ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်

“ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်”

“အာရောဂျ ပရမာ လာဘာ”

 

ယဉ်ကျေးမှုပညာအရပ်ရပ်ရှိကြသည့်အနက် အချုပ်အားဖြင့်ခွဲဝေသော် လောကုတ္တရာယဉ်ကျေးမှု (၀ိဇ္ဇာပညာ)နှင့် လောကီယဉ်ကျေးမှု (သိပ္ပံပညာ) ဟူ၍ (၂)မျိုးရှိကြကုန်၏။ လောကီ ယဉ်ကျေးမှု သည်ကား လူနေမှုအဆင့်အတန်း အသိဉာဏ် မြင့်မား ကျယ်ပြန့်လျှင် ကျယ်ပြန့်သလောက် ဖွံ့ဖြိုးတိုးတက်မြဲဖြစ်ရာ တိုင်းပြည်နှင့် လူမျိုးအတွက် ထိုသို့များမြောင်လှသော ယဉ်ကျေးမှုပညာ အရပ်ရပ်မှ ကျန်းမာရေးအသိပညာ (သို့မဟုတ်) ဆေးပညာသည် မပါလျှင်မပြီး၊ မရှိလျှင် မဖြစ်သည့် ပညာရပ်မျိုး ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် “အာရောဂျ ပရမာ လာဘာ” ကျန်းမာခြင်းသည် အမြင့်မြတ်ဆုံးသော လာဘ်ဖြစ်၍ အပြန်အားဖြင့် ရောဂါရမှုသည်  အကြီးမားဆုံးးသော ဆုံးရှုံး မှုကြီး တစ်ရပ်ဖြစ်ကြောင်း သဘောပေါက်သင့်၏။

 

ထို့ကြောင့် မည်သည့် တိုင်းပြည်နှင့် မည်သည့်လူမျိုးမဆို ကြီးပွါးတိုးတက်မှုကို အပြည့်အ၀ ဆောင်ရွက်လိုသူတိုင်း အခြေခံဖြစ်သော ကျန်းမာရေးကို အဓိကထား၍ ဆောင်ရွက်ရမည်သာ ဖြစ်၏။ လူသားဟူ၍ ဖြစ်လာလျှင် ဇရာ အိုခြင်း၊ ဗျာဓိ နာခြင်း၊ မရဏ သေခြင်း ဟူသော ထိုဒုက္ခ (၃)မျိုးကို မုချဧကန် ရင်ဆိုင်တွေ့ရမည်သာ ဖြစ်ပါ၏။ မည်သူ တစ်ဦးတစ်ယောက်မျှ မတွေ့မကြုံရဘဲ ကျော်လွှားလွန်မြောက်နိုင်မည် မဟုတ်ပေ။ လူ့ဘ၀၏ အစသည် ဇာတိ (မွေးဖွါးခြင်း) ဖြစ်၍ လူ့ဘ၀၏ အဆုံးသည် မရဏ (သေခြင်း) ဖြစ်၏။ ထိုအစနှင့် အဆုံး (၂)ခုကြားတွင် ဇရာ အိုခြင်းနှင့် ဗျာဓိ နာခြင်းဟူသော ဆိုးကျိုး(၂)မျိုးတို့သည် အလယ်ဖြစ်ကုန်၏။

 

ကျန်းမာရေးအသိ ဆေးပညာ ဟူသည်  တိုက်ရိုက်အနေဖြင့် ဇရာနှင့် ဗျာဓိကို ကာကွယ်ပေးသော ပညာရပ်မျိုးဖြစ်၏။ ဇာတိနှင့် မရဏကို သွယ်ဝိုက်သောနည်းအားဖြင့် ကာကွယ်ပေးသော ပညာရပ် မျိုး ဖြစ်၏။    မမွေးဖွါးမီ ပဋိသန္ဓေမပျက်စီးစေရန် ကာကွယ်ရာ၌လည်မးကောင်း၊ သေရာ၌ပင် ပင်းပန်းဆင်းရဲစွာ မသေကြရဘဲ၊ သသတိရှိစွာ တရားနှလုံးသွင်းလျက် သက်သာစေရန် ဆောင်ရွက် မှုကို လည်းကောင်း၊ ထောက်ဆသော် လူသားတိုင်း တွေ့ကြုံကြရမည့် ပဋိသန္ဓေ၊ အို၊ နာ၊ သေရေး ဒုက္ခကြီး (၄)ရပ်ကို ကာကွယ်နိုင်သော ပညာသည် ကျန်းမာရေးအသိဉာဏ် ဆေးပညာသာ ဖြစ်ကြောင်း သဘောပေါက်နားလည်၍ လူတိုင်းကိုယ်စီ ကျန်းမာစေရန် ကြိုးစား အားထုတ်ရမည် သာ ဖြစ်ပါသည်။

 

ကျန်းမာကြောင်း၊ ရောဂါရကြောင်း (၄)ချက်။ ။

 

ကမ္မံ စိတ္တံ ဥတု အာဟာရောစေတိ စတာရိ ရူပသမုဋ္ဌာနာနိနာမ။

အဘိဓမ္မာကျမ်းများတွင် ရုပ်ကိုဖြစ်စေတတ်သော အကြောင်းတရားကို ပြဆိုရာ၌  ကံ၊ စိတ်၊ ဥတု၊ အာဟာရ (၄)ပါးရှိကြောင်း ဖွင့်ဆိုထားသည်ကို တွေ့ရသည်။ (အဘိဓမ္မတ္ထသင်္ဂဟ၊ ပါ၊ ၁၀၂) ဆိုလိုရင်းမှာ လူတို့၏ ခန္ဓာကိုယ်မှာ ကျန်းမာစေသော အကြောင်းတရား၊ ရောဂါရစေသော အကြောင်းတရားသည်လည်း ဤ(၄)ပါးပင် ဖြစ်ကြောင်း သဘောပေါက် နားလည်ရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ အကြောင်းတရား(၄)ပါးရှိသော်လည်း ဤနေရာ၌ (၄)ပါးလုံးကို အကျယ်ဖွင့်ဆို မပြသာပြီ။

