ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မဃဒေဝလင်္ကာကျမ်းမှ ကောက်နှုတ်ချက်များ

မဃဒေဝလင်္ကာကျမ်းမှ ကောက်နှုတ်ချက်များ (၁)

 
မဃဒေဝမလင်္ကာကျမ်းသည် မန်လည်ဆရာတော်ကြီး၏ စာပေလက်ရာများအနက် အကျော်ကြားဆုံး ကျမ်းဖြစ်သည်။ ကျမ်းနာမည် အပြည့်အစုံမှာ "မဟာသုတကာရီ မဃဒေဝလင်္ကာသစ်" ဖြစ်သည်။ ဤလင်္ကာသစ်ကို ငယ်ရွယ်စဉ် ပညာသင်ကြားစဉ်အချိန်ကပင် အထူးကြည်ညိုခဲ့ရသည့် နေမိဇာတ်တော်လာ မဃဒေဝမင်း၏ အဋ္ဌုပ္ပတ္တိကို အကျယ်ချဲ့၍ လင်္ကာဖြင့် ဝေဝေဆာဆာ ရေးသားခဲ့ခြင်းဖြစ်သည်။

ဤလင်္ကာသစ် ပထမစာမူကို ၁၂၆၉ ခုနှစ်တွင် မန္တလေးမြို့ ရတနာဒီပံစာပုံနှိပ်တိုက်က ပထမဆုံးပုံနှိပ်သည်။ ဒုတိယစာမူကိုမူ ၁၂၇၆ ခုနှစ်တွင် ရန်ကုန်မြို့ ပြည်ကြီးမဏ္ဍိုင် ပိဋကတ်ပုံနှိပ်တိုက်က ပုံနှိပ်ဖြန့်ချီခဲ့သည်။ ဆရာတော်သည် စာမူကို ၁၂၈၁ ခုနှစ်တွင် ထပ်မံ ပြင်ဆင် ဖြည့်စွက်ခဲ့သည်။ ယင်းမူသည် တတိယမူဖြစ်လာသည်။ မန္တလေးမြို့ ရွှေရေးဆောင်တိုက် တိုက်အုပ်ဆရာတော် ဦးစန္ဒိမာ ကြီးကြပ်၍ ပေထက်အက္ခရာတင်ခဲ့သည်။ ၁၂၈၁ ခု နတ်တော်လဆန်း (၁၃) ရက်နေ့ (၃) နာရီ အချိန်တွင် ပြီးဆုံကြောင်း ယင်း တတိယစာမူကိုပင် ပုံနှိပ်ထားကြောင်း စာအုပ်၏ နိဒါန်းတွင် မာန်လည်စာပေ စောက်ရှောက်ရေး အဖွဲ့က ပုံနှိပ်မှတ်တမ်းအဖြစ် တင်ပြထားသည်။ ယခု စာရေးသူ ကောက်နှုတ်ရာတွင် သုံးသည့်စာအုပ်သည်လည်း မာန်လည်စာပေ စောက်ရှောက်ရေး အဖွဲ့က ၂၀၀၈ ခုနှစ်တွင် အဋ္ဌမအကြိမ်မြောက် ရိုက်နှိပ်ထုပ်ဝေခဲ့သည့် စာအုပ်ဖြစ်ပါသည်။

ကျမ်းပြုဆရာတော်ကို မြန်မာသက္ကရာဇ် ၁၂၀၃ (ခရစ် ၁၈၄၂) တွင် မန်လည်မြို့၌ ဖွားမြင်သည်။ မိဘနှစ်ပါးမှာ မြို့စာရေးကြီး ဦးတင်နှင့် ဇနီး ဒေါ်ဖြေတို့ ဖြစ်သည်။ ၁၂၈၂ ခု (ခရစ်နှစ် ၁၉၂၀)၊ သက်တော် (၇၉)၊ ဝါတော် (၅၉) တွင် ပျံလွန်တော်မူသည်။ ဆရာတော်သည် ပိဋကတ်ကို နိုင်နင်းတတ်ကျွမ်းရုံမျှ မက ဘင်္ဂလီ၊ နာဂရီ၊ ဆင်ဟလ (သီရိလင်္ကာ ဘာသာစကား) စသည့် ဘာသန္တရတို့ကို တတ်ကျွမ်းတော်မူသည်။ ထို့ပြင် ဇာတ် နိပါတ၊ ရာဇဝင်၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ နက္ခတ်ကျမ်းများကို တဖက်ကမ်းခတ် တတ်မြောက်တော်မူကြောင်း "မဃဒေဝလင်္ကာကျမ်း" ကို သေသေချာချာ ဖတ်ကြည့်ပါက သိနိုင်သည်။

