ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အပါယ်နဲ့ ဝေးတဲ့လူ

အပါယ်နဲ့ ဝေးတဲ့လူ

 

အနယ်နယ်အရပ်ရပ်မှာ၊ အထူးသဖြင့်တော့ အမေရိကနှင့်သြဇီတို့မှာ တရားပွဲပဲ ဖြစ်ဖြစ်၊  ဓမ္မ သင်တန်းပဲ ဖြစ်ဖြစ်ပြုလုပ်တဲ့အခါ  တစ်နာရီဟောကြား၊ တစ်နာရီမေးလိုရာမေး (ဖြေလိုရာဖြေ) အချိန်အဖြစ် သတ်မှတ်ပေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်များအနေနဲ့ သိသင့်တာများရော၊ ပြင်သင့် တာများရော၊ သိချင်တဲ့ အကြောင်းအရာများရော၊ လိုအပ်ချက်အဖုံဖုံကို ခန့်မှန်းသိခွင့် ရလိုက် ပါတယ်။ ဝေနေယျသတ္တဝါတို့ရဲ့ အလိုအဇ္ဈာသယနဲ့ ဣနြေ္ဒအနုအရင့်ပမာဏကို သိတော်မူတဲ့ ဘုရားရှင် အနေနဲ့ တရားဟောတိုင်းဟောတိုင်း၊ တရားနာပရိသတ် အတွက်၊ အနာနဲ့ဆေး ကွက်တိ ဖြစ်ကြလို့ ဒေသနာအဆုံးမှာ အကျိုးထူးတွေ အဆင့်ဆင့်ရပြီးကျွတ်တမ်း ဝင်ကြသူတွေ ရာထောင်သောင်း ပေါင်းများစွာရှိတယ် လိုပိဋကတ်တော်မှာတွေ့ရပါတယ်။

 

တပည့်သားများ၊ အထူးသဖြင့် ပုထုဇဉ်တပည့်သားများ အနေနဲ့ကတော့ တရားနာပရိသတ်ရဲ့ အလိုအဇ္ဈာသယနဲ့ ဣနြေ္ဒအနုအရင့်ဆိုတာ၊ သူတို့တွေက ဖွင့်ဆို လျှောက်ထား မေးမြန်းလာမှ ရိပ်ဖမ်းသံဖမ်း အကဲခတ်နိုင်မှာဆိုတော့ အမေးအဖြေကဏ္ဍလေး လုပ်ပေးထားတာက အတော် လေးတော့ ကျေးဇူးများပါတယ်။ အထူးသဖြင့်တော့ ''ဘာတရားဟောရမည်'' လို့ မသိတဲ့ပြဿနာကို အတော်လေး ပြေလည်စေခဲ့တယ်။ သူတို့မေးတာကို ဖြေကြားရင်း တရားတစ်ပွဲ အလိုလိုပြီးမြောက် သွားတာ အတော်လည်းများတယ်။ သူတို့သိချင်နေတဲ့ အကြောင်းအရာဖြစ်လို့ ဟောကြားမှု အပေါ်မှာ ပိုပြီးတော့လည်း စိတ်ဝင်စားကြတာ တွေ့ရပါတယ်။

 

အဲဒီလို ဆရာဒကာ မေးဖြေဆွေးနွေးကြရင်းက၊ ဒီနေ့ ဗုဒ္ဓဘာသာဝင်အများစု မရေမရာ၊ ဇဝေဇဝါ ဖြစ်ပြီး အတော်အကြောက်ကြီးနေကြတဲ့ ပြဿနာတစ်ရပ်ကို သွားတွေ့ရပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ ''လူ့လောကမှာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၊ ရှာဖွေစားသောက် နေကြသူ တွေရဲ့ တစ်နေ့တာ လုပ်ဆောင်ချက် (ကံ) တွေထဲမှာ အပါယ်ရောက်ကြောင်း အကုသိုလ်ကံတွေနဲ့ နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်ကံတွေ ဘယ်ဟာက များနေမလဲ '' ဆိုတဲ့ ပြဿနာပါ။

 

အံ့သြစရာကောင်းတာကတော့ ပရိသတ်အားလုံးလိုလိုက၊ အဲ! ''လိုလို''တောင် မဟုတ်ပါဘူး၊ အားလုံးကပါပဲ ''အပါယ်ရောက်ကြောင်း အကုသိုလ်တွေက များပါတယ်'' လို့ချည်း ဖြေကြတဲ့ အချက်ပါ။ တကယ့်ကိုပါပဲ၊ သူတို့တွေရဲ့ ဖြေဆိုသံကိုကြားရတိုင်း တရုတ်ရာဇဝင်ဇာတ်ကား တွေထဲက ရှင်ဘုရင့်ရှေ့ အစစ် ဆေးခံဖို့ ရောက်လာသူတွေအားလုံးလိုလို၊ ရှင်ဘုရင်က ဘာမှ မမေး မမြန်းရခင်ကတည်းက လက်နှစ်ဖက် ရှေ့မှာထောက်၊ ဦးခေါင်းကိုငုံ့တဲ့ပြီး ''ကျွန်တော်မျိုးကြီး သေသင့်ပါတယ်''လို့ ကြောက်လန့်တကြား အော်ပြီး လျှောက်တင်ကြတာကို ပြေးပြီး ကြားယောင် မြင်ယောင် ဖြစ်မိပါတယ်။

 

လူတွေရဲ့ နေ့စဉ်ပြောဆို၊ ကြံဆ၊ လုပ်ကိုင်ကြသမျှတွေမှာ အပါယ်ရောက်ကြောင်း အကုသိုလ် တွေက တကယ်ပဲ များနေပါသလား။ အမှန်ကတော့ ကိလေသာနဲ့ ဒုစရိုက်ကို ကွဲကွဲပြားပြား နားမလည်ကြတဲ့အတွက် ကိလေသာတွေ မပယ်နိုင်သေးတာကိုပဲ ဒုစရိုက် အပြစ်တွေကြီးနေတယ် လို့ ရောထွေး မှတ်မှား ဖြစ်ကြပြီး အပြစ်မကြီးဘဲနဲ့ အကြောက်ကြီး နေကြတာပါ။ ဒီကိစ္စ အမြင်ရှင်းဖို့ အတွက် ဒီစာကိုရေးလိုက်ပါတယ်။ အပါယ်နဲ့ဝေးစေဖို့သာမက အရာရာကို ကြောက်နေကြလွန်းတဲ့ ''ကြောက်ကျင့်ပါ'' နိုင်ငံသားတို့အတွက် ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေဖို့ ရည်ညွှန်းပါတယ်။ 

 