 

ဤဆောင်းပါး၌ အဓိက ရေးလိုရင်း အကြောင်းမှာ အာဟာရ ဟူသော အစားအစာနှင့် ပတ်သတ်သော အပိုင်းကိုသာ ဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။ “တန်ဆေး လွန်ဘေး” ဟူသော အစားအစာနှင့် ပတ်သက်၍ သတိပေးထားသော စကားပုံနှင့်အညီ အစားအစာ ဟူသည် နည်းမှန် လမ်းမှန် စားတတ်သူအတွက် ဓါတ်စာတ်မျိုးဖြစ်၍ ဆေးသောက်သကဲ့သို့ ကျန်းမာနိုင်၊ ရောဂါကင်းနိုင်၊ အသက်ရှည်နိုင်ပါသည်။ နည်းမှန် လမ်းမှန် မစားတတ်သူအတွက် စားလိုက်သော အစားအစာသည် အာဟာရ မဖြစ်ဘဲ၊ “အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း” ဟူသော စကားပုံလို မတည့်သော အစားအစားကို စားမိ၍ ဘေးဖြစ်ကာ ရောဂါရနိုင်၊ အသက်တိုနိုင်ပါသည်။

 

အချို့သူတို့သည် မတည့်မှန်းသိလျက်နှင့် စားချင်ကြ၏။ စားပြီး ဆေးသောလိုက်လျှင် ကိစ္စမရှိလောက်ပါဘူးဟု ယူဆကာ စားနေကြ၏။ တည့်သောအရာများတွင်မူ မကြိုက်သော အရသာဆိုလျှင် ဆေးပင်ဖြစ်စေဦးတော့ မသောက်ချင်ကြပေ။ ထို့ကြောင့် တည့်တာကို မစားချင်ဘဲ၊ မတည့်တာကိုမှ စားချင်သူတို့အတွက် ဘုရားဟော ကျန်းမာရေးနည်းလမ်း အချို့ကို ဆွေးနွေးတင်ပြသွားပါမည်။

 

ဘုရားနည်း၊ လေးငါးလုပ်လျှော့စားပါ။ ။ 

 

ဝေဿန္တရာဇာတ်တော်လာ ဇူဇကာ ပုဏ္ဏားသည် အစားလွန်၍ စားပိုးနင့်ပြီး သေဆုံးခဲ့ကြောင်း အများသူငါ ကြားဘူးကြ၏။ သိရှိပြီး ဖြစ်ကြ၏။ သို့သော် ယနေ့ခေတ်တွင် ဇူဇကာ ပုဏ္ဏားလို ပွဲချင်းပြီး မသေဘဲ၊ အစားအစာကြောင့် ရောဂါရပြီး၊ တဖြည်းဖြည်းချင်း သေကြရသူများကိုယ်မူ လူတိုင်း မသိကြချေ။ အစားမတတ်၍ သေကြရသူများကို စာရင်းပြုစုမည်ဆိုသော် နည်းမည် မဟုတ်ပေ။

 

လူသည် ရမ္မက်၏ကျေးကျွန်အဖြစ်မှ မတော်လှန်နိုင်သေးရကား မြတ်မြတ်ကလေးစားရသောအခါ ရသတဏှာကို မထိန်းနိုင်ဘဲ၊ မဆံ့မပြဲ စားတတ်ကြ၏။ အထူးသဖြင့် ကောင်းကောင်းနှင့် အလကား စားရသောအခါမျိုး၌ ပို၍စားမိတတ်ကြ၏။

 

ကျမ်းဂန်လာ ဥပမာအတိုင်းဆိုသော် အချို့သည် အဘယ်မျှအထိ စားတတ်ကြသနည်းဆိုသော် ပါးစပ်ဝကနေပြီး ကျီးနှိုက်၍ ရလောက်အောင် အထိပင် စားတတ်ကြ၏။ အချို့မှာအစားလွန်၍ မအီမသာ ဖြစ်သောကြောင့် ခြေမမှ ရေလောင်းချပေးရ၏။ အချို့မှာမူ ချက်ချင်း ရေချိုးပေး လိုက်ရ၏။ အချို့မှာ ပရိဿတ်ထဲက မြန်မြန်ထပြန်သွားရ၏။ အချို့မှာ ပြန်၍ အန်ထွက်သည် အထိပင် စားတတ်ကြပါသည်။ (၀ိသုဒ္ဓိမဂ်၊ ထာ။)

 

ဤသို့ ပါးစပ်က အစားပိုလေတိုင်း ၀မ်းမီး ပါစက တေဇော၏ ချက်အားပြုတ်အားမှာလည်း ပို၍ အလုပ်များရ၏။ မနိုင်မနင်းဖြစ်ရ၏။ နို့ဆီဗူး(၄)လုံးခန့် ချက်နိုင်သော မီးဖိုတွင် (၈)လုံးလောက် ချက်သောအခါ ထမင်း ကောင်းစွာ မနပ်နိုင်သကဲ့သို့ အစားအစာကို များများပို၍ စားသောအခါ ၀မ်းမီး ပါစက တေဇောက ကောင်းစွာ မချေချက်နိုင်ဘဲ၊ အစာမကြေနိုင် ဖြစ်လာရ၏။ “ပါးစပ်အလို စအိုမခံနိုင်” ဖြစ်လာရ၏။ ဤသို့ အလွန်အကျွံ စားပါများလာသောအခါ ၀မ်းမီး နုံ့လာ၊ ညံ့လာတတ်၏။ ထိုမှဆက်၍ ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်လာတတ်ပါသည်။