ဆရာတော်သည် "အထက် မန်လည်၊ အောက် လယ်တီ" ဟု မော်ကွန်းထိုးရလောက်အောင်ပင် ကျော်ကြားတော်မူပါသည်။ ပတ္တမြားရွှေဂူကို ဝက်များက ညွန်လူး ပွတ်တိုက်သော်လည်း မညစ်သည့်အပြင် ပိုမို၍ အရောင်ထွက်ကြောင်း ငါးရာငါးဆယ် ဇာတ်တော်လာ (၂၈၅) ဇာတ်မြောက် "မဏိသုကရ" ဇာတ်ကိုယူ၍ ရေးဖွဲ့ခဲ့သော "ပတ္တမြား ရွှေဂူ" လေးဆစ်ကဗျာကို လက်ရှိ နဝမတန်း မြန်မာကဗျာ လက်ရွေးစင်တွင် ထည့်သွင်းထားရာ ဆရာတော်ကို ခုခေတ်လူငယ်များလည်း သိကြပါသည်။

မဃဒေဝလင်္ကာသစ်ကျမ်းနှင့် ပတ်သက်၍ နှစ်ဖက်လှ ဆရာ ဦးကျော်လွင် (သ၊ စ၊ အ ဓမ္မာစရိယ၊ မဟာဝိဇ္ဇာ) က "ဆရာတော်ခေါ်ခံရတိုင်း ဆရာတော်ဖြစ်တာ မဟုတ်ဘူး။ တကယ် ဆရာတော်ဖြစ်ချင်ရင် မဃဒေဝကျမ်းကို ကျေနေအောင် လေ့လာထားပါ" လို့ မြန်မာစာပို့ချရင်း ပြောခဲ့သည်ကို (ကိုယ်မလေ့လာမိသော်လည်း) သတိရမိသည်။ နိကာယ်ငါးရပ် ပိဋကတသုံးပုံအပြင် ဂန္ထန္တရကျမ်းများစွာတို့မှ အဆီအနှစ်တို့ကို ထုပ်ပြီး သိပ်သည် ကျစ်လစ်စွာ ထည့်သွင်းထားသောကြောင့် ထိုသို့ ဆရာပြောခြင်းဖြစ်မည်ဟု ထင်ပါသည်။

ဤစာအုပ်ကို အပိုင်း (၆) ပိုင်းဖြင့် ဖွဲ့စည်းထားသည်။ ထိုအပိုင်းများမှ ဒုတိယပိုင်း (၅) သံဝေဂါကာရအခမ်း နှင့် တတိယပိုင်း (၃) ပုတ္တောဝါဒခမ်းမှ ကောက်နှုတ်ထားပါသည်။ ယင်းတို့မှ တဖန် သံဝေဂါကာရအခန်းမှ ကောက်နှုတ်ချက်များကို အမှတ် (၁) ပို့စ်အဖြစ် တင်လိုက်ပါသည်။

ရှင်းလင်းမြင်သာသည့် ဥပမာ၊ တောက်ပြောင်သည့် စကားလုံး၊ ချောမောသည့် အထုံးအဖွဲ့၊ လေးနက်သည့် အဓိပ္ပါယ် စသည်တို့ဖြင့် ပြည့်လျမ်းနေသည့် ဆရာတော်ကြီး၏ လင်္ကာများကို ဖတ်ရှုကာ နှစ်သက် သဘောကျမည်ဟု မျှော်လင့်ပါသည်။

ဖတ်ရှု ဆင်ခြင် အသိဉာဏ်ဝင်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့်
ဘုန်းဉာဏ်
ခေတ္တ စင်္ကာပူ
၂၇၊ ၀၄၊ ၂၀၁၀

