ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ရတနာအစစ်ရဲ့ အရိပ်စစ်

ရတနာအစစ်ရဲ့ အရိပ်စစ်


ရဟန်းသံဃာဆိုတဲ့ ရတနာတပါးရဲ့ ကျေးဇူးဟာ ဆရာ့ကျေးဇူးနဲ့ မိတ်ဆွေကျေးဇူး နှစ်ခုပေါင်း စာလောက် ရှိနေတာပဲ ဖြစ်ပါတယ်။  ရတနာထိုက်တဲ့ သံဃာများဟာ လူပုဂ္ဂိုလ်များကို သံသရာမှ လွတ်ကြောင်းတရား ညွှန်ကြားပဲ့ပြင်ပေးတဲ့ ဆရာ အနေနဲ့ရော လောကလူ့ဘုံမှာ ကျင်လည်ရခိုက် အတောအတွင်း တရားနည်းလမ်းကျကျ အေးချမ်းစွာ ဖြတ်သန်းနိုင်အောင် ကူညီဖေးမ လမ်းပြပေးတဲ့ မိတ်ဆွေအနေနဲ့ပါ ကျေးဇူးပြုလေ့ရှိပါတယ်။

မြန်မာ့လူ့ဘောင်မှာ သံဃာတွေရဲ့ အခန်းကဏ္ဍဟာ အားကိုးကြည်ညိုရာအဖြစ် အထင်အရှား ရှိနေဆဲပါ။  အထူးသဖြင့် ဆင်းရဲမွဲတေမှုတွေနဲ့ နပန်းလုံးပြီး လောကီလောကုတ် ပညာဉာဏ် အသိတွေ အားနည်းကြရရှာတဲ့ အများစု အောက်ခြေ လူထုအတွက် သံဃာ့အရိပ်ဆိုတာ လက်တွေ့ကျတဲ့ ကာယကံမြောက်အေးရိပ်ဖြစ်သလို အတွေးလှတဲ့ မနောကံမြောက်အေး ရိပ်လည်း ဖြစ်ရပါတယ်။  ဒါကြောင့် တချို့နေရာတွေမှာ သံဃာတွေဟာ သံသရာလွတ်ကြောင်းတရား ဟောပြောရုံတင်မက မိသားစု၊ အိမ်ထောင်ရေးပြသနာတွေမှာပါ ၀င်ပါပေးရတဲ့အထိ လူ့ဘောင်ရဲ့ အလယ်ခေါင်လိုနေရာမျိုးမှာ ရှိနေတတ်တာ ဖြစ်ပါတယ်။  တကယ်တော့ အဲဒီအနေအထား ကြောင့်ပဲ ရဟန်းသံဃာများရဲ့ လူ့ဘောင်အပေါ် ကျေးဇူးဟာ အတိုင်းအဆ မမှန်းနိုင်အောင် ကျယ်ပြန့်တယ်လို့ ဆိုရပါမယ်။

တကယ်တော့ ဗုဒ္ဓ္ဒစာပေကျမ်းဂန်ကို လေ့လာခြင်း၊ တရားဘာဝနာ အားထုတ်ခြင်း၊ အများနားလည် သိတတ်အောင် ဖြန့်ဝေ ဟောကြားခြင်းဆိုတဲ့ ပရိယတ္တိနဲ့ ပဋိပတ္တိဆိုတာ သံသရာမှ လွတ်မြောက် ခြင်းတရားအား ထိုးထွင်းသိမြင်ခြင်းဆိုတဲ့ ပဋိဝေဓ အလို့ငှာ အားထုတ်ရတဲ့အရာတွေသာ ဖြစ်ပါတယ်။  သာသနာကို စောင့်ရှောက်တယ်ဆိုတာ ပရိယတ္တိ၊ ပဋိပတ္တိလောက်နဲ့ မလုံလောက်ဘဲ ပဋိဝေဓဆိုက်မှ အစစ်အမှန် ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်မှာပါ။  ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရေအ တွက် ကို စောင့်ရှောက်တာဟာ ဗုဒ္ဒသာသနာကို စောင့်ရှောက်တာလို့ မဆိုနိုင်ပါဘူး။