 

သို့ဖြစ်၍ အစားအစာနှင့် ပတ်သတ်ပြီး အန္တရာယ်မရှိ၊ ချက်ချင်း အစာကြေစေနိုင်ရန်အတွက် “စတ္တာရော ပဉ္စအာလောပေ အဘုတွာ ဥဒကံ ပိဝေ။”

“ထမင်းစားသည့်အခါ လေးငါးလုတ်လျှော့စားပါ။ ထိုသို့လျှော့စားထားသော လေးငါးလုတ်စာကို ရေသောက်လိုက်ပါ။” ဟု မြတ်စွာဘုရားက တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်တို့အား ညွှန်ကြား တော်မူခဲ့ပါသည်။ ဗိုက်ပြည့်လွန်းသည့်အတွက် မအီမသာ ဖြစ်ခြင်း၊ ထိုင်၍လည်း အဆင်မပြေ၊ သွား၍လည်း အဆင်မပြေ ခြင်း၊ ကြာလာသောအခါ ကျန်းမာရေးကို ထိခိုက်တတ်ပါသည်။

(၀ိသုဒ္ဓိမဂ်၊ ပါ၊ ပ၊ ၃၂။ ဒီဃ၊ ၂၊ ဋ္ဌ၊ ၃၇၀။ အဘိ၊ ၁၊ဋ္ဌ၊ ၄၃၂။ ပါ၊ ၂၆၂။ မဟာနိ၊ ဋ္ဌ၊ ၃၀၂)

 

စရဏတရား(၁၅)ပါးနှင့် အစားအစာ စားရာ၌ ဆင်ခြင်မှု။ ။

 

အစားအစာကို သင့်တင့်ရုံ စားတတ်မှုသည် လွယ်ကူလှသည့် အကျင့်ကား မဟုတ်ပါချေ။ မြတ်စွာဘုရား၏ ဂုဏ်တော်(၉)ပါးတွင် တတိယဂုဏ်တော်ဖြစ်သော ၀ိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်၌ ပါဝင်သည့် ၀ိဇ္ဇာ(၃)ပါး၊ စရဏ(၁၅)ပါးတွင် အစားအစာကို စားရာ၌ အတိုင်းအရှည်ကို သိခြင်း သည်လည်း “ကျင့်စဉ် စရဏ” တစ်ခုအဖြစ် ပါဝင်နေသည်ကို ထူးထူးခြားခြား တွေ့ရသည်။   

(၀ိ၊ ၁၊ ဋ္ဌ၊ ၉၂။)

 

ကျန်းမာခြင်းအကျိုးကို လက်တွေ့အရယူလိုသူသည် အစားအစာ စားသောက်သည့်ကိစ္စကို ပေါ့ပေါ့တန်တန် မထင်မှတ်သင့်ပေ။ အစားအစာ ပိုမိုစားမိခြင်းကြောင့် ကျန်းမာရေး မပျက်စေရန်၊ ရောဂါမရစေရန် သတိထားသင့်ပါ၏။ မိမိဝမ်းဗိုက် အတိုင်းအရှည်ကိုသိပြီး အစားအစာကို မျှမျှတတ စားခြင်းဖြင့် ကျန်းမာခြင်းအကျိုးကို အရယူရန် အစဉ်လုံ့လစိုက်သင့်ပေသည်။ ထမင်းစားပွဲသို့ ထိုင်တိုင်း စားပိုးနင့်၍ ဒုက္ခရောက်ရသော ဇူဇကာပုဏ္ဏားနှင့် အစာအာဟာရ မှီဝဲရာ၌ အတိုင်း အဆကို သိသော မြတ်စွာဘုရား၏ ဂုဏ်တော်ကို သတိရပြီးစားလျှင် ကျန်းမာရေးအတွက် အကျိုးးရှိနိုင်မည် ဖြစ်ပါသည်။

 

အစားကြီးသော ကောသလနှင့် မြတ်ဗုဒ္ဓ၏ ပိန်ဆေး။ ။

 

ဖြူ, မည်း, ဆူ, ကြုံ, နိမ့်, မြင့် ဟူသော အပြစ်(၆)ပါးတွင် အ၀လွန်ခြင်း (ဆူဖြိုးလွန်ခြင်း)မှာလည်း အပြစ်တစ်ခုပင် ဖြစ်သည်။ ခန္ဓာကိုယ် ၀လွန်း(ဆူဖြိုးလွန်း)သော ပုဂ္ဂိုလ်များသည် အသွား အလာခက်၊ အစားအသောက်ခက်၊ အနေအထိုင်ခက်၍ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ရတတ်၏။ အ၀လွန်ခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ ဖြစ်တတ်၏။ ရောဂါမရလျှင်သော်မှ ၀လွန်းသော ခန္ဓာကိုယ်ကြီးကို သယ်ဆောင်ရသောကြောင့် ဒူးနာရောဂါကား မလွဲမသွေ ရရှိပေလိမ့်မည်သာ။ ထို့ကြောင့် ၀လွန်းသောသူတို့သည် ဆေးအမျိုးမျိုးတို့ကို ၀ယ်ယူစားသုံးနေကြရခြင်းဖြစ်ပါ၏။ ၀သူများကို အပြစ်ဆိုခြင်း မဟုတ်ပေ။ အများစု ဖြစ်တတ်သော သဘာဝကို ဆိုခြင်း ဖြစ်ပါ၏။ ပိန်သူကို ၀စေရန် လွယ်ကူသလောက် ၀သူကို ပိန်စေရန်ကား မလွယ်ကူလှချေ။

 