မဃဒေဝလင်္ကာကျမ်းမှ ကောက်နှုတ်ချက်များ
(ပိုဒ် ၁၃၁)။ လိပ်ခဲမည်စွာ၊ ဤခန္ဓာ၌၊ သာယာယိမ်းယိုင်၊ မတိမ်းနိုင်ဘဲ၊ စွဲကိုင်အတ္တ၊ သက္ကာယဖြင့်၊ ဝါဒပြင်းစွာ၊ တငါငါနှင့်၊ တဏှာယောက်ျား၊ လက်သမားလျှင်၊ ဆောက်ငြားကြိမ်ကြိမ်၊ ခန္ဓာအိမ်ကို၊ စည်းစိမ်မှတ်ပြု၊ ကိုယ်ဟုမှတ်ထင်၊ တခင်ခင်တည့်။

(ပိုဒ် ၁၃၉)။ ဇရာညီးပြောင်၊ မီးကြီးလောင်လျက်၊ အကောင်ပမာ၊ ဆောင်ရုပ်ဝါနှင့်၊ ငါးဖြာပဉ္စက်၊ ခန္ဓာပျက်ကို၊ သန်လျှက်မိုးချီ၊ မမီမချင်း၊ ငြိုးထားခြင်းဖြင့်၊ အတင်းမကွာ၊ နောက်ထပ်ပါ၍၊ တွေ့ရာသင်းချိုင်း၊ ရပ်မဆိုင်းဘဲ၊ ပိုင်းအံ့ဆတ်ဆတ်၊ လိုက်နေတတ်သည့်၊ သူသတ်ယောက်ျား၊ ရန်သူလားသို့၊ တရားချက်ကျ၊ ပစ္စက္ခဖြင့်၊ လက်ရကိုင်မိ၊ ဒိဋ္ဌသိ၍၊ မချိမဆန့်၊ ပျော်မဝံ့အောင်၊ လတ္တံ့တျားတျား၊ သေမင်းအားကို၊ သောက်စားငံ့ရည်း၊ နေရချည်းဟု၊ ခိုက်ခြည်းစိုက်ခြည်း၊ အမြင်သည်းလျက်၊ လက်တည်းမကွာ၊ အမြဲသာလျှင်၊ မရဏာသတိ၊ ထင်ဘိရကား။

(ပိုဒ် ၁၄၁)။ ဇာတိ ဇရာ၊ ဗျာဓိ မရဏ၊ အပါယနှင့်၊ ဒုက္ခမဆိတ်၊ အတိတ် နာဂတ်၊ ခုဝတ္တမာန်၊ ပစ္စုပ္ပန်ဟု၊ ရှစ်တန်ဝတ္ထု၊ သံဝေစုတွင်၊ အိုမှု ဇရာ၊ ရောက်ခြင်းရာ၌၊ မဟာသံဝေဂ၊ မိုးကြိုးကျသို့၊ ကြီးလှရှိန်စော်၊ ရွှေဥာဏ်တော်ဝယ်၊ ရှုမျှော်မယုတ်၊ ယထာဘုတ်ဖြင့်၊ သမုဒ်ရလှိုင်း၊ စံတုနှိုင်းအောင်၊ ဟုတ်တိုင်းမှန်စွာ၊ ထင်တော်စွာ၏။ အာကာကောင်းကင်၊ စမထင်သို့၊ ဤသင်္ခါရ၊ ဟူသမျှလည်း၊ နစ္စ ဓူဝ၊ သဿတဖြင့်၊ ထာဝရမြဲရာ၊ မယှိစွာဘူး၊ ပေမှာတသီး၊ တသက်ပြီးလျက်၊ ကျီးတသားပေါက်၊ နောက်၌မလာ၊ တကြိမ်သာသို့၊ ဇရာ မရဏ၊ ဤဓမ္မလည်း၊ တဘဝမှာ၊ ဓမ္မတာလှိုင်း၊ သတ္တဝါ ထိုထို၊ တကြိမ်အိုက၊ နောက်ကိုတလည်၊ ပျိုသည်မယှိ၊ သေသည်ထိတည့်၊ သေပြီးနောက်မှာ၊ ဘန်တခါမျှ၊ ပြန်လာ ရှင်လာ၊ မယှိစွာဘူး။ . . . ဝိဇ္ဇာဇော်ဂျီ၊ တပသီနှင့်၊ လောကီဣဒ္ဓိပါဒ်၊ လွန်ကြီးမြတ်သည့်၊ မိုးနတ်ဗြဟ္မာ၊ ဖြစ်စေကာလည်း၊ ပညာဆေးဝါး၊ မန္တြရားဖြင့်၊ ကုစားအရိုး၊ တန်ခိုးဘန်ဆင်း၊ အို သေခြင်းမှ၊ ရှောင်ကွင်းဘယ်မှာ၊ လွတ်နိုင်ရာလိမ့်။