အရွယ်ရောက်လာသူ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ''မကောင်းမှုအကုသိုလ်ဆိုတာ အပါယ်ဒုဂ္ဂတိ ကျရောက်စေတတ်တယ် (အကုသိုလ်လုပ်ရင် ငရဲကြီးတတ်တယ်)''ဆို တာကိုတော့ ကြားဖူးနားဝ များကြပါတယ်။ အဲဒီအကုသိုလ်ဟာ သဘောတရားနဲ့လက်တွေ့၊ သို့မဟုတ်၊ ကိလေသာနဲ့ ဒုစရိုက် လို့ နှစ်မျိုးကွဲပြားတယ် ဆိုတာကိုတော့ ရေရေရာရာသိသူ နည်းကြပါတယ်။

 

ပထမဆုံး ''သဘောတရား အကုသိုလ်နဲ့  လက်တွေ့အကုသိုလ်'' ဆိုတာကို အမြင်ရှင်း စေချင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း (အခုဆို တခြားဘာသာဝင် အချို့လည်းအပါအဝင်) ကြားဖူး နားဝရှိထားတဲ့ ''လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန(မိဒ္ဓ)၊ ဥဒ္ဓစ္စ၊ အဟိရိက, အနောတ္တပ္ပ' ဆိုတဲ့ အမည်ဆိုးနဲ့ ထင်ရှားကျော်ကြားတဲ့ တရားတွေဟာ သဘောတရားအနေနဲ့ ပုထုဇဉ်တို့ရဲ့သန္တာန်မှာရှိနေကြတာချည်းပါပဲ။ ဒီတရားတွေဟာ ပင်ကိုယ်အားဖြင့် အပြစ်ကင်းစင်တဲ့ စိတ်တွေကို ညစ်နွမ်းသွားစေတဲ့အတွက်ကြောင့် ''ကိလေသာတရားများ''လို့ခေါ်ပါတယ်။

 

သတ္တဝါတို့ရဲ့သန္တာန်မှာ ဒီကိလေသာတရားတို့ရဲ့ တည်ရှိဖြစ်ပေါ်မှု အဆင့်ဆင့် ကတော့ -

၁။ အကြောင်းတိုက်ဆိုင်လျှင် မီးပွင့်နိုင်သည့် မီးခြစ်ကျောက်အတွင်းက မီးဓာတ်ပမာ၊ အကြောင်း တိုက်ဆိုင်လျှင် ဖြစ်နိုင်ချေသဘောမျိုးနဲ့ ကိန်းဝပ်တည်ရှိနေတဲ့အဆင့်။ ဒီအဆင့်မှာကာယ၊ ဝစီ၊ မနော ဆိုတဲ့ ကံသုံးပါး အဆင့်မရောက်သေးပါဘူး။ ( ''အနုသယကိလေသာ''လို့ ခေါ်ပါတယ်။)

 

၂။ ''မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်'' ဆိုတဲ့ အတွင်းက အာရုံယူ အင်္ဂါငါးရပ် (ဒွါရငါးခု)နဲ့ ''အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ'' ဆိုတဲ့ အပြင်အာရုံ ငါးခု တို့ တိုက်ဆုံမိတဲ့အခါ၊ ကျေနပ်စိတ်၊ မကျေနပ်စိတ်၊ ချစ်ခင်စိတ်၊  မုန်းတီးစိတ်အဖြစ် နဲ့ ထ ကြွလာတဲ့အဆင့်။ ( ဒီအဆင့်မှာ မနောကံအဆင့်ကို ရောက်လာပါပြီ။ ဒါကို ''ပရိယုဋ္ဌာနကိလေသာ''လို့ ခေါ်ပါတယ်။ အရပ်ထဲမှာ ပြောဆိုလေ့ရှိတဲ့ ''အသဲယားလာတယ်၊ ရင်ထဲမှာ ကလိကလိ ဖြစ်လာတယ်'' ဆိုတာမျိုးပေါ့။)

 

၃။ ဒွါရနဲ့ အာရုံတိုက်ဆုံမှုကြောင့် ဖြစ်ပေါ်ထကြွလာတဲ့ ကိလေသာတရားတို့ကို မနောကံအဆင့်မှာ သာ မထိန်းချုပ်နိုင်တော့ဘဲ ကာယကံ၊ ဝစီကံမြောက် လွန်ကျူးမိသွားတဲ့အဆင့်။ (ဒီအဆင့်မှာ ကာယဒုစရိုက်၊ ဝစီဒုစရိုက် အဆင့်ထိရောက်လာပြီဖြစ်လို့ ''ဝီတိက္ကမကိလေသာ''လို့ ခေါ်ပါတယ်။) 

 

အဲဒီလို သုံးဆင့်၊ သုံးမျိုးရှိပါတယ်။ ဒီသုံးဆင့်ထဲကပထမဆုံးဖြစ်တဲ့ အနုသယ အဆင့်ဆိုတာ အကုသိုလ်သဘောတရားအဖြစ်တောင် ပီပီပြင်ပြင် မရောက်သေးတဲ့ မျိုးစေ့အဆင့်မျိုးပါ။ ဒုတိယ ဖြစ်တဲ့ ပရိယုဋ္ဌာနအဆင့်မှာတော့ ဖြစ်တဲ့ပုဂ္ဂိုလ်သန္တာန်မှာ အကုသိုလ် သဘောတရား ပီပြင်လာပါပြီ၊ သို့သော် ဒီအဆင့်မှာ (အဘိညာဉ်မရကြတဲ့) အခြားသူများအနေနဲ့ သိသာမြင်သာဖြစ်အောင် ပုံမပေါ်သေး (ပတ်ဝန်းကျင်အပေါ်သက်ရောက်မှု မရှိသေး) လို့ သဘောတရား အကုသိုလ်အဆင့် လို့သာ ဆိုရမှာပါ။

 

ဒီအဆင့်မှာပဲ ဘေးလူများ မသိနိုင်သေးပေမဲ့ ပြစ်မှု ကျူးလွန်ရာရောက်ပြီ၊ ကံမြောက်ပြီ၊ ဒုစရိုက် အဆင့်ရောက်ပြီလို့ ဆိုနိုင်တဲ့ မနောကံသုံးမျိုး ရှိပါတယ်။

(က) သူတစ်ပါးပိုင်ဆိုင်စောင့်ရှောက်ထားတဲ့ ပစ္စည်းဥစ္စာ(သက်ရှိ/သက်မဲ့)တို့ကို မတော်မတရား ရယူဖို့ စဉ်းစား၊ စိတ်ကူး၊ အကြံထုတ်နေမှုဆိုတဲ့ ''အဘိဇ္ဈာ'' ။

(ခ) သက်ရှိဖြစ်တဲ့ သူတစ်ပါးကို ညဉ်းဆဲ၊ သတ်ဖြတ်၊ ဒုက္ခပေးဖို့ စဉ်းစား၊ စိတ်ကူး၊ အကြံထုတ်နေတဲ့ ''ဗျာပါဒ''။