ယနေ့ခေတ် TV သတင်းစာများကို ကြည့်လျှင် ၀အောင်ပြုလုပ်နည်း (သို့မဟုတ်) ၀ဆေး ကြော်ငြါ ခြင်းကို မတွေ့ရဘဲ၊ ပိန်ဆေး၊ ပိန်စေသောနည်းလမ်း၊ ၀ိတ်ချသော ကိရိယာ စသည်တို့ကိုသာ ကြော်ငြါ၍ ရောင်းချနေခြင်းကို ကြည့်လျှင် ယနေ့ခေတ်တွင် ပိန်သူထက် ၀သူက များနေကြောင်း သိသာလှပေသည်။ အကြောင်းမှာ ယနေ့ခေတ်လူတို့သည် အရာရာအတွက် ယခင်ကလို အင်အား စိုက်၍ မလုပ်ရခြင်း၊ ထမင်းပေါင်းအိုး၊ အ၀တ်လျှော်စက် စသည်ဖြင့် စက်ကိရိယာ အကူအညီဖြင့် သက်တောင့်သက်သာ ဖြစ်လွန်းလာခြင်း၊ ကျန်းမာရေးအတွက် ကိုယ်လတ်လှုပ်ရှားမှု နည်းပါး လာခြင်း၊ နေ့စဉ် စားသောက်နေသော အစားအစာတို့တွင် အဆီဓါတ်များ လွန်ကဲစွာ ပါဝင်နေခြင်း တို့ကြောင့်လည်း ဖြစ်ပါ၏။  

 

ထို့ပြင် သတင်းတစ်ပုဒ် ဖတ် ဖတ်လိုက်ရ၏။ အမေရိကန်နိုင်ငံရှိ အချို့သောတက္ကသိုလ်များတွင် တက္ကသိုလ်ဝင်ခွင့် စည်းကမ်းများ၌ ၀လွန်းသောသူများ (သတ်မှတ်ထားသော ပေါင်ချိန်ထက် ပိုသောသူများ) ကို အဆိုပါ တက္ကသိုလ်များသို့ တက်ရောက် ပညာသင်ခွင့် မပြုကြောင်းပင် ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ယနေ့ခေတ်လူငယ်များတွင် ၀သောသူများ အဆမတန် များပြားလာ ခြင်းကြောင့် အနာဂတ်ကာလတွင် ထိုစံချိန်ကို လျှော့ချနိုင်ရန် ရည်ရွယ်ကာ တက္ကသိုလ်ဝင်ခွင့် စည်းကမ်းချက်များတွင် ထည့်သွင်းထားခြင်းဖြစ်ကြောင်း သိရပါသည်။

 

အစားကြီးသော ကောသလမင်း။ ။

 

ဗုဒ္ဓဘာသာ သာသနာတော် သမိုင်းတွင် အစားကြီးသောမင်း (အစားအကြီးဆုံးမင်း) ရှာကြည့်ပါလျှင် ပေဿနဒီ ကောသလမင်းကို တွေ့ရပါမည်။ ထိုမင်းကြီးသည် တစ်ခါတစ်ခါစားလျှင် ဆန် တစ်စိတ်နှင့် ဆိတ်တစ်ကောင်ချက်ကို ကုန်အောင် စားနိုင်သည်ဟု ဆို၏။ အစားကြူးလွန်း၍ သူ၏ ၀မ်းဗိုက်ကြီးမှာလည်း အခြားသူများထက် ပို၍ မို့မောက်နေပေသည်။ ယင်းသို့ ၀မ်းဗိုက်စူနေ၍ ပွဲတော်ဆက်သသောအခါ ရှေ့တည့်တည့်မှ ဆက်သ၍ မရဘဲ၊ နံဘေးဘက်မှ ဆက်သရသော ကြောင့် သူ့ကို “ပေဿနဒီ” ဟု ခေါ်ဝေါ်ကြသည်။ တစ်နည်းအားဖြင့် လှိုင်းတံပိုးထသောမြစ်နှင့် တူသော ဗိုက်ခေါက်ရှိသောမင်း၊ (၀ါ) ဗိုက်ခေါက်ထူမင်းဟု ကျမ်းဆရာတို့က ဖွင့်ပြကြ၏။

 

သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရေလောင်းချသောအခါ သူ၏ဗိုက်ခေါက်မှာ အရစ်အရစ်ထနေသောကြောင့် ရေသည် ချက်ချင်း အောက်သို့ မဆင်းနိုင်ဘဲ၊ ဗိုက်ခေါက်တစ်လျှောက် မြစ်ကဲ့သို့ လှည့်ပတ် စီးဆင်းသွားသောကြောင့်  “ပေဿနဒီ” ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။ ဤသည်မှာ“ပေဿနဒီ” ဟု “ဿ” ကြီး အက္ခရာဖြင့် ရှိသည်ကို ရှင်းလင်းချက် ဖြစ်ပါသည်။ “ပသေနဒီ” ဟု “သ” ငယ် အက္ခရာဖြင့် ရှိခြင်းမှာ ရှေးရှု ရင်ဆိုင် ပြိုင်လာသူ ရန်သူအပေါင်းကို အောင်နိုင်သောမင်းဟု အဓိပ္ပါယ်ရပါသည်။ ဤအမည်မှာ ပသေနဒီ ကောသလမင်း၏ သူရသတ္တိကို စွဲ၍ ရရှိသောအမည် ဖြစ်ပါသည်။

 

ဝလွန်းတော့ အထိုင်ခက်။ ။

 