(ပိုဒ် ၁၄၂)။ ခန္ဓာကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍ မပျို၊ အိုသာအိုခဲ့၊ ပျက် ပြိုမဆိတ်၊ တညိတ်ညိတ်ဖြင့်၊ တမှိတ်မစဲ၊ တည် မမြဲရှင့်၊ ဘောက်လဲ ဖြစ်ချုပ်၊ မီးဟုပ်ဟုပ်သို့၊ နာမ် ရုပ် နှစ်ခု၊ ပစ္စည်းပြု၍၊ ပေါင်းစု ဖြစ်ကြ၊ သင်္ခတဟု၊ သဘာဝမျိုး၊ ကောင်း အဆိုးဖြင့်၊ ကြောင်း ကျိုးမျှသာ၊ ထင်စပါ၏၊ အကာအတိ၊ နှစ်မရှိကြောင့်၊ ပကတိကိုယ်၊ မတည်လိုဘူး။ ပုဂ္ဂိုလ် အထု၊ ထိုအစုတွင်၊ အာယု ပုည၊ ခယနှစ်မှာ၊ တဖြာဖြာကြောင့်၊ ဗြဟ္မာတို့အား၊ စုတိငြား၏၊ နှစ်ပါးမည်ထ၊ ထိုခယ၌၊ ဟာရ ကောပါ၊ ထည့်၍သာလျှင်၊ လေးဖြာအပေါင်း၊ နတ်သေကြောင်းတည်း၊ ၎င်းထိုမှ၊ မနုဿကား၊ ခယနှစ်ချက်၊ ဥဘယက်နှင့်၊ လက်နက်ဟူပေ၊ ဥပစ္ဆေဖြင့်၊ လေးထွေအလို၊ လေကြောင်းဆို၏ ၊ ထိုထိုသေခြင်း၊ မကင်းသတ္တ၀ါ၊ သေကြရာနှိုက်၊ ၀ိဇ္ဇာ သိပ္ပ၊ ဣဒ္ဓိစသား၊ ထိုမျှအားလုံး၊ လက်ချဆုံး၏၊ သုံးဆယ့်တစ်ထပ် ဘုံအရပ်ဝယ်၊ မလပ်များစွာ၊ ကျင်လည်ပါသည့်၊ သတ္တဝါ မြတ် ယုတ်၊ ထိုအစုတ်ကား၊ သမုဒြာ၊ စက္ကဝါနှင့်၊ မဟာပထဝီ၊ မေဒနီ မြင်းမိုရ်၊ ယုဂန္ဓိုရ်တို့၊ ပျက်ပြိုဘန်ဘန်၊ ကြိမ်ကြိမ်ပြန်လဲ၊ အလွန်မြဲလှ၊ ခိုင်ခံ့စွသား၊ မူလ နှစ်မြွှာ၊ အ၀ိဇ္ဇာနှင့်၊ တဏှာမြစ်ငုတ်၊ ရင်းမပြုတ်၍၊ မြတ် ယုတ်ဘဝ၊ ဇာတိရက ၊ အိုကြသေကြ၊ မနေရဘူး၊ လူကနတ်က၊ ဖြစ်သမျှပင်၊ မြင်သမျှမျိုး ၊ ဒုက္ခအိုးတည့်၊ လိုစိုးပိုင်ပိုင်၊ တည်မခိုင်ခဲ့၊ မခံနိုင်ပျက်၊ မပျက်နိုင်ခံ၊ ဝဋ်ထုံးစံရှင့်၊ တရံကိစ္စ၊ မသွေရဘူး၊ ဒုက္ခမြဲစွာ၊ ဓမ္မတာဖြင့်၊ ဇရာ မရဏ၊ ဆုံးဌာနဟု၊ဘဝစက်ဝိုင်း၊ ဤဆစ်ပိုင်းကား။ ။ဖြစ်တိုင်းရောက်နေ ခရီးတည်း။