(ဂ) ကံနဲ့ကံအကျိုးကို လုံးဝငြင်းဆန်၊ လက်မခံတဲ့ ''မိစ္ဆာဒိဋ္ဌိ'' တို့ပဲ ဖြစ်ပါ တယ်။

ဒါတွေက အဘိဓမ္မာ သဘောတရားတွေကို ခြေခြေမြစ်မြစ် သိလိုသူတို့အတွက် စဉ်းစားနိုင်ဖို့ ရေးလိုက်တာပါ။ အပါယ်လွတ်ရေး၊ နိဗ္ဗာန်ရောက်ရေးအတွက် ကျင့်သုံးလိုသူ၊ တစ်နည်းအားဖြင့် ပြောဖို့အတွက်မလို၊ ကျင့်တတ်ဖို့သာ လိုသူများအတွက် အကျဉ်းချုပ်သိထားသင့်တာ ကတော့ -

 

ဒီသဘောတရား အကုသိုလ်လို့ခေါ်တဲ့ ကိလေသာအကုသိုလ်(၁ဝ)မျိုးထဲမှာ မုချအပါယ်ဒုဂ္ဂတိ လားရောက်စေနိုင်တဲ့ အကုသိုလ်က ကံနဲ့ကံ၏အကျိုးကို ငြင်းဆန် ပယ်ရှားတဲ့ ''မိစ္ဆာဒိဋ္ဌိ'' နဲ့ သင်္ခါရတရား မှန်သမျှတို့ရဲ့ ကြောင်းကျိုးဆက်ဖြစ်စဉ် (ပဋိစ္စသမုပ္ပါဒ်)ကို ပြတ်ပြတ်သားသား ဆုံးဖြတ် လက်ခံနိုင်ခြင်းမရှိဘဲ ယုံမှားတွေဝေနေတဲ့ ''ဝိစိကိစ္ဆာ''တို့ပဲ ဖြစ်ပါတယ်။

 

ကျန်တဲ့ကိလေသာဖြစ်တဲ့ ''လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ထိန(မိဒ္ဓ)၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ'' ဆိုတဲ့ သဘောတရားအကုသိုလ် ၈-မျိုးတို့ကတော့ သဘော တရားအဆင့်မှာသာ ဖြစ်ပေါ်ပြီး ကာယကံ၊ ဝစီကံမြောက်အောင် လက်တွေ့လွန်ကြူးမှု မဖြစ်သေးသမျှ ဒုစရိုက် မမြောက်သေးတဲ့အတွက် အပါယ်ဒုဂ္ဂတိကိုလည်း မကျ ရောက်စေနိုင်ပါဘူး။

 

ဗုဒ္ဓဘာသာဝင်တို့ သဘောပေါက်ဖို့အတွက် အထင်ရှားဆုံးသာဓကတစ်ခုကိုပြော ရမည်ဆိုလျင် ဘုရားရှင်ရဲ့ကျောင်းအစ်မကြီး ဝိသာခါရဲ့ အတ္ထုပ္ပတ္တိပါပဲ။

ဝိသာခါအမျိုးကောင်းသမီးက (၇)နှစ်သမီးမှာ သောတာပန်ဖြစ်ခဲ့တယ်ဆိုတာ ကြားဖူးကြမှာပါ။ သောတာပန်ဖြစ်သွားတဲ့အတွက် ကိလေသာခေါ်တဲ့ သဘောတရား အကုသိုလ်တွေထဲက ဘယ်လောက်လျော့ပါး ကင်းပျောက်သွားသလဲဆိုရင် ''ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ''ဆိုတဲ့ ကိလေသာ နှစ်ပါးကိုသာ အကြွင်းမဲ့ ပယ်သတ်နိုင်ပါတယ်။ ကျန်ကိလေသာတွေ ကို မပယ်နိုင်ပါဘူး။

 

''သောတာပန်တို့မှာ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ ကင်းပြီ'' ဆိုတဲ့စကားကို အလေးအနက် သဘောပေါက်ဖို့တော့ လိုပါတယ်။  ''ဒိဋ္ဌိကင်းတယ်''ဆိုတာက ကံနဲ့ကံရဲ့အကျိုးကို ယုံကြည်ကာမတ္တ မဟုတ်ဘဲ ဥာဏ်နဲ့ပါ ထိုးထွင်းသိမြင် လက်ခံသွားတာပါ။ ဒီကမ္မဿကတ သမ္မာဒိဋ္ဌိနေရာမှာ  ပုထုဇဉ်နဲ့ အရိယာတို့ရဲ့ ခြားနားချက်ကတော့၊ ပုထုဇဉ်တိုက ယုံကြည်တဲ့ သဒ္ဓါက လွန်ကဲပြီး သိမြင်တဲ့ ဥာဏ်က နည်းပါး ကြတယ်။ အရိယာတို့က သဒ္ဓါနဲ့ပညာ မျှတတယ်။ 

 

ဥပမာအနေနဲ့ပြရမယ်ဆိုရင် ပုထုဇဉ်တို့ရဲ့ အကုသိုလ်အပေါ်မှာ ယုံကြည်မှုက ''အရက်သောက်တာ မကောင်းဘူး''လို့ သိမှတ် ယုံကြည်ပုံမျိုး။ အရိယာတို့က''အဆိပ်သောက်ရင်သေတတ်တယ်''လို့ သိမြင်ပုံမျိုးပါ။ အရက်သောက်တာ မကောင်းဘူးဆိုနေပေမယ့် သောက်ကြည့်ကြသူတွေ၊ သောက် ကျင့် ပါနေသူတွေ အများကြီးရှိတယ်။ အဆိပ်ကိုကျတော့ ဘယ်သူမှ မြည်းမကြည့်ဝံ့ကြဘူး မဟုတ်လား။ သောတာပန် အရိယာပုဂ္ဂိုလ်များအနေနဲ့ ''မကောင်းတဲ့ကံက မကောင်းကျိုးပေးတယ်၊ ကောင်းတဲ့ကံက ကောင်းကျိုးပေးတယ်'' ဆိုတာကို ကိုယ်ပိုင်ဥာဏ်နဲ့ ထိုးထွင်းသိမြင်သွားပြီဖြစ်လို့ သေစေတတ်တဲ့အဆိပ်ကို မြည်းစမ်းမကြည့်ကြသလို ဒုစရိုက်အကုသိုလ်ကို (ဆိတ်ကွယ်ရာ အရပ်မှာပင်ဖြစ်စေ) ကျူးလွန် ပြစ်မှားခြင်းဆိုတာ လုံးဝမရှိတော့ပါဘူး။ 

 