တစ်နေ့သောအခါ ကောသလမင်းကြီးသည် ထမင်းစားပြီးစအချိန်တွင် ဘုရားရှင်ကို ဖူးမျှော်ရန် ဇေတ၀န်ကျောင်းတော်သို့ သွားလေ၏။ ခန္ဓာကိုယ်ကလည်း ၀လွန်း၊ ဆန်တစ်စိတ်ချက် ထမင်း ကလည်း စားပြီးစအခါဖြစ်နေ၍ ကောသလမင်းကြီးမှာ ဘုရားရှင်၏ ရှေ့တော်မှောက်တွင် မလှုပ်သာ မလှည့်သာဘဲ၊ နေမထိ ထိုင်မသာ၊ ကသိကအောက် ဖြစ်နေရရှာလေသည်။ သူ၏၀မ်းဗိုက်ကြီးမှာ အစာများ ပြည့်နှက်နေ၍ အသက်ကိုပင် မှန်မှန်မရှူနိုင်၊ နှာခေါင်းမှလည်း တရှူးရှူး တရှဲရှဲ အသံထွက်၍ နေပြန်လေသည်။ အခါတိုင်း၌ တရားနာလျှင် အိပ်ငိုက်၍ နေလေ့ရှိရာ၊ ယခုအခါ၌မူ ပရိသတ်ကလည်း အနည်းငယ်မျှသာရှိ၍ ဘုရားရှင်အား မရိုသေရာကျမည် စိုးသောကြောင့် မအိပ် ငိုက်စေရန် သူ့ခမျာ အတော်ပင် ကြီုးစား၍ နေရရှာလေသည်။

 

ဝမ်းဗိုက်တွင်းမှ စားထားသော အစာရှိန်ယစ်မှုကြောင့် သူ၏ခန္ဓာကိုယ်မှ ချွေးများ ယိုစီးကာ ထွက်လာသောကြာင့် ၀တ်ဆင်ထားသော အ၀တ်တန်ဆာများကိုပင် စိုရွှဲကုန်လေသည်။ ချွေးထွက် လွန်းအားကြီး၍ မင်းကြီးအား ဘေးတစ်ဘက်တစ်ချက်မှ လူများက ၀ိုင်း၍ ယပ်ခပ်ပေးကြရသည်။ ထိုသို့သော မြင်ကွင်းမှာ ဘုရားရှင်၏ ရှေ့မှောက်တွင်ဖြစ်၍ ကြည့်ရ အဆင်မပြေသော မြင်ကွင်း တစ်ခုပင် ဖြစ်ပါသည်။ ယင်းကဲသို့ ချွေးကလည်းထွက်၊ အသက်ရှူသံကလည်းပြင်းထန်၊ အနေရ အထိုင်ရလည်း ခက်ရှာသော ကောသလမင်းကြီး၏ အဖြစ်ကို တွေ့မြင်ရသောအခါ ဘုရားရှင်က ကောသလမင်းကြီးနှင့် သင့်လျော်သောတရားကို ဟောတော်မူခဲ့လေသည်။ 

 

ဘုရားရှင်ပေးသော ပိန်ဆေး။ ။

 

မနုဇဿ သဒါ သတမတော၊ မတ္တံ ဇာနတော လဒ္ဓဘောဇနေ။

တနုကဿ ဘ၀န္တိ ဝေဒနာ၊ သဏိတံ ဇိရတိ အာယုပ်လယံ။

 

“ကောသလမင်းကြီး၊ အစာအာဟရ စားသောာက်သောအခါ အမြဲတမ်း သတိတရား လက်ကိုင် ထားပြီး။ မိမိဝမ်းတွင်းရှိ ပါစက ၀မ်းမီး ချက်နိုင်အောင်၊ အစားအစာကို အတိုင်းအဆနှင့် စားသင့်၏။ အစားအစာဆိုသည်မှာ မိမိမ်းနှင့် တန်ရုံ စားလျှင် ဆေးသဖွယ်ဖြစ်၍ အလွန်အမင်းစားလျှင် ဘေး အန္တရာယ် ဖြစ်တတ်၏။ မိမိဝမ်းမီး အတိုင်းအဆကို သိ၍ စားသောက်တတ်သူမှာ ရောဂါ ဝေဒနာ ကင်းရှင်းပြီး၊ ကျန်းမာရေးလည်းရ၊ ရုပ်ရည်လည်း တော်တော်နှင့် အရွယ်မကျဘဲ၊ အသက်ကိုလည်း ရှည်စေတတ်ပါသည်။

 

ထို့ကြောင့် ဒကာတော် မင်းကြီးသည်လည်း ကျန်းမာရေး ကောင်း၍ မအိုလွယ်ဘဲ၊ အသက်ရှည်ရှည် နေလိုပါလျှင် အစားအစာကို အတိုင်းအဆနှင့် စားသင့်ပါသည်။”

ကောသလမင်းကြီးသည် မြတ်စွာဘုရား မိန့်ကြားချက်ကို ကြားနာရသောအခါ မိမိအတွက် များစွာအကျိုးရှိသောကြောင့် နောက်တော်မှ ပါလာသော သုဒဿနလုလင်အား အောက်ပါအတိုင်း မှာကြားစေခိုင်းခဲ့သည်။

 

“အမောင်လုလင် သည်ဂါထာကို မြတ်စွာဘုရားထံမှ ရအောင် သင်ယူခဲ့ပါ။ သင်ယူပြီးနောက် ငါပွဲတော်တည် ထမင်းစားတိုင်း စားတိုင်း သတိပေးသည့်အနေဖြင့် အမြဲတမ်း ရွတ်ဆိုပေးပါ။ သင့်အား နေ့စဉ်နေ့တိုင်း ဆုတော်ငွေ တစ်ထောင် ပေးမည်” ဟု မှာကြားပြီး၊ မြတ်စွာဘုရားကို ဦးချကန်တော့ကာ နန်းတော်သို့ ပြန်သွားလေသည်။  သုဒဿနလုလင်သည် မင်းကြီး၏ မှာကြားချက်အတိုင်း ဘုရားရှင်ထံမှ ထိုဂါထာကို နှုတ်ရ သင်ယူခဲ့သည်။