(ပိုဒ် ၁၄၃)။ ကာယဟူဘိ၊ နားမျက်စိနှင့်၊ ဣတ္ထိ ပုရိသ၊ ဖြစ်လာကြတိုင်း၊ ရုက္ခသီးပွင့်၊ ခါမလင့်ဘဲ၊ ရင့် တဖုတ် ဖုတ်၊ ကင်းဖြုတ်ဖြုတ်ဖြင့်၊ ညှာပြုတ်ကြွေကျ၊ မမြဲကြသို့၊ ဘဝပျက်ပြို၊ လူထိုထိုကား၊ ရွယ်ပျို ရွယ်လတ်၊ ကျန် မလွတ်သည်။ ။မချွတ်သေအံ့ အပြီးတည်း။

 

မဃဒေဝလင်္ကာကျမ်းမှ ကောက်နှုတ်ချက်များ (၂)

(ပိုဒ် ၂၀၀)။ ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီး ငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်း ကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏။

(ပိုဒ် ၂၀၂)။ မစွေ မစောင်း၊ မှန်လမ်းကြောင်းဖြင့်၊ ထိန်းကျောင်းသတိ၊ စောင်းကြိုးညှိသို့၊ စောင့်ဘိပညာ၊ မလစ်ရာဘူး၊ မင်းမှာ ကပ်နေ၊ လူမွှေယောက်ျာ၊ မင်းစေများတို့၊ လျှပ်ဝါးသမှု၊ ပေါက်လွတ်ပြုက၊ ပြည်သူ့မီးဖွား၊ ဟူတုံငြား၏၊ ပြည်သားပြည်သူ၊ ကျွတ်ကျွတ်ဆူအောင်၊ လောင်ပူ မချမ်း၊ စိတ်ဝမ်းမသာ၊ ဖြစ်တတ်စွာ၏။

(ပိုဒ် ၂၀၄)။ မာန်ပြင်း ဝေကာ၊ လွန်တင်းမာ၍၊ ပညာမရှု၊ ကဲမပြုနှင့်၊ ရာဟုစက်အိမ်၊ နဝင်းကြိမ်လျက်၊ မိုးတိမ်ဆီးနှင်း၊ အုပ်မိလျှင်းကား၊ နေမင်း လမင်း၊ လေးကျွန်းဝင်းလည်း၊ မလင်းနိုင်ရာ၊ ညှိုးကြစွာ၏။

(ပိုဒ် ၂၁၂)။ လူတို့ကိစ္စ၊ လူ့လောကနှိုက်၊ ပြုသမျှမျိုး၊ ပြစ် အကျိုးတို့၊ ကောင်းဆိုး အတိ၊ မြဲမယှိဘူး၊ လောကီ့ထုံးစံ၊ လောကဓံကား၊ မကြံလည်းဖြစ်၊ ကြံလည်းနစ်၏၊ စင်စစ်မှတ်သား၊ မယုံမှားနှင့်၊ ယောက်ျားတကာ၊ အားထုပ်ရာသည့်၊ ကြီးစွာလုံ့လ၊ ဝါယာမမူ၊ မချကောင်းချေ၊ မလွတ်စေနှင့်၊ မသေမချင်း၊ ပြုအပ်နှင်း၏၊ မယွင်းမှန်လှ၊ ဤလောကနှိုက်၊ လုံ့လမမူ၊ နတ်မကူဘူး၊ လူလည်းလုံ့လ၊ နတ်လည်းမ၏။

(ပိုဒ် ၂၂၁)။ မိမိကိုယ်ကို၊ ကြီးပွားလိုက၊ အတိုမပြု၊ အရှည်ရှုလော့။

(ပိုဒ် ၂၃၆)။ ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့။

(ပိုဒ် ၂၄၅)။ ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်နှိုက်၊ ဥာဏ် ဝီရိယ၊ ပယောဂတည့်၊ ကာလ ဒေသ၊ ပုဂ္ဂလကို၊ နှိုင်ဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုးကောင်းရှင့်၊ သူဟောင်းရှေးက၊ ဆိုကုန်ကြ၏။ လုံ့လမထူ၊ ဥာဏ်မကူဘဲ၊ အယူတချောင်း၊ ကံတကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလဲကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဥာဏ်ဖြင့်၊ သင့် မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုံ့လ၊ ယှိအပ်စွတည်း၊ တငါ့လက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင် ငါးကို၊ မှတ်သားဝမ်းထဲ၊ နည်းယူစွဲလော့။