ကုသိုလ်ကံအပေါ်ထားရှိတဲ့ သဘောထားချင်းကလည်း ပုထုဇဉ်တို့က ''သရက်သီးအမှည့်က ချိုတယ်'' ဆိုသလောက်ပဲ၊ မစားမဖြစ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူး ဒါကြောင့် ကြုံရင်စားမယ်၊ မကြုံရင်မစားဘူးလို့ သဘောထားတယ်။ အရိယာတို့ကတော့ ''သဗ္ဗေသတ္တာ အဟာရဌိတိကာ'' ဆိုတဲ့အတိုင်း အစားစားမှ အသက်ရှည်မယ်၊ အစားပြတ်ရင် သေတတ်တယ်''လို့ သိမြင်လက်ခံတဲ့ သဘောမျိုးဖြစ်လို့ နေ့စဉ်ဘဝအတွက် အစားမစားဘဲ မနေနိုင်သလို ကုသိုလ်ကောင်းမှု လုပ်ခွင့်ရလျှင်လည်း လုပ်နိုင်စွမ်းရှိသမျှ မလုပ်ဘဲ မနေနိုင်တော့ပါဘူး။ သင်္ခါရဓမ္မတို့ရဲ့ ကြောင်းကျိုးဆက် ဖြစ်စဉ်အပေါ်မှာလည်း လုံးဝသံသယမရှိ ဥာဏ်နဲ့ သိမြင်သွားပါတယ်။

 

ဒါကြောင့် အောက်အောက်အရိယာပုဂ္ဂိုလ်တွေမှာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာ အကုသိုလ်တွေ သဘောတရားအနေနဲ့ ရှိနေပေမဲ့ ဝီတိက္ကမဆိုတဲ့ လက်တွေ့အဆင့်ရောက်အောင် ကျူးလွန်ပြစ်မှားခြင်း မရှိပါဘူး။ ဒါကြောင့်လည်း အပါယ်မျိုးစေ့လုံးဝကင်းပြီလို့ ဆိုနိုင်တာပါ။

 

(၇)နှစ်သမီးအရွယ်မှာ သောတာပန်ဖြစ်ခဲ့တဲ့ ဝိသာခါအမျိုးသမီးဟာ တဏှာလောဘကိလေသာ မကုန်ခန်းတဲ့အတွက် အချိန်တန်အရွယ်ရောက်တဲ့အခါ အိမ်ထောင်ပြုပါတယ်၊ ပြုသမျှ သားသမီး နှစ်ကျိပ်တောင် ရပါတယ်။ ဒါပေမယ့် တဏှာလောဘကြောင့် ကျူးလွန်ပြစ်မှားလေ့ရှိတဲ့ လိမ်ညာ၊ ကုန်းချောစတဲ့ ဝစီဒုစရိုက်မျိုး၊ ခိုးဝှက်၊ သူသားအိမ်ရာ ဖျက်ဆီးစတဲ့ ကာယဒုစရိုက်မျိုး လုံးဝ မရှိပါဘူး။ သဘောတရားအရသာ တဏှာလောဘ ရှိနေသော်လည်း လက်တွေ့အရ တဏှာ လောဘကို အကြောင်းပြုပြီး ကျူးလွန်တဲ့ အပြစ်ဒုစရိုက် ကင်းပါတယ်။ ဒါကြောင့် အပါယ်ဒုဂ္ဂတိကို ဘယ်တော့မှ မကျရောက်နိုင်တော့ပါဘူး။

 

နောက်တစ်ခုက လက်တွေ့အကုသိုလ်လို့ ဆိုရမည့် ဒုစရိုက်ကံအကုသိုလ်ပါ။ ဒုစရိုက်တရား(၁ဝ)ပါး ဆိုတာကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးနားဝရှိကြပြီးဖြစ်လို့ အထူးရေတွက်မပြတော့ပါဘူး။

 

ဒီဒုစရိုက်ကံမြောက်တဲ့ လက်တွေ့အကုသိုလ်နဲ့ပတ်သက်လို့ သဘောပေါက်နားလည်ထားရမည့် အချက်ကတော့ ''ပဉ္စာနန္တရိယကံ ငါးပါး''လို့ခေါ်တဲ့

(၁)အမိသတ်ခြင်း။

(၂)အဖသတ်ခြင်း။

(၃)ရဟန္တာသတ်ခြင်း။

(၄)ဘုရားရှင်ကို သွေးစိမ်းတည်အောင်(ထိ ခိုက် ရှ နာအောင်)ပြုလုပ်ခြင်း။

(၅)သံဃာကို ကွဲပြားအောင် လုပ်ခြင်းဆိုတဲ့ ကံငါးပါး သာ ''ကုရာနတ္ထိ ဆေးမရှိ''အဖြစ်နဲ့ အပါယ် ဒုဂ္ဂတိကို မုချရောက်စေပါတယ်။ ကျန်အကုသိုလ် ဒုစရိုက်တွေကတော့ ''ကုရာနတ္ထိ ဆေးမရှိတွေ မဟုတ်ဘူး။ ကုစရာ ဆေးရှိတယ်၊ ကုသရင် အပါယ်ဘေးက လွတ်တယ်'' ဆိုတာကို ကွဲကွဲပြားပြား သဘောပေါက်ထားသင့်ပါတယ်။

 

အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ လောဏကပလ္လသုတ်မှာ ဘုရားရှင်ဟောကြားတော်မူတဲ့ အလိုအရ အကုသိုလ်ကို ကုသတဲ့ဆေးက ကုသိုလ်ပဲဖြစ်ပါတယ်။ ''လောဏကပလ္လ''ဆိုတာ မြန်မာလိုတော့ ''ဆားခွက်''လို့ အဓိပ္ပါယ်ရပါတယ်။ ဆားခွက်နဲ့ရေကို ဥပမာပြပြီး  အကုသိုလ်ကို ကုသိုလ်နဲ့ ကုသနိုင်ပုံကို ဟောကြားရှင်းပြ တော်မူတဲ့သုတ်ပါ။

 

''အကုသိုလ်ပြုသူဟာ အကုသိုလ်သက်သက်ကိုသာပြုတယ်၊ ကုသိုလ်ဆိုလို့ ဘာမှကိုမသိသူ၊ ဘယ်ကုသိုလ်မှလည်း မပြုသူဖြစ်ခဲ့ရင်တော့ ဒီလိုပုဂ္ဂိုလ်မျိုးဟာ အကုသိုလ်ကံ သေးသေးငယ်ငယ် ကလေးပင်ဖြစ်စေဦးတော့ အပါယ်ဆင်းရဲကို ကျရောက်ခံစားရနိုင်တယ်။

 

အကုသိုလ်ကံကို မကင်းနိုင်တဲ့အတွက် ပြုမှားမိကြပေမယ့်၊ သီလ၊ သမာဓိ၊ ပညာ၊ ကာယဘာဝနာ ဆိုတဲ့  ကုသိုလ်တရားများကိုလည်း မကင်းမကွာ ပြုလုပ်ပွားများလေ့ရှိတယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ် မျိုးဟာ အပါယ်ဆင်းရဲကို နည်းနည်းကလေးတောင် မခံစားရပါဘူး'' လို့ ပထမဆုံး ရှင်းပြပါတယ်။

