမမြင် ပညတ်သဘောလည်း မသိဘဲ နေရာတကာ လိုလျှင်ပရမတ်၊ မလိုလျှင် ပညတ်ဟု ဆိုတတ်သည်အထိ အမှတ်မှား တတ်ပေ၏။

ထို့ကြောင့် ပညတ်နှင့်ပရမတ်တို့၏ သဘောသဘာဝကို ဉာဏ်ဖြင့်မသိနိုင် သေးသော်လည်း သညာသိဖြင့် အကောင်းဆုံးသိကာ အမှားအမှန် ခွာခြားနိုင်စေဖို့ ကြိုးစားအားထုတ်ကြရန်နှင့် ထိုမှတစ်ဆင့်တက်ကာ ပညတ်အသိမှ ပရမတ်အသိအထိ သိရှိနိုင်စေဖို့ ၀ိပဿနာအလုပ်ကို ကြိုးစားအားထုတ်ကြပါဟု တိုက်တွန်းရင်း ဗုဒ္ဓစာပေလာ ပညတ်နှင့် ပရမတ်အကြောင်း တစ်စေ့တစ်စောင်းကို စေတနာအားဖြင့် မိတ်ဆက်စကား ပါးလိုက်ရပါသည်။

ကျမ်းကိုး = သင်္ဂြိဟ်ဘာသာဋီကာ (အရှင်ဇနကာဘိဝံသ)

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)

 

Views: 174

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Gigi Jenner posted blog posts
6 hours ago
Cara Lima posted a blog post
12 hours ago
Profile IconCara Lima and Gigi Jenner joined ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
yesterday
Cara Lima posted a blog post
Tuesday

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service