(ပိုဒ် ၂၄၆)။ ယွင်းဘောက်သမ္မာ၊ ယူမိစ္ဆာနှင့်၊ ပညာမဲ့သူ၊ လူဟူသမျှ၊ လူ့ဗာလတို့၊ မိဘ ဆရာ၊ ဆုံးမပါလည်း၊ တမာသို့ ခါး၊ နားနှိုက်မသာ၊ မလိုက်နာဘဲ၊ လိုရာမြှောက်ငြား၊ သူ့စကားသာ၊ ပျားသို့ချိုပြီး၊ နားမငြီးဘူး၊ ဘေးကြီးရောက်မှ၊ မိမယ်တ၍၊ ထိုဗာလဆိုး၊ လူမိုက်မျိုးတို့၊ ကိုးရာမထင်၊ မိုးမမြင်ခဲ့။

(ပိုဒ် ၂၄၉)။ ပယောဂစက်၊ ပျက်သည်သူအား၊ လူကိုထား၍၊ ဘုရားသော်မှ၊ ကယ်မရဘူး။

(ပိုဒ် ၂၅၀)။ ပညာယှိမြတ်၊ ဗောဓိသတ်တို့၊ နက္ခတ်ယှဉ်ရာ၊ အခါဖင့်နှေး၊ နေ့မရွှေးဘူး၊အရေးလက်ရောက်၊ မျက်မှောက်ကျိုးထင်၊ ရခြင်းပင်သာ၊ ဤလျှင်သင့်မြတ်၊ ကောင်းနက္ခတ်တည့်၊ အမှတ်မသွေ၊ မလွန်စေနှင့်။

(ပိုဒ်၂၅၄)။ ဓနမူကား၊ နည်းငြားပစေ၊ တွင်းထွက်ရသို့၊ ဗိုလ်ခြေအားလုံး၊ သောက်သုံးချမ်းသာ၊ ပြီးတတ်စွာရှင့်၊ သဒ္ဓါမရှေး၊ မပေးမလှူ၊ မုန်းဆေးဟူ၏၊ ပေးလှူတတ်သော်၊ ချစ်ဆေးကျော်တည့်၊ လူ့ဘော်ဌာန၊ဤလောကနှိုက်၊ စိတ်ကကြည်စွာ၊ စေတနာနှင့်၊ သဒ္ဓါဝမ်းတွင်း၊ ပေးကမ်းခြင်းကား၊ ရခြင်းထက်သာ၊ ဝမ်းမြောက်စွာသည်၊ မင်္ဂလာလွန်မြတ်၊ ဖြစ်သတတ်ရှင့်။

(ပိုဒ် ၂၅၅)။ အလောင်းတို့နှယ်၊ မေတ္တာကြွယ်၍၊ ကယ်ဆယ်တတ်ငြား၊ သူတို့အားလည်း၊ ပြစ်မှာ ဘယ်ခါ၊ မပြုရာဘူး၊ ပြုပါတတ်သူ၊ လူ မဟူဘူး၊ လူတွင်ယုတ်မာ၊ မိုက်ဆုံးစွာတည့်၊ ပညာ မယှဉ်၊ အကတညု၊ လူ့ပါပိယ၊ ဟူသမျှကား၊ မိဘကိုလျက်၊ ကျေးဇူးဖျက်၍၊ အပျက်ကိုသာ၊ ပြုတတ်စွာခဲ့၊ မိစ္ဆာယွင်းခွ၊ ထိုဗာလကို၊ သားလှ လိမ္မာ၊ ကွင်းသွေခွါလော့၊ ဒုရာဇီဝ၊ ဒုစာရနှင့်၊ သီလငါးပါး၊ လူ့တရားကို၊ ပယ်ယှား မကြိုက်၊ ထိုသူမိုက်လည်း၊ လူနှိုက် လူရာ၊ မဝင်စွာတည့်။