 

ဘုရားရှင်သည် သုဒဿနလုလင်အား သင်ကြားပေးပြီးနောက် ဂါထာဆိုရမည့် အချိန်အခါနှင့် ဂါထာဆိုပုံဆိုနည်းကိုလည်းကောင်း၊ အစားလျော့ပုံ နည်းစနစ်ကိုလည်းကောင်း အောက်ပါအတိုင်း ညွှန်ပြတော်မူလိုက်သည်။

 

“အမောင်လုလင် သင်သည် ဤဂါထာကို ကချေသည်ကဲ့သို့ ရောက်ရာနေရာမှာ ပေါက်ကရ မဆိုလေနှင့်။ ကောသလမင်းကြီး စားတော်ခေါ်ချိန်ရောက်မှသာ ဤဂါထာကို ရွတ်ဆိုပါ။ ဆိုရာတွင် လည်း မင်းကြီး ပွဲတော်တည်စမှာ မဆိုလေနှင့်ဦး။ နောက်ဆုံး ထမင်းလုတ် ရောက်မှသာ ရွတ်ဆိုပါ။ မင်းကြီးသည် သင့်အသံကို ကြားလျှင် ကျန်ထမင်းကို ဆက်မစားဘဲ၊ မင်းကြီး ပွဲတော်တည်ခြင်းကိစ္စ ရပ်သွားပါလိမ့်မည်။ ထိုလက်ကျန် ထမင်းကို သင်သေသေချာချာ မှတ်သားထားပါ။ နောက်ရက် များတွင်လည်း သည်အတိုင်း ရွတ်ဆိုပေးပါ။ ထပ်ပြီး လျှော့သွားပါလိမ့်မည်။ ဤကဲ့သို့ တစ်နေ့လျှင် တစ်လုတ်စာ တစ်လုတ်စာ မှန်မှန် လျှော့လာလျှင် သာမန်လူတို့ စားသောက်သည့် အချိုးအစားသို့ ရောက်လာပါလိမ့်မည်။ ဤဂါထာကို နံနက်စာ ပွဲတော်တည်စဉ်မှာ မရွတ်ဆိုပါနှင့်။ ညစာ ပွဲတော်တည်စဉ် အချိန်မှာသာ ရွတ်ဆိုပါလေ” ဟု အသေအချာ မှာကြားသင်ကြားပေးလိုက်သည်။

 

နန်းတော်သို့ ရောက်သောအခါ သုဒဿနလုလင်သည် ဘုရင်ကြီး ပွဲတော်တည်တိုင်း အဆိုပါ ဂါထာကို ဘုရားရှင် သင်ပေးသည့်အတိုင်း နေ့စဉ် နေ့တိုင်း ရွတ်ဆိုပေးလေသည်။ ဘုရင်ကြီး သည်လည်း ဤဂါထာကို ကြားရသောအခါ ဘုရားရှင်၏ တရားသံကို အမှတ်ရပြီး၊ စားလတ်စ ထမင်းကို ဆက်လက် မစားတော့ဘဲ၊ ရွှေခွက်ထဲမှာပင် ပြန၍ ချထားကာ ထမင်းစားခြင်းကို အဆုံးသတ်လိုက်လေသည်။ သုဒဿန လုလင်အားလည်း နေ့စဉ် အသပြာငွေ တစ်ထောင် ဆုချလေသည်။

 

ဘုရားရှင်ပေးသောနည်းသည် အစားလျော့ရာတွင် တစ်ခါတည်းနှင့် အပြတ်လျော့ပစ်ခြင်းမျိုး မဟုတ်ဘဲ၊ တစ်နေ့မှ တစ်လုတ်စာသာ လျော့စားသောကြောင့် ကောသလမင်းကြီးအတွက် အခက်အခဲ သိပ်မရှိပေ။ အစားကြီးသူတို့အတွက် ဘုရားရှင်ပေးသော နည်းလမ်းဖြစ်၍ အတု ယူသင့်ပါ၏။ ကောသလမင်းကြီးသည် ထိုကဲ့သို့ တစ်လုတ်စာ တစ်လုတ်စာ နေ့စဉ်လျော့လာခဲ့ရာ ဆန်တစ်စိတ်ချက် စားသည်မှ ဆန်တစ်စလယ်ချက်( နို့ဆီဗူးနှစ်လုံးချက်) စားသူ အဖြစ်သို့ ရောက်လာခဲ့တော့သည်။

 

သုဒဿန လုလင်သည်လည်း နေ့စဉ်နေ့တိုင်း ဘုရားရှင်ထံသို့ ကောသလမင်းကြီး၏ အခြေအနေကို လျှောက်ထားရန် သွားရသည်။ တစ်နေ့သောအခါ ဘုရားရှင်က “အမောင်လုလင် မင်းကြီးသည် အဘယ်မျှလောက်စားလျှင် ၀၀မ်းဝသော အခြေအနေသို့ ဆိုက်ရောက်ပြီနည်း။” ဟု မေးတော်မူရာ “ မင်းကြီးသည် တစ်စလယ်ချက်မျှ စားလျှင် တင်းတိမ်နိုင်သော အခြေအနေသို့ ဆိုက်ရောက် နေပါပြီဘုရား”။ ဟု သုဒဿန လုလင်က ပြန်လည်လျှောက်ထားခဲ့လေသည်။

 

ထိုအခါ ဘုရားရှင်က “တစ်စလယ်ချက် စားသည် ဆိုသည်မှာ ယောက်ျားများအဖို့ သင့်တော် လောက်ပေပြီ။ ယနေ့မှစ၍ ဤဂါထာကို မရွက်ဆိုနှင့်တော့။” ဟု မိန့်တော်မူလေသည်။ ထိုနေ့မှစ၍ သုဒဿန လုလင်သည်လည်း ဘုရားရှင်၏ ဂါထာကို မရွတ်ဆိုတော့ချေ။