 

ပြီးတော့မှ ဆားခွက်ဥပမာနဲ့ထင်ရှားအောင်ပြပြီး အခိုင်အမာပြု သင်ကြားတော်မူတာပါ။

''ဥပမာ ဆားတစ်ခွက်ဟာ သူ့ချည်းလည်း စားမဖြစ်အောင် ငန်တယ်။ ရေတစ်ခွက်စာလောက်ထဲ ထည့်ဖျော်ထားလျှင်လည်း ငန်မြဲငန်နေဦးမယ်။ သောက်လို့မရနိုင်သေးဘူး။ အဲဒီဆားတစ်ခွက်စာကို ချောင်းရေ၊ မြစ်ရေတို့လို ရေအများကြီးထဲမှာ ထည့်ဖျော်လိုက်ရင်တော့ ဘယ်လိုဖြစ်သွားမလဲ။ ဆားစွမ်းပြပြီး ငန်နိုင်ပါဦးမည်လား''လို့ မေးခွန်း ထုတ်ပြီးမှ၊ ရေများသွားရင် ဆားကအစွမ်းမပြနိုင်၊ မငန်နိုင်တော့ကြောင်း ရဟန်းများက ပြန်ကြားတဲ့အခါ-

 

အဲဒီဥပမာအတိုင်းပဲ၊ အကုသိုလ်ဆိုတာ ဆားနဲ့တူတယ်။ ဆားဟာ နည်းနည်းများများ၊ ငန်သလို ဒုစရိုက် ကံမြောက်တဲ့ အကုသိုလ်ဟာလည်း နည်းနည်းများများ အပါယ်ဒုက္ခကို ခံစားရနိုင်တယ်။ ရေများများထဲ ပျံ့ပြယ်သွားတဲ့အခါ ဆားဟာ ဆားစွမ်းမပြနိုင်၊ မငန်နိုင်တော့သလို၊ ကုသိုလ် တရားက အင်အားကောင်းသွားတဲ့အခါ  အကုသိုလ် ဒုစရိုက်များဟာလည်း အကုသိုလ်စွမ်း မပြနိုင်တော့ဘူး။ အပါယ်ဆင်းရဲကျိုးကို မပေးနိုင်တော့ဘူးဆိုတဲ့အကြောင်း ရှင်းလင်းဟောကြား သင်ပြတော်မူခဲ့ပါတယ်။

 

(ဒီနေရာမှာ ''သင်ကြား''ဆိုတဲ့စကားကို သုံးလိုက်ရတာကတော တရားဆိုတာ နာယူပြီး သာဓုခေါ်ဖို့ အတွက်မဟုတ်ဘူး၊ တတ်ဖို့၊ သိဖို့၊ အသုံးချတတ်ဖို့ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိစေချင်လို့ တမင်သုံးလိုက်တာပါ)။

ဒီလောက်ဆိုရင် စောစောကပြောခဲ့တဲ့ တစ်နေ့တာ လုပ်ဆောင်သမျှတွေထဲမှာ အပါယ် ရောက်ကြောင်း အကုသိုလ်တွေနဲ့ နိဗ္ဗာန်ရောက်ကြောင်းကုသိုလ်တွေ ဘယ်ဟာက များသလဲဆိုတဲ့ ပြဿနာနဲ့ပတ်သက်လို့ ဆင်ခြင်တုံမဲ့ ကြောက်ကျင့်ပါ အဖြေရိုးကြီးတွေနဲ့မတူတဲ့ အဖြေမှန်ကို ဆင်ခြင်စဉ်းစားနိုင်လောက်ပြီလို့ ထင်ပါတယ်။

 

ဒီပြဿနာမှာ ''အပါယ်ရောက်ကြောင်း''ဆိုတဲ့ ဝိသေသနပုဒ် ထည့်ထားတာကိုက အကုသိုလ်မှာ အပါယ်ရောက်ကြောင်းဖြစ်တဲ့ အပါယဂမနီယ အကုသိုလ်နဲ့ အပါယ်ရောက်ကြောင်းမဖြစ်တဲ့ နာပါယဂမနီယ အကုသိုလ်လို့ နှစ်မျိုးနှစ်စား ရှိနေလိုပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြည့်ပါ။ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကလွဲလို့ ကျန်ကိလေသာ အကုသိုလ်တွေဟာ သဘောတရားအဆင့်မှာသာ ရှိပြီး လက်တွေ့ ဒုစရိုက်အဆင့် မရောက်သမျှ နာပါယဂမနီယ=အပါယ် ရောက်ကြောင်း မဟုတ်ပါဘူး။

 

လက်တွေ့ဒုစရိုက်ကံအဆင့်ရောက်တဲ့ အကုသိုလ်ကံတွေမှာလည်း ပဉ္စာနန္တရိယ ကံကြီးငါးမျိုးက လွဲရင် ကျန်တဲ့ အကုသိုလ် ဒုစရိုက်ကံတွေကတော့ ရေနဲ့မတွေ့ရတဲ့ ဆားပမာ ကုသိုလ်မဖက် အကုသိုလ်ချည်းသက်သက်သာ ပြုထားသူဖြစ်ရင်သာ သူပြုတဲ့ အကုသိုလ်ကံတွေက အပါယ် ရောက်ကြောင်း (အပါယဂမနီယ) ဖြစ်မှာပါ။

 

''ကုသိုလ်ဆိုတာ အမြဲဆောင်စရာ တရား၊ အကုသိုလ်ဆိုတာ မလွှဲမရှောင်သာ တရား''အဖြစ် ကျင့်သုံးကြသူများ အဖို့တော့ သူတို့ရဲ့ အကုသိုလ်ကံတွေဟာ အင်အားကြီးတဲ့ ရေအလျဉ်မှာ ပျော်ဝင်သွားတဲ့ ဆားပမာလို ''အစွမ်း သတ္တိ၊ မရှိလုံးလုံး၊ အညွှန့်တုံး''ဆိုတဲ့ အခြေအနေမျိုး ရောက်သွားပြီး အပါယ်ဒုဂ္ဂတိတို့၊ ဆင်းရဲဒုက္ခတို့ကို မပေးနိုင်တော့ဘူး လို့ သဘောပေါက်ကြရမှာပါ။

 

ဒီနေရာမှာ ဒုစရိုက်ကံမြောက်တဲ့ အကုသိုလ်ကံပင် ဖြစ်စေဦးတော့ အကျိုးမပေးနိုင်ဘဲ အညွှန့်တုံး သွားအောင်ပြုလုပ်ပုံ ပြုလုပ်နည်း နှစ်နည်း ရှိတယ်ဆိုတာကိုလည်း သဘောပေါက်ထားရပါ လိမ့်မယ်။ ''အဖြတ်နည်းနဲ့ အဖြန့်နည်း''လို့ အကျဉ်း မှတ်သားနိုင်ပါတယ်။