(ပိုဒ် ၂၅၆)။ လူ့ပြည်ဘဝ၊ လူ့လောကနှိုက်၊ ထကြွရေးရာ၊ လိမ္မာစွာနှင့်၊ ဘွေရှာရငြား၊ ဥစ္စာများကို၊ ပျက်ပြားမပျောက်၊ ယွင်းမထောက်အောင်၊ စောက်ရှောက်နိုင်ထ၊ သီလ သဒ္ဓါ၊ ပညာယှိပေါင်း၊ မိတ်ကောင်းအမြဲ၊ မှီဝဲပေါင်းဖော်၊ မမော် မကြွား၊ ပလွှား မဝါ၊ မျှကာသက်မွေး၊ ကျင့်ရေး စတု၊ ဤလေးခုတို့၊ ယခု ဒိဋ္ဌ၊ ပစ္စက္ခနှိုက်၊ ဟိတချမ်းသာ၊ ပွားကြောင်းလာ၏၊ သဒ္ဓါ သီလ၊ စာဂ ပညာ၊ ဤလေးဖြာမူ၊ နောင်လာ သုခ၊ ရအံ့ အကြောင်း၊ မှန်တုံရှောင်းဟု၊ ဂုဏ်ပေါင်းထွတ်တင်၊ သုံးလူ့ရှင်တို့၊ မိန့်ကျင်မုချ၊ ဟောကုန်ကြ၏။ ဒိဋ္ဌ တမလွန်၊ ကျိုးနှစ်တန်ကို၊ အမှန်မုချ၊ မမြင်ကလျှင်၊ အန္ဓစက္ခု၊ လူဟုမည်ကာ၊ ပညာမျက်စိ၊ မယှိဖြစ်ဆန်း၊ နှစ်ဘက်ကန်းတည့်၊ လူမှန်းသိရုံ၊ ကံမယုံပဲ၊ မစုံမလင်၊ မျက်မှောက်တွင်သာ၊ အမြင်ဒိဋ္ဌ၊ တဘက်လှကား၊ ဧက စက္ခု၊ နှစ်စုအကျိုး၊ စုံပြည့်ဖြိုးအောင်၊ ထိုးထိုးထွင်းထွင်း၊ မြင်တတ်လျှင်းမူ၊ ထိုသသူကို၊ လူတွင် ပဏ္ဍိ၊ မည်ယှိခေါ်ပြု၊ ဒွိ စက္ခုတည့်၊ မောင်ပုရွှေစင်၊ ဘသက်တင်လည်း၊ အမြင်မျက်စိ၊ နှစ်ဘက်ရှိအောင်၊ သတိသမ္မာ၊ မကင်းကွာဘဲ၊ ပညာဝမ်းတွင်၊ အမြဲထင်၍။ ။ ဆင်ခြင် တိတ်တွေး စာနာတည်း။

(ပိုဒ် ၂၆၀)။ မိစ္ဆာ မောဟ၊ မှောင့်နယ်ကျလျက်၊ ချို့ကတထူး၊ ကံစုန်းပြူးနှင့်၊ ဉာဏ်ရူးမွဲတေ၊ လူရှုပ်တွေလည်း၊ ကဝေနတ်မော်၊ ရူးဆေးဘော်၍၊ အကြော်တငြာ၊ ငါဆရာဟု၊ ပညာယောင်ဝါး၊ မြင်းမိုရ်ဖျားက၊ သိကြားကိုမျှ၊ အနေရအောင်၊ ခေါ်ချနိုင်ကြောင်း၊ ဟူတုံရှောင်း၏၊ ဆေးကောင်းစွမ်းအန်၊ မန္တန်သတ္တိ၊ သိဒ္ဓိပြီးယောင်၊ ဟန်ဆောင်ဝါကြွား၊ ထောင်ပလွှားလျက်၊ စိတ်ကား ဣန္ဒာ၊ နှုတ် ဝိဇ္ဇာတည့်၊ ကိုယ်မှာ ဖွတ်လား၊ ခေါင်းစုတ်ဘွားနှင့်၊ ခေါင်းပါး မွဲပြာ၊ ဆင်းရဲစွာ၏၊ သမ္မာဝါယာ၊ သမ္မာသင်္ကပ်၊ မစပ်တရား၊ ကောင်းကြံယှားတိုင်း၊ ကြိုးစား ပမ်းစား၊ လူဝိုးဝါးတို့၊ မပွားပညာ၊ ချည်းနှီးသာတည့်၊ ထင်ရာမှန်းလျက်၊ မျက်ကန်း လမ်းသွား၊ ပြုတုံငြားလည်း၊ မှန် မှားမသိ၊ ကျိုးမယှိရှင့်၊ ဝိစိကိစ္ဆာ၊ များရုံသာဖြင့်၊ အဝိဇ္ဇာတုံး၊ မြင်းမိုရ်ဖုံးသို့၊ လုံးလုံး မသိ၊ မောဟဘိ၏။
ဖတ်ရှု ဆင်ခြင် အသိဉာဏ်ဝင်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့်
ဘုန်းဉာဏ်
ခေတ္တ စင်္ကာပူ

Views: 231

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service