 

ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်ပေးသော နည်းအတိုင်း တစ်နေ့လျှင် တစ်သလယ်ချက် မျှသာ စားသောက်လာခဲ့ရာ သူ၏ခန္ဓာကိုယ်ကြီးမှာလည်း အလေးချိန် လျှော့ကျသွားခဲ့ရာ ယခင်က ကဲ့သို့ မအီမသာ မဖြစ်တော့ဘဲ၊ သွားလာရာ၌လည်း ပေါ့ပါးလွယ်ကူ၊ နေထိုင်ရာ၌လည်း ချမ်းသာ ရာရပြီး၊ တရားနာရာတွင်လည်း မအိပ်ငိုက်တော့ဘဲ ကောင်းမွန်စွာ နာယူ မှတ်သားနိုင်၍ အလွန် စိတ်ရွှင်လန်းမှုကို ရခဲ့လေသည်။

 

“သားချစ်ယူမှတ်၊ ဤလူ့ဇာတ်၌

လျောက်ပတ်ကျင့်ငြား၊ လျောက်ပတ်စားနှင့်

ဆေးဝါး စာကြေ၊ သွားထွေကာလ

ဗြဟ္မစာရီ၊ ဤငါးလီမူ

လောကီလူပေါင်း၊ သက်ရှည်ကြောင်းတည်း။ ။”

 

ကောသလမင်းကြီး၏ ဥဒါန်းစကား။ ။

 

ကောသလမင်းကြီးသည် ညတစ်ညတွင် လင်းထိန်ကြည်လင် သာယာသော လရောင်ကို မော့ကြည့် ၍ “မိမိ ယခုကဲ့သို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလာရခြင်းမှာ ဘုရားရှင်၏ ကျေးဇူးတော် ကြောင်းပင် ဖြစ်သည်” ဟု တွေးတောနေပြီးလျှင် အတိုင်းအဆမသိအောင် များပြားလှသော ဘုရားရှင်၏ ကျေးဇူးတော်တို့ကို အောက်မေ့သတိရကာ……..

 

“သြော်…ဘုရားရှင်သည်ကား ငါ၏ခန္ဓာကိုယ်အား သက်တောင့်သက်သာ ဖြစ်စေတတ်သော မျက်မှောက် အကျိုးကိုလည်း ညွှန်ပြတော်မူခဲ့ပြီ။ အစာကြောင့် ဖြစ်ပေါ်လာသော အိပ်ချင်ခြင်း၊ ငိုက်မျဉ်းခြင်း၊ သမ်းဝေခြင်း ထိနမိဒ္ဓ တရားဆိုးတို့မှလည်း ကင်းဝေးစေခဲ့ပါပြီ။ သုဂတိဘ၀သို့ ရောက်စေတတ်သော အစားအစာ၌ အတိုင်းအရှည်ကို သိတတ်ခြင်း၊ သီလဟူသော တမလွန် အကျိုးကိုလည်း ညွှန်ပြတော်မူခဲ့ပါပြီ။ ဘုရားရှင်၏ ကျေးဇူးတော်တို့ကား အတိုင်းအဆမရှိ ကြီးမားပါဘိတကား” ဟု

မြတ်စွာဘုရားရှိရာ ဇေတ၀န်ကျောင်းတော်သို့ အာရုံပြုကာ လက်အုပ်ချီမိုး ရှိခိုးပြီး၊ ရွှင်လန်း ဝမ်းမြောက်စွာ ဥဒါန်းစကား ကျူးရင့်ခဲ့လေသည်။

 

သုခ ချမ်းသာခြင်း(၃)မျိုး။ ။

 

နောက်တစ်နေ့တွင် ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်ရှိရာ ဇေတ၀န်ကျောင်းတော်သို့ သွားရောက်၍ သူ၏ခံစားချက်ဖြစ်သော သုခ(၃)မျိုးကို ၀မ်းသာအားရ လျှောက်ထားခဲ့လေသည်။

 

“၁။ မြတ်စွာဘုရား၊ တပည့်တော်သည် အရှင်ဘုရားထံမှ လမ်းညွှန်မှုကို မရမီ အလွန်လေးလံသော ဤခန္ဓာကိုယ်ကြီးကို သယ်ပိုးနေရ၍ အမြဲတစေ စိတ်ဆင်းရဲမှု ဖြစ်နေခဲ့ရပါသည်။ ယခုအခါတွင် ယခင်ကနှင့်မတူဘဲ၊ လေကဲ့သို့ လျင်မြန်သော သားကောင်ကိုပင် ဖမ်းယူနိုင်သည့်အခြေသို့ ဆိုက်ရောက်နေပြီဖြစ်၍ ချမ်းသာသုခ ရရှိခဲ့ပါပြီဘုရား။

 

ရှေးယခင်က တူတော် အဇာတသတ်နှင့် မကြာခဏ စစ်ဖြစ်ပွါးရာ ရှုံးချည်တစ်ခါ နိုင်ချည် တစ်လှည့် ဖြစ်၍ တပည့်တော်အဖို့ စိတ်ညစ်ခဲ့ရပါသည်။ ယခုမူ သမီးတော် ၀ဇိရကုမာရီနှင့် တူတော် အဇာတသတ်ကို လက်ဆက်ပေးလိုက်၍ ထိုရန်မှ ငြိမ်းအေးသွားသောကြောင့်လည်း စိတ်ချမ်းသာမှု ဖြစ်ရပါသည်ဘုရား။ ဤသည်မှာ တပည့်တော် ခံစားရသော ပထမ ၀မ်းသာမှု သုခပင် ဖြစ်ပါသည် ဘုရား။