 

''အကုသိုလ်ကို မဖြတ်နိုင်သေးရင် ဖြန့်ထားလိုက်ပါ''

 

မြတ်စွာဘုရားဟောတော်မူထားခဲ့တဲ့ ''လောဏကပလ္လ''သုတ်အရ အကုသိုလ်ကို အစွမ်းသတ္တိ တုံးသွားအောင် လုပ်နိုင်စွမ်းရှိတဲ့တရားဟာ ကုသိုလ်တရားပင်ဖြစ်တယ်ဆိုတာ သဘောပေါက် လောက်ပါပြီ။ အကုသိုလ်ကံရဲ့အစွမ်းသတ္တိဆိုတာကလည်း ပဋိသန္ခေကျိုးအနေနဲ့ အပါယ်ဒုဂ္ဂတိ လားရောက်စေနိုင်စွမ်းနဲ့ ပဝတ္တိမှာ ဆင်းရဲ့ဒုက္ခအမျိုးမျိုး ကြုံတွေ့ခံစားရနိုင်စွမ်း ဖြစ်တယ်ဆိုတာ လည်း ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသားပါ။

 

အကုသိုလ်အစွမ်းသတ္တိတွေကို တုံးသွားအောင် ကုသိုလ်တရားက လုပ်ဆောင်တဲ့ နေရာမှာ အမြစ်ပြတ် ပျောက်ပျက်အောင် ဖြတ်ပစ်တဲ့နည်းနဲ့ အစွမ်းသတ္တိတွေ ပျောက်ပြယ်သွားအောင် ဖြန့်ပစ်တဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။ အားလုံးကြားဖူးနားဝ ရှိထားကြတဲ့အတိုင်း ဆိုင်ရာဆိုင်ရာ အကုသိုလ်ကို အမြစ်ပြတ် ပယ်ဖြတ်နိုင်စွမ်းသတ္တိဆိုတာ ''မဂ်''လို့ခေါ်တဲ့ လောကုတ္တရာကုသိုလ်များ သာ စွမ်းနိုင်ပါတယ်။ ဒီနေ့ ဗုဒ္ဓဘာသာဝင်အများစုကြီးတို့မှာ အနည်းဆုံး အပါယ်ဒုဂ္ဂတိကို မုချ ရောက်စေတတ်တဲ့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာလောက်ကို အကြွင်းမဲ့ပယ်ဖြတ်နိုင်တဲ့ သောတာပတ္တိမဂ်ကုသိုလ် လောက်တောင် မရကြသေးဘူးလို့ ထင်ပါတယ်။

 

အဲဒီလို''တစ်မဂ်တစ်ဖိုလ်မှ မရကြသေးတဲ့ ပုထုဇဉ်အများစုကြီးတို့ အနေနဲ့ မဆုံးနိုင်တဲ့ သံသရာခရီး တစ်လျှောက်မှာ အပါယ်ဘေးနဲ့ ကင်းဝေးစွာ လျှောက်လှမ်းနိုင်အောင် ဘာလုပ်ကြမလဲ'' ဆိုတာ ဒီနေ့ ဗုဒ္ဓဘာသာဝင်တွေ အရေးတကြီး အသိချင်ဆုံးအရာ ဖြစ်ပါလိမ့်မယ်။ တိုတိုချုပ်ဖြေရရင်တော့ ''မဖြတ်နိုင်သေးရင် ဖြန့်ထားလိုက်''လို့ပဲ ပြောရပါလိမ့်မယ်။

 

''ဘာနဲ့၊ ဘယ်လိုဖြန့်ရမလဲ''ဆိုရင်တော့ လောဏကပလ္လသုတ်မှာ ဘုရားရှင်ဟော ညွှန်ထားသလို စွမ်းနိုင်သမျှ ကုသိုလ်ကောင်းမှုများကို မမေ့မလျှော့အားထုတ်ခြင်းနဲ့ ဖြန့်ရမယ်လို့ပဲ မှတ်ကြရမှာပေါ့။

မြတ်စွာဘုရား ဥပမာပြပြီးရှင်းလင်းပြတဲ့ ''ဆားနဲ့ရေ'' ဥပမာလေးကို အသေအချာ သဘောပေါက် အောင် စဉ်းစားကြည့်ကြပါ။ ဆားကို ချောင်းရေ၊ မြစ်ရေ၊ ကန်ရေတွေထဲကို ဖြန့်ချလိုက်တဲ့အခါ အငန်ဓာတ်တွေကို မတွေ့ရတော့ဘူးဆိုတဲ့နေရာမှာ၊ ဘာကြောင့်မငန်တော့တာလဲ၊ ဒီဆားတွေ ပျောက်ပျက်သွားတာလား၊ ပျောက်ပြယ်သွားတာလား ''ပျက်''နဲ့ ''ပြယ်''ဆိုတာ အဓိပ္ပါယ်ချင်း မတူကြပါဘူး။ ဒီနှစ်ခုကို သဘောပေါက်အောင် စဉ်းစားကြည့်ပါ။

 

ရေများသွားတဲ့အခါ ဆားကမငန်တော့ပါဘူး၊ ဒါပေမယ့် အဲဒီရေကို ခန်းသွားအောင် ပြန်ပြီး ကျိုချက် ကြည့်မယ်ဆိုရင်တော့ အဲဒီဆားဟာ ပြန်ဖြစ်ပေါ်လာတာ တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် ရေအများ တည်း ရောက်သွားတဲ့ဆားဟာ ပျောက်ပျက်သွားတာ မဟုတ်ဘူး၊ ပျောက်ပြယ်သွားခြင်းသာ ဖြစ်တယ်လို့ သဘောပေါက်ရမှာပါ။ ပျောက်ပျက်သွားတာက ပြန်စုလို့ မရတော့ဘူး၊ ပျောက်ပြယ် သွားတာက ပြန်စုလိုရတယ်လို့ အတိုချုပ် သဘောပေါက်နိုင်ပါတယ်။

 

“မပြယ်တဲ့ဆားနဲ့ ပြယ်တဲ့ဆား”

 

လောဏကပလ္လသုတ်မှာ မြတ်စွာဘုရားရှင်ပြတာကတော့ ဆားဟာပြယ်မသွားတဲ့အခါ သူ့အစွမ်း သတ္တိပြည့်ဝနေတဲ့အတွက် ငန်နေမယ်၊ ရေနည်းနည်းထဲမှာ ပျော်ဝင်နေတယ်ဆိုရင်တောင် အလွန် မပြယ်လှသေးတဲ့အတွက် သောက်မရအောင် ငန်နေပါလိမ့်မယ်တဲ့။ ရေကများသွားပြီ ဆိုရင်တော့ ပျော်ကာမတ္တ မဟုတ်တော့ဘူး ပျံ့ပြယ်သွားပြီဖြစ်လို့ ဆားရဲ့အစွမ်းသတ္တိ မထင်ရှားတော့ဘူး၊ မငန်နိုင်တော့ဘူး၊ သောက်လိုသူတိုင်း သောက်လို့ရနိုင်သွားတယ်။