ဒါပေမဲ့ ပညာရေးညံ့ဖျင်းရတဲ့ဘ၀မှာ ဓမ္မပညာရေးလည်း ချွတ်ခြုံကျခဲ့ရတာမို့ အများစုကြီးဟာ သာသနာ့အဆီအနှစ်ကို စောင့်ရှောက်ဖို့ မထက်သန်ကြဘဲ အလွယ်လမ်းဖြစ်တဲ့ ဘာသာ ကိုးကွယ်သူအရေအတွက်ကို စောင့်ရှောက်ဖို့ ထက်သန်လာခဲ့ကြပါတယ်။  ဒီနေရာမှာ ဆင်းရဲ မွဲတေမှုအတွက် အဖြေအဖြစ် ရဟန်းပြုခြင်းကို အသုံးပြုလာကြတဲ့ကိစ္စကဖြင့် အရိပ်ခိုရုံနဲ့ မရပ် တော့ဘဲ အခက်ချိုးတဲ့အထိ သက်ရောက်သွားတတ်တာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ အလုပ်အကိုင် ရှားပါးလာတာ၊ အလုပ်အကိုင်ကောင်းတွေအတွက် ပညာရေးလိုအပ်ချက် မြင့်မား လာတာ၊ လူမှုဘ၀လုံခြုံမှု လျော့နည်း လာတာတွေကြောင့်လည်း ရဟန်းအရိပ်၊ သင်္ဃန်းအရိပ်၊ သီလရှင်အရိပ်ကို လွယ်ကူတဲ့ထွက်ပေါက်အဖြစ် သုံးလာတာမျိုးတွေ ရှိလာပါတယ်။

အဲဒီလို အရိပ်ခို၊ ထွက်ပေါက်ရှာသူတွေ ရှိလာတဲ့အခါ လေ့လာကျင့်ကြံအားထုတ်မှုဆိုတဲ့ အခက်လမ်းကို ကြိုးပမ်းဖို့ မစွမ်းနိုင်တာကြောင့်ရော၊ ဒီလမ်းက သူတို့ တကယ်လိုအပ်နေတဲ့ အရိပ်နဲ့ ထွက်ပေါက်အတွက် သိပ်အသုံးမတည့်သလို ဖြစ်နေတာကြောင့်ပါ သူတို့အတွက် အလုပ်ဖြစ်မဲ့ အလွယ်လမ်းတချို့ကို ရှာဖွေကျင့်သုံးတာမျိုးတွေ ရှိလာပါတယ်။  တခြားဘာသာဝင်တွေ ဆောင်ရွက်တဲ့နည်းလမ်းတွေကို တွေ့မြင်တဲ့အခါ ကိုယ့်ဘာသာတရားနဲ့ ပတ်သက်တဲ့ ဓမ္မ ပညာရေးကလည်း မလုံလောက်ခဲ့တော့ သာသနာ့ကိုယ်ခံအားတွေ လျော့နည်းပြီး သူတို့လိုပဲ ကိုယ့် သာသနာကို စောင့်ရှောက်ကောင်းတယ်လို့ ထင်ယောင်ထင်မှားလည်း ဖြစ်လာကြပါတယ်။ ပဋိဝေဓဆိုက်တဲ့အထိ ကျင့်ကြံပွားများ အား ထုတ်နိုင်ဖို့ ဆိုတာကို အသာထားပြီး ပရိယတ္တိနဲ့ ပဋိပတ္တိကို အားထုတ်ဖို့ဆိုတာတောင် လွယ်ကူတဲ့ကိစ္စ မဟုတ်တာကြောင့်လည်း ဒီလမ်းကို ရှောင်ကွင်း လိုက်ကြပုံလည်း ရပါတယ်။  ဒီလိုနဲ့ ပညာချို့ လူတော်တော်များများက သာသနာကို စောင့် ရှောက်ဖို့ လူအရေအတွက်ကိုသာ အာရုံကျကြကာ လူ့အရည်အသွေးကိုတော့ (မစွမ်းနိုင်မဲ့ တူတူ) မေ့ပစ်လိုက်ကြမတတ် ဖြစ်လာခဲ့တယ်လို့ ယူဆပါတယ်။