 

၂။ ဒုတိယ ခံစားရသော သုခမှာ ဘုရင်အဆက်ဆက် သုံးစွဲခဲ့သော နန်းစဉ် ပတ္တမြားကြီး ပျောက်ဆုံး သွား၍ စိတ်ညစ်ခဲ့ရပါသည်။ ယခုမူ ထိုန်နးစဉ် ပတ္တမြားကြီးကို မမျှော်လင့်ဘဲ ပြန်လည် တွေ့ရှိ သောကြောင့် ချမ်းသာ သုခဖြစ်ရပါသည်ဘုရား။

 

၃။ တတိယ ခံစားရသောသုခမှာ ၀ါသဘခတ္တိယာ သာကီဝင် မင်းသမီးနှင့် လက်ဆက်ခွင့်ရပြီး မြတ်စွာဘုရားရှင်၏ ဆွေတော်မျိုးတော်စပ်ခွင့် ရသောကြောင့် ချမ်းသာသုခ ဖြစ်ရပါသည်ဘုရား။

 

အမြတ်ဆုံး ချမ်းသာ။ ။

 

ပေဿနဒီ ကောသလမင်းကြီးက သူခံစားရသော ချမ်းသာသုခ (၃)မျိုးကို ဝမ်းသာအားရ လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်က အားလုံးအတွက် အမြတ်ဆုံးချမ်းသာကို အောက်ပါ အတိုင်း ဟေယကြားတော်မူခဲ့ပါသည်။

 

အာရောဂျ ပရမာ လာဘာ၊ သန္တုဋ္ဌီ ပရမံ ဓနံ။

ဝဿာသ ပရမံ ဉာတိ၊ နိဗ္ဗာန ပရမံ သုခံ။

 

- ရောဂါကင်း၍ ကျန်းမခြင်းသည် အမြတ်ဆုံးသော လာဘ်မည်၏။

- ရှိသမျှ ရသမျှဖြင့် တင်းတိမ်ရောင်ရဲခြင်းသည် အမြတ်ဆုံးသော ဥစ္စာမည်၏။

- ရင်းနှီး ချစ်ခင် ကျွမ်းဝင်ခြင်းသည် အမြတ်ဆုံးသော ဆွေမျိုးမည်၏။

- ဒုက္ခအပေါင်းတို့၏ချုပ်ရာ နိဗ္ဗာန်သည် အမြတ်ဆုံးသော ချမ်းသာမည်၏။

(ဓမ္မပဒ၊ ဋ္ဌ၊ ဒု၊ ၁၇၁။ ၃၁၅။ ပဏ်၊၂၊ ပါ၊ ၁၇၆။ ဋ္ဌ၊၁၅၂။ သဂါထာသံ ၊ပါ၊ ဂ၂။ ဋ္ဌ၁၄၀။)

 

အထက်ပါ ဘုရားဟောစကားကို မကြားဘူးသူ ဖြစ်လျှင်သော်မှ “လဘ်တကာတို့တွင် အနာရောဂါ ကင်းခြင်းသည် အမြတ်ဆုံးဖြစ်၏။ ချမ်းသာတကာတို့တွင် နိဗ္ဗာန်ချမ်းသာသည် အသာဆုံးဖြစ်၏” “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဤစကားရပ်ကိုကား ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားဘူးကြ၏။

 

ထိုစကားရပ်၏ အဓိပ္ပါယ်အတိုင်း မိမိတို့၏ ခန္ဓာကိုယ်၌ အနာရောဂါ မရှိခြင်းကို အမြတ်ဆုံးဟု မှတ်ယူကြ၏။ အနာရောဂါမရှိ၍ ကိုယ် စိတ်(၂)ပါလုံး ချမ်းသာခြင်းကို အသာဆုံးသော ချမ်းသာဟု ယူဆခဲ့ကြ၏။ အကယ်၍ မိမိခန္ဓာကိုယ်မှာ ရောဂါတစ်စုံတစ်ရာ ရရှိခဲ့လျှင် ပစ္စည်းဥစ္စာ မည်မျှ ချမ်းသာသူဖြစ်ပါစေ၊ အချွေအရံ ပရိဿတ်  မည်မျှ ပေါများသူဖြစ်ပါစေ၊ ပညာဘွဲ့ဒီဂရီ မည်မျှ တတ်မြောက်သူဖြစ်ပါစေ၊ တန်းခိုးသြဇာ အာဏာ မည်မျှ ကြီးမားသူဖြစ်ပါစေ ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းကို ရရှိခံစားရမည် မဟုတ်ပါလေ။

 

အနာရောဂါ ကင်းရှင်း၍ ကျန်းမာသောအခါမှသာလျှင် ကိုယ် စိတ်ချမ်းသာမှုကို လက်တွေ့ ခံစားရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမြတ်ဆုံးသော လာဘ်ကို ရယူလိုသူတိုင်း၊ ကိုယ် စိတ်(၂) ပါးလုံး ချမ်းသာလိုသူတိုင်းသည် ပဋိသန္ဓေ အို နာ သေဘေးကို ကာကွယ်နိုင်သော ကျန်းမာရေး အသိ ဆေးပညာဗဟုသုတတို့ဖြင့် မိမိတစ်ကိုယ်ရေ ကျန်းမာမှုမှသည် မိမိဆွေမျိုး မိမိရပ်ရွာ မိမိမြို့ မိမိနိုင်ငံတိုင်အောင် အဆင့်ဆင့်တိုးကာတိုးကာ ကျန်းမာချမ်းသာအောင် ကြိုးစားအားထုတ် နိုင်ကြပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါသည်။ ။

 

အရှင်ဥက္ကံသ

သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism)

 

Views: 144

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service