 

ဒီဥပမာအတိုင်းပဲ အကုသိုလ်ဟာလည်း သူ့ချည်းသက်သက် ပြုထားမယ်ဆိုရင် နည်းနည်း ကလေးပင်ဖြစ်စေ သူ့အစွမ်းသတ္တိ အပြည့်ရှိနေတဲ့အတွက် အပါယ်ဒုဂ္ဂတိနဲ့ ဆင်းရဲဒုက္ခကျိုးကို ပေးနိုင်ပါတယ်။ သီလ၊ သမာဓိ၊ ပညာ၊ ကာယဘာဝနာဆိုတဲ့ ကုသိုလ်ကောင်းမှုများကိုလည်း စွမ်းနိုင်သမျှ အားထုတ်ကြသူများအနေနဲ့တော့ သူတို့ပြုလုပ်တဲ့ လောကီကုသိုလ်မှန်သမျှဟာ အကုသိုလ်တွေကို (ပျောက်ပျက်သွားအောင် မပယ်ဖြတ်နိုင်ပေမယ့်) ပျောက်ပြယ်သွားအောင် ဖြန့်ပစ်နိုင်တဲ့အတွက် အကုသိုလ်တို့ သတ္တိပြယ်ပြီး အစွမ်းမပြနိုင်ဖြစ်သွားမယ် လို့ဆိုလိုတာပါ။

 

ဒါဘယ်လိုဖြစ်တာလဲဆိုတာကို ခုခေတ်လူငယ်များသဘောပေါက်အောင် ရူပဗေဒဝေါဟာအတိုင်း ပြောရမယ်ဆိုရင်တော့- ရေများတဲ့အတွက် ဆားတွေ ပျောက်ပြယ်သွားတယ်ဆိုတာ၊ ဆားရဲ့ သိပ်သည်းဆတွေ လျော့သွားတဲ့သဘောပါ။ သောက်ကြည့်တဲ့အခါ မငန်တော့ဘူးဆိုတာ သိပ်သည်းဆ လျော့သွားတဲ့အတွက် သက်ရောက်မှု လျော့သွားတာလို့ ပြောရင်ရပါတယ်။ သဘောကတော့ ဆားရဲ့ အစွမ်းသတ္တိ တုံးသွားတာပါပဲ။

 

ကုသိုလ်က များလာတဲ့အခါမှာလဲ အကုသိုလ်တရားတွေရဲ့ သိပ်သည်းဆတွေ လျော့သွားပါတယ်၊ သိပ်သည်းဆ လျော့သလောက် သက်ရောက်မှုလည်း လျော့ပေါ့သွားပါတယ်။ သဘောကတော့ အကုသိုလ်ရဲ့ အစွမ်းသတ္တိတွေ တုံးသွားလို့ အပါယ်ကျိုး၊ ဆင်ရဲဒုက္ခကျိုးကို ပီပီပြင်ပြင် မပေးနိုင်တော့ တာပါဘဲ။

 

ဒီနေရာမှာ လူငယ်တွေပိုပြီ သဘောပေါက်စေဖို့အတွက် သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း ဟောပြောဖြေကြားခဲ့ဖူးတဲ့ ဖြစ်ရပ်ကလေးတစ်ခုကို ပြောချင်ပါတယ်။ ဆရာကြီးရဲ့ ဟောပြောပွဲတွေပြုလုပ်တဲ့အခါ ဆရာကြီးဟောလိုရာဟောပြီးတဲ့ အချိန်မှာ မေးလိုရာမေးခွင့်ပြုလေ့ ရှိပါတယ်။ မြင်းခြံမြို့က ဟောပြောပွဲတစ်ခုမှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ဆရာကြီးကို ''ခဲတစ်ပိဿာနဲ့ လဲ(မှို့)တစ်ပိဿာ၊ ဘယ်ဟာကပိုလေးပါသလဲ''လို့ မေးပါတယ်။ ဆရာကြီးက ''တကယ် သိချင်တာလား''ဆိုတော့ ''တကယ်သိချင်လို့ပါ''တဲ့။ ဆရာကြီးရဲ့အဖြေကတော့ ''တကယ် သိချင်ရင် အပေါ်မြှောက်ပြီး ခေါင်း(ဦးခေါင်း)နဲ့ ခံကြည်လိုက်''တဲ့။

 

ချိန်ခွင်ပေါ်မှာ အလေးနဲ့ ချိန်ကြည့်တဲ့အခါ တစ်ပိဿာချင်း တူညီကြပေမယ့် ခန္ဓာကိုယ်ပေါ် သက်ရောက်လာတဲ့ အခါမှာတော့ သိပ်သည်းဆများတဲ့အရာက သက်ရောက်မှုပြင်းတဲ့သဘောပါ။ ဒါတွေအားလုံး ခြုံငုံစဉ်းစားလိုက်ရင် လောဏကပလ္လသုတ်မှာ ဘုရားရှင် ဟောကြားရှင်းပြတဲ့ ဆားနဲ့ ရေပမာ အကုသိုလ်ကို ကုသိုလ်က အစွမ်းသတ္တိတုံးအောင် စွမ်းဆောင်နိုင်ပုံကို သဘောကျ လောက်ပါတယ်။ ကဲ ဒီလောက်ဆိုရင်တော့ မိမိတို့ရဲ့တစ်နေ့တာ ကြံစည်ပြောဆိုလုပ်ကိုင်သမျှ ကံတွေထဲမှာ အပါယ်ရောက်ကြောင်း အကုသိုလ်တွေနဲ့ နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေ ဘယ်ဟာက များသလဲဆိုတာ ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်နိုင်လောက်ပါပြီ။ ဖြေကြည့်စမ်းပါ။

 

''ကုသိုလ်တွေကများပါတယ်''တဲ့၊ ခုမှပဲ သုဂတိ လူ့ဘုံသားအသံ ပီပီပြင်ပြင် ထွက်တော့တယ်။ ဟုတ်ပါတယ်၊ သဘောတရား အကုသိုလ်အနေနဲ့လည်း ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာက ဒုစရိုက်မြောက်အောင် မရှိကြပါဘူး။ ''ရတနာသုံးပါကို ကိုးကွယ်ယုံကြည်ပါ၏'' လို့ ခံယူလိုက်ကတည်းက ကံမယုံတဲ့ မိစ္ဆာဒိဋ္ဌိနဲ့ ကြောင်းကျိုးဆက် ဖြစ်စဉ်အပေါ် ယုံမှားတဲ့ ဝိစိကိစ္ဆာဆိုတာ ပရိယုဋ္ဌာနအဆင့် အထိတောင် ရောက်မလာကြတော့ပါဘူး။

 