ဒါကြောင့်လည်း ရဟန်းသံဃာများရဲ့ သာသနာပြုလုပ်ငန်းစဉ်များဟာ အင်မတန် အရေးကြီးသလို အရိပ်လည်း ကြီးတယ်လို့ ဆိုရတာပဲ ဖြစ်ပါတယ်။  မလွယ်လမ်းဖြစ်တဲ့ ပရိယတ္တိနဲ့ပဋိပတ္တိကို ကိုယ်တိုင်လည်း ကျင့်ကာ သူတပါးကိုလည်း ပဋိဝေဓ ဆိုက်ပါစေဆိုတဲ့ သာသနာစောင့်စေတနာနဲ့ မျှဝေဟောပြောညွှန်ကြားဖေးမမှုကို စိုက်လိုက်မတ်တတ် ကျင့်သုံးနေကြတဲ့ ရဟန်းသံဃာတွေဟာ အဲဒီအလုပ်လောက်နဲ့ကို မအားနိုင် မနားနိုင် ဖြစ်နေကြမှာ အသေအချာပါပဲ။  ဒီအခါမှာ အလွယ်လမ်းလိုက်တဲ့ အရိပ်ခိုတွေကတော့ ဒီလောက်အလုပ်မများတာမို့ ရပ်ထဲရွာထဲကလူထုနဲ့ အထိအတွေ့ ပိုများခွင့် ရလာကြပါတယ်။  အလွယ်လမ်းသမားမို့ အလွယ်လမ်းစကားသာ ပြောဟောလေတော့ ရပ်ထဲရွာထဲက ပညာချို့လူတွေ အတွက် နားလည်ရမခက်တာကြောင့် သူတို့စကားတွေ ပေါက်မြောက်လာကြပါတယ်။ သူတို့တရားတွေ ဖောင်းပွ လာကြ ပါတယ်။

အဲဒီအချိန်မှာ အခက်လမ်းလျှောက်နေကြတဲ့ ရဟန်းသံဃာတွေကတော့ ကိုယ်တိုင်က ပြည့်ဝမှ သူတပါးကို ဖြည့်ဆည်းနိုင် မယ်လို့ ယုံကြည်သူတွေပီပီ ကိုယ့်ပဋိဝေဓစခန်းကို နပန်း အရင်လုံး နေကြရတဲ့အတွက် ရပ်ထဲရွာထဲက ပညာချို့တွေကို ပညာမမျှနိုင်တာမျိုးတွေလည်း ရှိလာ နိုင်ပါတယ်။ ဒီလိုနဲ့ချိတ်ချိတ်ချင်း ငြိကြသလို သာသနာကို စောင့်ရှောက်ဖို့အတွက် ဘယ်လမ်း လျှောက်ရမှန်း မသဲကွဲသူတွေနဲ့ လူအရေအတွက်ကို အာရုံကျသူတွေ ချိတ်မိကြတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အလွယ်လမ်းမလိုက်တဲ့ သာသနာ့ဝန်ထမ်း ရဟန်းသံဃာ၊ သီလရှင်များအနေနဲ့လည်း ကိုယ့်ကိုယ်ကို ဖြည့်ဆည်းရုံမက ကိုယ့်ဘေးက ရပ်ရွာသားတွေကိုပါ တပြိုင်တည်း ဖြည့်ဆည်း ပေးကြမှ ဖြစ်မယ်လို့ သဘောထားကြစေချင်ပါတယ်။  အများစုက အလွယ်လမ်း လိုက်ချင်ကြ သူတွေမို့ အခက်လမ်းသမားတွေကို ရှောင်ကွင်းကောင်း ရှောင်ကွင်းကြပါလိမ့်မယ်။  ဒါပေမဲ့ ကိုယ်ကပဲ သူတို့ကို မတွေ့တွေ့အောင် စောင့်တွေ့ပြီး သာသနာစောင့်တရားကို ဝေမျှပေးရမယ့် အနေအထားကို ရောက်နေပြီလို့ ယူဆပါတယ်။ 

အဲဒီအတွက် ကျေးဇူးရှင် ရတနာစစ်ဖြစ်ကြတဲ့ ရဟန်းသံဃာ၊ သီလရှင်တို့ကို လူအများရဲ့ အရိပ်လာ အခိုကို မစောင့်တော့ဘဲ အရိပ်စစ်လိုက်မိုးပေးဖို့ အားထုတ်ခြင်းဖြင့် ထပ်မံကျေးဇူးပြုပေးတော်မူကြဖို့ လျှောက်ထားတောင်းပန်လိုက်ရပါတယ်။ သာသနာသုံးရပ်ကို စောင့်ရှောက်တတ်သော ဗုဒ္ဓဘာသာ ၀င်များ တိုးပွားနိုင်ပါစေ။

မသီတာ (စမ်းချောင်း)

 

Views: 70

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service