လက်တွေ့အကုသိုလ်လို့ ဆိုရမဲ့ ဒုစရိုက်အကုသိုလ်ကံတွေထဲမှာလည်း ပဉ္စာနန္တရိယကံကြီးငါးပါး မရှိကြပါဘူး။ ကျန်တဲ့အကုသိုလ်ဒုစရိုက်တွေနဲ့ မကင်းနိုင်ကြဘူးဆိုပေမယ့်လည်း တစ်နေ့တာကို စာရင်းချုပ်လိုက်ရင် ကုသိုလ်ကများပါတယ်။ ရေများတဲ့အခါ ဆားကအတုံးအခဲအဖြစ် မတည်နိုင်ဘဲ ရေထဲမှာ ပျံ့နှံ့သွားသလို ကုသိုလ်ကများတဲ့အတွက် အကုသိုလ်ဟာလည်း သိပ်သည်းဆ ဒီဂရီ အပြည့် မရှိတော့တဲ့အတွက် အပါယ်ဒုဂ္ဂတိကို ပစ်ချနိုင်လောက်အောင် စွမ်းအားမရှိကြတော့ပါဘူး။

 

''ဒါဖြင့် ခင်ဗျားတို့ ဗုဒ္ဓဘာသာတွေ တစ်နေကုန်ဟိုပြောဒီပြော၊ ဟိုဟာလုပ်ဒီဟာလုပ်နဲ့ ဘယ်လို ကုသိုလ်တွေများ များနေကြတုန်းဗျာ'' ဆိုရင်ရော၊ ဘယ်နှယ်ပြောရပါ့။ အဲဒါလည်း အရေးကြီး ပြန်တယ်၊ အရေးကြီးလို့ ထပ်ပြောလိုက်ဦးမယ်နော်၊ စကားတွေကလည်း ထပ်လိုက်ထားလို့ အပြစ်တင် မစောလိုက်ကြပါနှင့်။ မှတ်ထားကြပါ (ဒါ- ဆရာကြီးလေသံ လုပ်လိုက်တာ မဟုတ်ပါဘူး၊ အကြောက် မကြီးစေချင်လို့ အားပေးတိုက်တွန်းလိုက်တာပါ)။

 

ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်သုံးကြရတဲ့ ကုသိုလ်ကံဆိုတာ အကျဉ်းချုပ်လိုက်ရင် သုံးမျိုးပဲ ရှိပါတယ်။ ဒါကို အားလုံးလိုလို ကလေးပါမကျန် သိလည်းသိပြီးသားများပါတယ်၊

''မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား'' ဆိုတဲ့သုံးချက်ပါပဲ။

 

အဲဒီသုံးချက်ထည်းမှာ မကောင်းမှုကို မကျူးလွန်မိအောင်ရှောင်ကြဉ်နေရင် သီလ ကုသိုလ်ရပါတယ်၊ ကောင်းမှုကို ဆောင်ဆိုတာကတော့ ဗုဒ္ဓဘာသာဝင်တို့ရဲ့နေ့စဉ်ကျင့်ဝတ်ဖြစ်တဲ့ ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူခြင်းစတဲ့ လှူဒါန်းမှုအမျိုးမျိုးက ဒါနကုသိုလ်ပေါ့၊ ရတနာသုံးပါးဂုဏ်ကို ဆင်ခြင် အောက်မေ့ တာ၊ မေတ္တာပို့တာ၊ ပွားတာတို့က သမထ ဘာဝနာကုသိုလ်ပေါ့၊ ဖြူအောင် စိတ်ကိုထားဆိုတာ ကတော့ ရုပ်နာမ်ဓမ္မတို့ကို ''ဖြစ်ပြီးပျက်နေတဲ့ တရားများသာဖြစ်တယ်၊ တွယ်တာ တပ်မက်စရာ မဟုတ်''လို့ သဘောပေါက်အောင် နှလုံးသွင်း ဆင်ခြင်ပွားများနေတဲ့ ဝိပဿနာဘာဝနာ ကုသိုလ်ပေါ့။

 

အဲဒီတော့ သီလကုသိုလ် တစ်ခုချင်းစီနဲ့ပဲ တိုက်ပြီးစစ်ဆေးကြည်ပါ၊ လွန်ကြူးနေချိန်နဲ့ ရှောင်ကြဉ် စောင့်စည်းနေချိန် ဘယ်ဟာကများသလဲ။ ''လွန်ကြူးရင်း ဆားတိုး၊ ရှောင်ကြဉ်ရင် ရေတိုး''ဆိုတဲ့ လောဏကပလ္လသုတ်လာ ဒေသနာနည်းအတိုင်း ပြောရရင်၊ ဆားနဲ့ရေ ဘယ်ဟာကများနေသလဲ စဉ်းစားဆုံးဖြတ်ရမှာပေါ့။ တစ်နေ့လုံးမှာ လွန်ကြူးမိတဲ့ သီလပျက် အကုသိုလ်တွေထက် စောင့်စည်း ရှောင်ကြဉ်နေတဲ့ သီလစောင့် ကုသိုလ်တွေက များနေတယ်ဆိုတာ သဘောပေါက်ကြမှာပါ။

 

ဒီလိုဆိုရင် ''ကျွန်တော်မျိုးတို့ သေသင့်သလား၊ ရှင်သင့်သလား၊ ကျွန်တော်မျိုးတို့ဟာ အပါယ် ဘေးနဲ့ နီးသူတွေလား၊ ဝေးသူတွေလား၊ ကိုယ်ပိုင်ဥာဏ်နဲ့ ကိုယ်တိုင်ဆုံးဖြတ်ပါ၊ သူများပါးစပ်နောက် မျှောလိုက်နေရင်တော့ သံသရာ ရေစုန်မျောလို့ မဆုံးဖြစ် နေရလိမ့်မယ်။ မြတ်စွာဘုရား သာသနာတော်ဆိုတာ ''ပဋိသောတဂါမိ''ဆိုတဲ့အတိုင်း သံသရာ ရေဆန်ကူးတဲ့ တရားသာဖြစ်တယ်၊ ရေစုန်မျောတဲ့တရား မဟုတ်ဘူးဆိုတာ ကြပ်ကြပ်သတိထားကြဖို့ပါ။

 

အားလုံးအပါယ်ဘေးနဲ့ဝေးကြပါစေ။

 

ဓမ္မဘေရီ အရှင်ဝီရိယ (ကြောက်ရွံ့ခြင်းကင်းလိုသူ၊အပါယ်နှင့်ဝေးလိုသူတိုင်းဖတ်ဖို)

(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၅

'ဓမ္မဘေရီဆရာတော်'၏ (၆၉) နှစ်ပြည့်မွေးနေ့ အမှတ်တရ လက်ဆောင်အထူးဆောင်းပါးအဖြစ် ဖော်ပြလိုက်ပါသည်။

 

Views: 282

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service